Latest News

Friday, January 13, 2017

“ကြိုး”

“ကြိုး”

ပန်းအိုးလည်းကျမကွဲခဲ့ပါ….
ခလုတ်လည်းမတိုက်မိခဲ့ပါ….
လျှာလည်းမကိုက်မိခဲ့ပါ.....
အပေါ်မျက်ခုံး အောက်မျက်ခုံးတွေလည်းမလှုပ်ခဲ့ပါ…..
စိတ်တွေလည်းလေးလံမနေခဲ့ပါ…..
ခါတိုင်းနေ့များလိုပင် သူက ကျမကို ကျမလို့ခေါ်ခဲ့ပြီး ကျမကလည်းသူ့ကို သူလို့ခေါ်ခဲ့ပါသည်……
သူ သည် ကျမကို ကျမ ကျမ လို့ နာမ်စားသုံးသုံးပြီးပြောတတ်လွန်းလို့ ကျမ ရယ် ကျမကို ကျွန်တော်
ကျမလို့ပဲ ခေါ်ရမှာလားတဲ့….
ကျမ ကို ကျမ လို့ပဲခေါ်ပါ….ကျမက ကျမကို ကျမလို့ခေါ်တာကိုပဲကြိုက်တယ်ဆိုတော့
သူက အဲ့ဒီအချိန်ကစလို့ ကျမကို ကျမ လို့ပဲခေါ်တော့မယ်နော်တဲ့……

………………………………………………………

ကျမ လေ အဲ့ဒီဗွက်တော ရွှံ့တော ထဲကရုန်းထွက်ချင်စိတ်တစ်ခုရယ်ကြောင့်သာ
ကျမ ရွာလေးကိုထားခဲ့ရတာ…အမေက ကျမကို မခွဲနိုင်တော့ ပြောရှာတယ်….
သမီးရယ် ရှစ်တန်းဆိုတဲ့ အတန်းကြီးတောင် အောင်ပြီးနေပြီပဲတဲ့…
ဘာတွေကိုဆက်သင်ချင်သေးတာတဲ့လဲတဲ့….အမေဆို စာတစ်လုံးမှမတတ်ပဲ ရပ်တည်လာခဲ့တာ သမီးတစ်သက်ပဲတဲ့လေ…
ဟင့်အင်း….ဟင့်အင်း… အဲ့ဒီ စာမတတ်တာကြီးကို မုန်းတယ်…ကျမ စာတွေသင်ချင်တယ်…ကျမ စာတွေတတ်ချင်တယ်….
ကျမ ကို အဲ့ဒီ စာတွေရှိတဲ့အရပ်ကိုပို့ပေးပါ အမေ….ကျမ ကို ကျမ ဖြစ်ခွင့်ပေးပါ...မေမေ….

………………………………………..

သူ ကျမ ကို လာတောင်းမယ်တဲ့ မေမေ….
သမီးရယ်…
အေးလေ…ပြောမဲ့သာပြောရတယ် သမီးလည်း ငယ်တော့တာမှမို့တာ…သီးချိန်တန်သီးဆို ငါ့သမီးလေးက အခုဆို
ဘွဲ့ရပြီး အလုပ်ဝင်နေတာတောင် မနဲကြာခဲ့ပြီပဲ….
သူက သမီးကိုမေတ္တာတစ်သက်စာ ထားနိုင်မယ်လို့ သမီးကယုံကြည်တယ်လား….
မသိဘူး မေမေ…..
သူက ကျမကို ကျမ လို့ခေါ်တယ်….

…………………………………..

ကျမက ကျမ အဖြစ် ဆက်ရှိနေခဲ့ပြီး သူက သူအဖြစ်ဆက်ရှိနေခဲ့သည်….
သူသည် တော်သည့်နေရာတော်၍ ချော်သည့်နေရာချော်သည်….
ကျမသည် ပျော်သည့်အခါပျော်၍ မပျော်သည့်အခါငိုသည်…
တစ်ခါတစ်ရံ ရီနေတတ်သည့် ကျမကို သူက ချစ်ပါသည်တဲ့….
ကျမကလည်း ကျမ ပဲ…ဒါဆို ငိုရင်ကောဆိုတော့…
မငိုအောင်ထားမှာပေါ့တဲ့…..သူ့ရဲ့ အပြောလေးတွေကြောင့် ကျမပျော်ရသည်…..
သူသည် ကျမကို ချစ်၍ ကျမ သည် သူ့ကိုချစ်ခဲ့သည်….
သူသည် ကလေးအဖေဖြစ်၍ ကျမသည်လည်း ကလေးအမေဖြစ်ခဲ့သည်…
သူက အခုအချိန်အထိ ကျမကို ကျမလို့ခေါ်တုန်းပါပဲ…မေမေ….

……………………………………………

ဒဏ်ရာတွေနှင့် သူ့ကိုမြင်တော့ ကျမ မျက်ရည်ကျရသည်….
သူ လည်း ကျမကို မြင်တော့ မျက်ရည်တွေစီးကျလာခဲ့သည်….
သူ သည် သူအဖြစ်ရှိနေသေးပြီး…..
ကျမ သည်လည်း ကျမအဖြစ်ရှိနေသေးသည်…..
သူ နှင့် ကျမ သည်မြေးတွေ အတူချီကြဦးမည်…………….။

ဇာနည်မောင်မောင်ကျော်

ဓါတ်ပုံ။     ။ အင်တာနက်....။

No comments:

Post a Comment