Latest News

Monday, January 9, 2017

"အကြင်နာတရား ပညာစွမ်းအားဖြင့် လောကသားတို့ကို ကယ်တင်သူ"ပါမောက္ခချုပ်ဆရာတော်၏ နှစ်ဦးတရားပွဲ

"အကြင်နာတရား ပညာစွမ်းအားဖြင့် လောကသားတို့ကို ကယ်တင်သူ"ပါမောက္ခချုပ်ဆရာတော်၏ နှစ်ဦးတရားပွဲ


❖ လောကမှာ အများအကျိုးကို ဆောင်ရွက်နိုင်တဲ့သူမှာ အရည်အချင်း (၂)မျိုး ရှိရပါမယ်။
(၁) အကြင်နာ၊
(၂)ပညာ ဖြစ်ပါတယ်။

ဒီ (၂)မျိုး ကြီးမားရင် ကြီးမားသလောက် လောကအကျိုးဆောင်ရာမှာ အောင်မြင်မှု ပေးစွမ်းနိုင်ပါတယ်။

❖ အကြင်နာ ဆိုတာက ကရုဏာ ပါပဲ။
ပညာဆိုတာက အမြော်အမြင်ပါပဲ။
ကရုဏာရှိရင် အခက်အခဲတွေ့သူတွေကို ထောက်ထားတယ်၊ လျစ်လျူမရှုဘူး။
အများအကျိုးဆောင်ရာမှာ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။
ကရုဏာ ရှိရုံနဲ့လည်း မပြီးသေးပါဘူး။

❖ ဒုတိယ အရေးကြီးတဲ့ အချက်က ပညာပါ။ ပညာမရှိရင် အများအကျိုးပြုရာမှာ မအောင်မြင်ဘဲ နှိပ်စက်ရာ ရောက်တတ်ပါတယ်။
ရေနစ်သူကို ၀ါးနဲ့ဆယ်ရာမှာ ဆယ်ရာမရောက်ဘဲ ၀ါးကူထိုးသလိုလည်း ဖြစ်တတ်ပါတယ်။
တိုင်းပြည်တစ်ခု ကြီးပွားအောင်/လူသားတွေ အကျိုးရှိအောင် ဆောင်ရွက်ရာမှာ ပညာရှိမှသာ နည်းလမ်းတကျ ဖြစ်ပြီး ကောင်းကျိုးတွေ ဖြစ်ထွန်းပါမယ်။
အခက်အခဲတွေ ကျော်ပါမယ်။
အနှောင်အဖွဲ့တွေ လွတ်ပါမယ်။
အကြင်နာနဲ့ အမြော်အမြင်ဟာ အချိုးညီရပါမယ်။

❖ ဒီ (၂)ချက် အချိုးညီဆုံး အပြည့်ဝဆုံး အကြီးမားဆုံးသူဟာ မြတ်စွာဘုရားသာ ဖြစ်ပါတယ်။
လောကမှာ အလုပ်လုပ်ဆုံးသူဟာ မြတ်စွာဘုရားပါပဲ။
ဆွမ်းမစားမီလည်း အလုပ်လုပ်တယ်။(ပုရေ ဘတ္တကိစ္စ)
ဆွမ်းစားပြီးလည်း အလုပ်လုပ်တယ်။(ပစ္ဆာဘတ္တ ကိစ္စ)
ညအချိန်ကိုလည်း ၃ပိုင်းခွဲပြီး
- ပထမယာမ်မှာ (ညနေ ၆ - ၁၀) လူတွေကို တရားဟောတယ်။
- ဒုတိယယာမ်ရဲ့ ရှေ့ပိုင်းကို နတ်ဗြဟ္မာတွေကို တရားဟောတယ်။ (၃၈ဖြာ မင်္ဂလာ တရားတော် ဟောကြားတော်မူပုံကြည့်ပါ)
နောက်ပိုင်းမှာ လင်္ကျာဖက်စောင်းပြီး ခေတ္တနားနေတော်မူပါတယ်။

❖ ပစ္ဆိမယာမ်မှာ သဗ္ဗညုတရွှေဥာဏ်တော်နဲ့ ဖြန့်ကျက်ပြီး ကျွတ်ထိုက်သောသတ္တ၀ါကို ကြည့်ပါတယ်။ ဘယ်လောက်ဝေးဝေး ကြွပြီး ကယ်ပါတယ်။
ဘယ်လိုကယ်သလဲဆိုတော့ သတ္တ၀ါရဲ့သန္တာန်မှာ အသိဥာဏ်ရှိပြီး ပညာအရည်အချင်းတက်လာအောင် ပညာဖြင့်ကယ်တော်မူတာပါ။
မိုးသောက်ချိန် အရုဏ်မတက်ခင် အဖြူရောင်လေး သန်းလာချိန်ကတည်းက သတ္တ၀ါတို့အကျိုး သည်ပိုးဖို့ အလုပ်လုပ်တာ မဟာကရုဏာတော်ကြီးပါပဲ။
ရှင်သာရိပုတြာရဲ့ ပဋိသမ္ဘိဒါမဂ် ပါဠိတော်မှာ မြတ်စွာဘုရား လောကသားတို့ရဲ့လိုအပ်ချက်ကို ကြည့်ပြီး ကူညီဖို့ အသင့်ဖြစ်နေပုံကို ဟောထားပါတယ်။

● "ငါ အခက်အခဲတွေကို ကျော်လွှားနိုင်သလို
    လောကသားတွေ မကျော်လွှားနိုင်သေးဘူး။

● ငါအနှောင်အဖွဲ့တွေက လွတ်မြောက်သလို
   လောကသားတွေ မလွတ်မြောက်ကြသေးဘူး။

● ငါ အရာရာကို ရင်ဆိုင်ဖို့ လေ့ကျင့်ပြီးသလို
   လောကသားတွေ မလေ့ကျင့်ရသေးဘူး။

● ငါ စိတ်နှလုံးအေးချမ်းမှုရသလို လောကသားတွေ
   မရသေးဘူး။

● ငါ သက်သာခွင့်ရသလို လောကသားတွေ
   မရသေးဘူး။

● ငါ စိတ်နှလုံးပူပန်စေတဲ့ အပူတရားတွေ
   လုံးဝချုပ်သလို လောကသားတွေ မချုပ်ကြသေးဘူး။"

● လောကသားတွေရဲ့ အခက်အခဲကို ငါကယ်မယ်။

● ငါ ကျော်လွှားသလို /ငါလွတ်မြောက်သလို/

● ငါလေ့ကျင့်ပြီးသလို/ငါ အေးချမ်းသလို/

● ငါ သက်သာခွင့်ရသလို/ငါ အပူတွေချုပ်သလို လောကသားတွေလည်း ဖြစ်အောင် စွမ်းဆောင်ဖို့ နည်းလမ်းကို အကဲခတ်ပြီး သိတော်မူပါတယ်။

❖ လောကမှာ Medical check up လုပ်မှ ရောဂါရှိမရှိ သိသလို
Mental check up ခေါ်တဲ့ ကိုယ့်စိတ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် အကဲခတ်ရပါမယ်။
မြတ်စွာဘုရားဟာ အကြင်နာတရားကြီးမားစွာနဲ့ လောကသားတို့ရဲ့ အခက်အခဲကို သိပြီး အနှောင်အဖွဲ့တွေက လွတ်မြောက်ကျော်လွှားဖို့ နည်းစနစ်တွေ ပြခဲ့ပါတယ်။

❖ ဒီကနေ့ဟာ မြန်မာနိုင်ငံရဲ့ ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။
ကိုယ့်နိုင်ငံကို အုပ်စိုးသူတွေထံက လွတ်လပ်ရေးတောင်းဆိုပြီး ကိုယ်ကြိုက်တဲ့စနစ် ကိုယ်တိုင် ရွေးချယ်တဲ့လမ်းကို ကိုယ်လျှောက်ကြတဲ့ နေ့ဖြစ်ပါတယ်။

❖ လွတ်လပ်ပြီလို့ ပြောပေမယ့် တကယ့် လွတ်လပ်ခြင်း Freedom မဖြစ်တာတွေ လူတိုင်းမှာ ရှိပါတယ်။
လူတိုင်းမှာ မိသားစု/စီးပွားရေး/လူမှုရေး/ကျန်းမာရေး/ပတ်ဝန်းကျင် ..စတဲ့ ပူပန်သောကတွေ ရှိနေတတ်ကြပါတယ်။ အဲဒါ အနှောင်အဖွဲ့တွေပါပဲ။

❖ မြတ်စွာဘုရားဟောခဲ့တဲ့ အနှောင်အဖွဲ့တွေက…

(၁) ရာဂ ခေါ်တဲ့ တွယ်တာမှု
ပိုးအိမ်လုပ်တဲ့ ပိုးကောင်ဟာ သူထုတ်တဲ့ ချည်မျှင်နဲ့ပဲ ကိုယ့်ကိုကိုယ် ရစ်ပတ်နေမိသလို သတ္တ၀ါတွေဟာလည်း လူ/ပစ္စည်း/ရာထူး စတာတွေမှာ တွယ်တာပြီး နှောင်ဖွဲ့မိမှန်းတောင်မသိ၊ ရုန်းထွက်ဖို့ အားကုန်နေတတ်ကြပါတယ်။

(၂) ဒေါသ - အမုန်းတရားကနေလည်း မရုန်းနိုင်ကြပါဘူး။
Terrorism ဆိုတဲ့ အကြမ်းဖက်မှု အာဃာတ တရားတွေကြောင့် အငြိုးအတေးနဲ့ ငြိမ်းချမ်းမှုတွေ ဆုံးရှုံးနေရပါတယ်။

(၃)မောဟ ဆိုတဲ့ တွေဝေမှုကြောင့် လုပ်သင့် ပြောသင့်ကြံသင့် တာတွေ မလုပ် မပြော မကြံ၊ မလုပ်သင့်/မပြောသင့်/မကြံသင့်တာတွေ လုပ်/ပြော/ကြံ ပြီး ဆုံးရှုံး ဒုက္ခရောက်ကြရပါတယ်။

(၄)မာန - ကိုယ်ဘာမဆို လုပ်နိုင်တယ်/ဖြစ်တယ် အထင်ရောက်ပြီး လေးစားရမှာတွေ မသိ၊ ဆုံးမမှုတွေ လက်မခံ ရာက ဒေါသတွေပါလာပြီး မငြိမ်းချမ်းကြတော့ပါဘူး။
ကိုယ်လုပ်တာမှ မှန်တယ်ထင်၊ သူများလုပ်ရင် မှားတယ်ထင်။
မာနကလွတ်မှ မှားမှန်သိပြီး ဆုံးဖြတ်ချက်တွေ မှန်ပါမယ်။

(၅) ဒိဋ္ဌိ - သူ့အမြင် ငါ့အမြင် မတူရာက အငြင်းပွားဖွယ်တွေ ဖြစ်လာရပါတယ်။

(၆)အခြား ကိလေသာများ - မနာလိုမှု ဣဿာ (Jealousy)၊ ၀န်တိုမှု မစ္ဆရိယ၊ ကိုယ့်အပြစ်ဖုံးမှု(မာယာ)၊ မရှိတဲ့ ဂုဏ်ဟန်ဆောင်မှု (သာဌေယျ)ဆိုတာလည်း အနှောင်အဖွဲ့တွေပါပဲ။

(၇) ဒုစရိုက်တရား - အခုခေတ်မှာလည်း ဒုစရိုက်တွေမှာ ပျော်မွေ့ပြီး မရုန်းထွက်နိုင်တာတွေ တွေ့နေရပါတယ်။
ငြိမ်းချမ်းတဲ့အချိန်တုံးက အိမ်တွေမှာ တံခါးမရှိ၊ ကလေးငယ်တွေကို မိဘရင်ခွင်ထက် တင်ပြီး ပျော်နိုင်ကြ၊ တစ်ယောက်နဲ့တစ်ယောက် ချစ်သောမျက်လုံး ပြုံးသောမျက်နှာနဲ့ ဆက်ဆံ ခဲ့ကြပါတယ်။
အခု ကလိယုဂ်ခေါ်တဲ့ ဆုတ်ကပ်ကြီးမှာ လူ ၄ ယောက်မှာ ၁ ယောက်ပဲကောင်းတော့တဲ့ ခေတ်ဖြစ်နေပါပြီ။ တစ်ယောက်တောင် ပြည့်ရဲ့လား မပြောနိုင်၊ တစ်ခြမ်းလောက် မကောင်းတော့အောင် ဖြစ်နေပါပြီ။ ( သီတဂူ ဆရာတော်ကြီးလည်း ၄ချောင်းထောက်မှာ ခြေတစ်ချောင်းပဲ ကျန်တော့တယ်လို့ ဟောသွားပါတယ်)
ဒီလို အနှောင်အဖွဲ့တွေက လွတ်မယ့် နည်းလမ်းတွေကို မြတ်စွာဘုရားက ကရုဏာ ပညာနဲ့ လမ်းညွှန်သွားပါတယ်။

■ (၁) ရာဂက လွတ်ဖို့ မမြဲသောတရားကို
        ဆင်ခြင်ရပါမယ်။
■ (၂)ဒေါသက လွတ်ဖို့ မေတ္တာတရားနဲ့ နေရပါမယ်။
■ (၃) မောဟက လွတ်ဖို့ အသိပညာ ဆည်းပူးရပါမယ်
■ (၄)မာနက လွတ်ဖို့ လေးစားအပ်တဲ့ ပုဂ္ဂိုလ်တွေကို
       လေးစားရပါမယ်။
■ (၅)ဒိဋ္ဌိက လွတ်ဖို့ သူ့အမြင် ကိုယ့်အမြင်
       နှိုင်းယှဉ်စဉ်းစားရပါမယ်။
■ (၆)ဣဿာ၊ မစ္ဆရိယက လွတ်ဖို့
      သူတစ်ပါးကြီးပွားတာကို ၀မ်းသာရပါမယ်။
■ (၇)ဒုစရိုက်တရားတွေက လွတ်ဖို့
       သုစရိုက်တရားတွေ ပွားရပါမယ်။

✿ မြတ်စွာဘုရားက သက်သာခွင့်ရဖို့ နည်းလမ်းတွေ ညွှန်ပြီး လွတ်မြောက်ရေး လမ်းပြခဲ့ပါတယ်။
ငါ/ငါ့ဟာ/အမျိုးသား အမျိုးသမီး ဆိုတဲ့ အထင်တွေကို သေချာ analyze လုပ်ရင် concept အထင်တွေသာ ဖြစ်တယ်ဆိုတာ သိလာမှာပါ။
အမြစ်/အခေါက်/အခက်/အကိုင်း/အရွက် တစ်ခုစီခွဲကြည့်ရင် သစ်ပင်ဆိုတာ မရှိသလို
လူမှာလည်း သူ့အကြောင်းနဲ့သူ ဖြစ်နေတဲ့ ရုပ်နာမ် ၂ ပါးသာ ရှိတယ်ဆိုတာကို Insight Meditation ခေါ်တဲ့ ၀ိ = သူများနဲ့ မတူ
ပဿနာ = ရှုမြင်သုံးသပ်မှု လုပ်ကြည့်ရင် ထိုးထွင်းသိမြင်လာပါမယ်။

✿ ငါ့ဟာ/ငါလုပ်နိုင်တယ်/ငါ ဆိုတဲ့ တဏှာ/မာန/ဒိဋ္ဌိ နဲ့ မစွဲတော့တဲ့အခါ တကယ့် လွတ်မြောက်မှု Freedom ဆိုတဲ့ ၀ိမုတ္တကို ရလာပါမယ်။
လွတ်မြောက်တဲ့သူဟာ လွတ်အောင် အမှန်သိအောင် လုပ်ပေးတဲ့ပုဂ္ဂိုလ်ကို ကျေးဇူးတင်တတ်လာပါတယ်။

✿ "ဗုဒ္ဓေါ သောဘဂ၀ါ
ဗောဓာယျ ဓမ္မံဒေသေတိ။
ထိုမြတ်စွာဘုရားသည် သစ္စာ (၄)ပါး အမှန်တရားကို ကိုယ်တော်တိုင် ထိုးထွင်းသိတော်မူပြီး၍
သတ္တ၀ါများ အမှန်သိစေဖို့ ဓမ္မတရားတော်ကို ဟောပြတော်မူလေပြီ ။
သတ္တ၀ါများ လေ့ကျင့်ပြီးဖြစ်စေဖို့ ဓမ္မတရားတော်ကို ဟောပြတော်မူလေပြီ ။
သတ္တ၀ါများ အေးချမ်းမှုရပြီးဖြစ်စေဖို့ ဓမ္မတရားတော်ကို ဟောပြတော်မူလေပြီ ။
သတ္တ၀ါများ အခက်အခဲကျော်လွှားနိုင်စေဖို့ ဓမ္မတရားတော်ကို ဟောပြတော်မူလေပြီ ။
သတ္တ၀ါများ ကိလေသာချုပ်စေဖို့ ဓမ္မတရားတော်ကို ဟောပြတော်မူလေပြီ ။"
နှုတ်ဖျားက ၀တ်ကြေတန်းကြေ ကျေးဇူးတင်တာ မဟုတ်ဘဲ ရင်ထဲက တကယ် ကျေးဇူးတင်တတ်လာပါမယ်။

❖ မြန်မာပြည်သူပြည်သား အပေါင်းတို့လည်း ပညာရှိမှ အနှောင်အဖွဲ့ကို သိပြီး အခက်အခဲကျော်နိုင်မှာ ဖြစ်တဲ့အတွက် သုတဆည်းပူးပြီး စစ်မှန်တဲ့ လွတ်လပ်ရေးရအောင် မြတ်စွာဘုရား ဆုံးမတော်မူသည့်အတိုင်း အနှောင်အဖွဲ့မှ လွတ်မြောက်ရေး နည်းလမ်းကောင်းများ လိုက်နာကျင့်သုံးကြမယ်လို့ နှစ်သစ်ကူး သန္နိဋ္ဌာန်ချကြဖို့ ဆရာတော်ကြီးက မေတ္တာရှေ့ထားပြီး တိုက်တွန်းသွားပါတယ်။

( အမှားအယွင်းဖြစ်မှာ စိုးတဲ့အတွက် ပါဠိတော်များ ချန်ရေးပါတယ်)

Credit to original uploader.သာဓု သာဓု သာဓု။

★ _/\\_ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ _/\\_ ★

❖ စာဖတ်သူ ဓမ္မမိတ်ဆွေများ facebook
    အသုံးပြုရင်း ဆရာတော် သံဃာတော်များ
    ဟောပြလမ်းညွှန်ထားသော
    ထေရဝါဒ တရားတော်များ ပြန့်ပွားစေပြီး
    ဓမ္မဒါန,ဓမ္မဒေသနာ ကုသိုလ်များရရှိနိုင်ရန်
    ရည်ရွယ်ပါသည်။
 
 ပြည်သူ့ရင်ပြင် (၄-၁-၂၀၁၇)

Sources;  Ko Lin

No comments:

Post a Comment