Latest News

Saturday, January 7, 2017

အာဏာရှိတော့ အစိုးရ အာဏာမဲ့တော့ အကျဉ်းသား

အာဏာရှိတော့ အစိုးရ  အာဏာမဲ့တော့ အကျဉ်းသား


            ကျုပ်အခု နေနေတဲ့ ကြိုးတိုက်ကြီးထဲမှာ ကျုပ်အရင် ဘယ်သူတွေ နေခဲ့ကြသလဲ။   အဲဒီမေးခွန်းကို  နေ့တိုင်း စဉ်းစားမိတယ်။   ကြိုးတိုက်ရဲ့  နံရံ မှာလည်း အင်္ဂတေကိုထွင်းပြီး ရေးသွားခဲ့တဲ့ စာတွေ အများကြီးတွေ့ရတယ် ၊  ရက်စွဲတွေလည်း အများကြီးတွေ့ရတယ် ၊  သံဝေဂရတဲ့ စာတွေလည်း အများကြီးတွေ့ရသလို ၊  ဥဒါန်းမကျေဘူးဆိုတဲ့ တောက်ခေါက် သံတွေလည်း ရေးထားတယ်။ ကျုပ် စုံစမ်းသိရသလောက်  ဗိုလ်ချုပ်တို့ကို လုပ်ကြံခဲ့တဲ့ ဂဠုန် ဦးစောတို့ လူသတ်သမားအဖွဲ့  နေသွားခဲ့ဖူးတယ်။  သမ္မတ မန်းဝင်းမောင်နဲ့  အတူတူ လေထီး ခုန်ခဲ့တဲ့ ဗိုလ်မှူး ချစ်ကောင်း နေသွားခဲ့တယ်။  အရင်တုန်းက  သေဒဏ်ကျခဲ့တဲ့  KNDO ခေါင်းဆောင်တွေ ၊  ကွန်မြူနစ် ခေါင်းဆောင်တွေ  နေသွားခဲ့ ဖူးတယ်။ ကြိုးတိုက် ဆိုပေမဲ့ ဒီကြိုးတိုက်ထဲမှာ ရှိတဲ့ ကြိုးသမားတွေ အားလုံးဟာ   ကြိုးစင်ပေါ်မှာ မသေမချင်း ကြိုးကွင်းစွပ်ပြီး အသတ်ခံ သွားရသူတွေ ချည်းပဲတော့ မဟုတ်ပါဘူး ။  တော်တော်များများ သော ကြိုးသမားတွေဟာ  နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွေ ထွက်ပေါ်လာလို့ သေဒဏ်ကနေ  တစ်သက် တစ်ကျွန်းကို  ပြောင်းသွား ရတာတွေလည်း  ရှိပါတယ်။  ဒီကြိုး တိုက်ထဲကနေ မသေမချင်း ကြိုးကွင်းစွပ်ပြီး အသတ်ခံခဲ့ရတဲ့ သူတွေကတော့  ဂဠုန်ဦးစော နဲ့ အပေါင်းအပါတွေ ပဲဖြစ်ပါတယ်။

       ၁၉၇၀ ပြည့် ဝန်းကျင်မှာ  ဦးနေဝင်းကို  လုပ်ကြံပြီး ဗိုလ်ချုပ်ကြီး တင်ဦးကို ခေါင်းဆောင် တင်ဖို့ ကြိုးစားခဲ့တဲ့   ဗိုလ်ကြီး အုန်းကျော်မြင့်လည်း ဒီကြိုးတိုက်ထဲမှာ နေခဲ့ရပြီး ကြိုးစင်ပေါ်မှာ  ကြိုးပေးအသတ် ခံခဲ့်ရတယ်။   ဒီကြိုးတိုက်မှာပဲ  နောက်ထပ် ကြိုးပေး အသတ်ခံရသူ ကတော့ ၁၉၇၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင်  ဆလိုင်း တင်မောင်ဦး ပါပဲ။ ကျောင်းသားခေါင်းဆောင်  ဆလိုင်းတင်မောင်ဦး ကြိုးစင်ပေါ်မှာ ကြိုးပေး အသတ်ခံရ ပြီး နောက်ပိုင်းတော့ အများအားဖြင့်  သေဒဏ်ကျ ကြိုးသမား တွေဟာ  နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်တွေနဲ့  တစ်သက်တစ်ကျွန်း ပြောင်းသွားတာများပါတယ်။ ဗိုလ်ကြီး အုန်းကျော် မြင့် ရော  ဆလိုင်း တင်မောင်ဦးရော ဟာ  ဦးနေဝင်းကို ဆန့်ကျင်ခဲ့လို့  ဦးနေဝင်းအစိုးရက ကြိုးပေး အသတ်ခံခဲ့ရတဲ့ သူတွေ ဖြစ်ပါတယ်။   ဗိုလ်ကြီး အုန်းကျော်မြင့် ကိုရော  ဆလိုင်း တင်မောင်ဦးကိုပါ  အဓိက ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ တဲ့သူကတော့  ဦးနေဝင်းရဲ့  ညာလက်ရုံး ထောက်လှမ်းရေး   မုဒုံ  ဗိုလ်ချုပ်တင်ဦး  ပဲ ဖြစ်ပါတယ်။

ကြောက်စရာကောင်းသော  ဝဋ်ကြွေး
——————————————————

          လူတွေရဲ့ ကံကြမ္မာဟာ  အလွန်ဆန်းကြယ်ပါတယ်။  ဗိုလ်ကြီး အုန်းကျော်မြင့် ကိုရော ဆလိုင်း တင်မောင်ဦးကိုပါ ထောင်ထဲထည့်ပြီး သေဒဏ်ပေးခဲ့တဲ့ ထောက်လှမ်းရေး မုဒုံ ဗိုလ် တင်ဦးဟာ  နောက်နှစ် အနည်းငယ် ကြာတော့ ဦးနေဝင်းက  ပြန်ထည့်လိုက်လို့  ဒီအင်းစိန် ထောင် ထဲကိုပဲ  ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လာပါတော့တယ်။    ဝဋ်ဆိုတာ အလွန် ကြောက်စရာကောင်းတယ်။  ငရဲဆိုတာ သေမှရောက်တာ ၊  ဝဋ်ကတော့ နောက်ဘဝအထိ မစောင့်ဘဲ  ဒီဘဝမှာတင် ချက်ချင်း ပြန် လည်တတ်တဲ့ သဘောရှိပါတယ်။  မုဒုံ ဗိုလ်တင်ဦးကတော့ ကြိုးတိုက်ထဲ ရောက်မလာပါဘူး။  အင်းစိန်ထောင် အထူးတိုက်မှာရှိတဲ့  ငှက်လှောင် အိမ်ပုံစံ  လုံးချင်းအိမ် ကလေးတစ်ခုကို ရောက်လာခဲ့တယ်။  အဲဒီ လုံးချင်း အိမ်ကလေးတွေမှာ အာဇာနည်ဗိမာန်ကို ဗုံးခွဲခဲ့လို့ မိထားတဲ့  မြောက် ကိုရီးယား သူလျှို ကင်မင်ချူး ရှိတယ် ၊  မုဒုံ ဗိုလ်တင်ဦး ရှိတယ် ၊  မုဒုံ ဗိုလ်တင်ဦးရဲ့ တပည့် ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးဘိုနီ ရှိတယ်။   အဲဒီ  ငှက်လှောင်အိမ် လုံးချင်းအိမ်လေးတွေဲမှာ  ဗိုလ်ချုပ်ကြီးဟောင်း  သူရဦးတင်ဦး လည်း နေခဲ့ရတယ်။ မင်းကိုနိုင်လည်း နေခဲ့ရတယ်။  ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး၊ ဗိုလ်ကြီးအုန်းကျော် မြင့်နဲ့  ဆလိုင်း တင်မောင်ဦးတို့ကို ထောင်ထဲ ဖမ်းထည့်ပြီး မကြာမီမှာပင် မုဒုံ ဗိုလ်တင်ဦး လည်း  ဒီနေရာကိုပဲ ရောက်လာ ပါတော့တယ်။

သံခြေချင်းခတ်ခံရ၍  မျက်ရည်ကျခဲ့သော ဦးဘိုနီ
——————————————————————

          ကျုပ်ထောင်ထဲမှာ ကြားခဲ့ရသော ဇာတ်လမ်းတစ်ပုဒ်ကတော့ ဦးဘိုနီ ရဲ့ ဇာတ်လမ်းပဲ။  ပြည်ထဲရေးဝန်ကြီး ဦးဘိုနီ လက်ထက်မှာ ထောင်ထဲက အကျဉ်းသားတွေကို ထောင်အုတ် ရိုးအပြင် ထုတ်မယ်ဆိုရင် သံခြေချင်း ခတ်ပြီးမှ ထုတ်ရမယ်လို့ ဥပဒေအသစ် ပြဋ္ဌာန်းခဲ့တယ်။ ယခင် အင်္ဂလိပ် ကိုလိုနီခေတ်တုန်းက ထောင်သားတွေကို အုတ်ရိုးအပြင်ထုတ်ရင် သံခြေချင်းခတ်ရမယ်လို့ သတ်မှတ်ထားခဲ့တယ် ။  ဦးနု ဒီမိုကရေစီ အစိုးရ လက်ထက်မှာ အဲဒီ ဥပဒေကို ဖျက်သိမ်းပေးခဲ့တယ်။  ဦးနေဝင်းခေတ် ဦးဘိုနီ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတော့  အင်္ဂလိပ် ခေတ်က ဥပဒေကို ပြန်အသက် သွင်းခဲ့ပြီး ထောင်သားတွေကို သံခြေချင်း ခတ်ပြီးမှ ထောင် အပြင် ထုတ်ရမယ်လို့ ဥပဒေ ပြန် ပြုခဲ့တယ်။ ဒါကြောင့် ထောင်အုတ်ရိုးအပြင်ကို အပြင်ဘုတ် ထွက်မယ့် အကျဉ်းသားတွေ ၊ ရုံးထွက်အကျဉ်းသားတွေ အားလုံးဟာ အလုပ်ကြီးကိုသွားပြီး သံခြေချင်းခတ်ရတယ်။ တစ်ချို့ နှစ်ကြီး သမားတွေဆို သံခြေချင်းနှစ်ဖက်ကို သံထောက်ပါ ထည့်သေးတယ်။ အဲဒီ သံခြေချင်း ခတ်ရမယ့် ဥပဒေ ထုတ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဦးဘိုနီ ကိုယ်တိုင် ဒီထောင်ထဲ ရောက်လာတော့ တစ်နေ့မှာ အုတ်ရိုးအပြင်က တရားရုံးကို ထုတ်ဖို့ ဖြစ်လာတော့တယ်။ အဲဒီနေ့က ဝန်ကြီးဟောင်း ဦးဘိုနီကို သံခြေချင်း ခတ်ဖို့ အလုပ်ကြီးကို ခေါ်သွားပြီး ခြေချင်းခတ်မယ် လုပ်တော့ ဦးဘိုနီက မျက်ရည်ကျခဲ့တယ်။ ဒါနဲ့ ထောင်အာဏာပိုင်တွေက သက်သက်ညှာညှာ လုပ်ပေးတဲ့အနေနဲ့ ဝန်ကြီးဟောင်း ဦးဘိုနီရဲ့ ခြေထောက်ကို သံခြေချင်း ခတ်မယ့်အစား ဘော်ခြေချင်းနဲ့ပဲ ခတ်ပေးခဲ့တယ်။  ဒီကမ္ဘာ လောကကြီးမှာ အသက်ရှင်နေတဲ့ လူတွေ အားလုံးဟာ ဒီ ဝဋ်ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အရာကြီးကို ရင်ဆိုင်ပြီး သံသရာ လည်နေကြတာပါ။

အကျဉ်းသားဖြစ်သွားသော ထောင်ညွှန်ကြားရေးမှူး
——————————————————————

    ကျုပ် ထောင်ထဲမှာ နေတုန်းက လာစစ်တဲ့ ထောင်အုပ်စု ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး  ( ------ ) ဟာ တစ်ပတ် တစ်ခါ ကျုပ်တို့နိုင်ငံရေး သမားတွေ ရှိတဲ့ တိုက်တွေကို အမြဲလာ စစ်ဆေး တတ်တယ်။ ဗိုလ်မှူးကြီး လာတော့မယ့်နေ့ဆို ကျုပ်တို့မှာ အခန်းတွင်း သန့်ရှင်းရေး လုပ်ရတယ်။ သူ မလာခင် ( ၂ ) နာရီလောက် ကတည်းက ထောင်ပုံစံထိုင်ပြီး အသင့်စောင့် နေရတယ်။ သူ ကျုပ်တို့ တိုက်ထဲ ဝင်လာပြီ ဆိုတာနဲ့ အမိန့်ပေး သံတွေ ကြိုပြီးကြား နေရ တယ်။ နောက်တော့ စစ်ဖိနပ်သံတွေ၊ ထောင်ဝါဒါ တွေခါးမှာ ချိတ်ထားတဲ့ နံပါတ်တုတ် ရိုက် သံတွေက အရင်ကြား ရတော့တာပဲ။ အဲဒီ ဗိုလ်မှူးကြီးဟာ စစ် ယူနီဖောင်းကို ကော့ပျံနေ အောင် ဝတ်ထားပြီး သူစီးတဲ့ ရှူးဖိနပ်ကလည်း အလွန်ပဲ ပြောက်လက်နေအောင် တိုက်ထားတတ်တယ်။ ဘာလို့ သူ့ ရှူးဖိနပ် အရမ်းပြောင်လက်နေတာ သိသလဲဆိုတော့ ကျုပ်က အကျဉ်းသားလေ၊ သမံတလင်းပေါ်မှာ ခေါင်းကို ငုံ့ထားရတာ၊ အဲဒီ ဗိုလ်မှူးကြီး ကျုပ်အခန်း ပေါက်ဝ ရောက်ရင် သူ့မျက်နှာကို အရင်မြင်ရတာ မဟုတ်ဘူး ။

သူ့ရှူးဖိနပ်ကိုပဲ အရင်မြင်ရတာလေဗျာ။ အဲဒီ ဗိုလ်မှူးကြီးဟာ အခန်းအားလုံး ကိုတော့ မရပ်ဘူး။ သူရပ်ချင်တဲ့ အခန်း ရှေ့ကျမှ ရပ်တယ်။ ကျုပ် အခန်းရှေ့ကိုတော့ ဗိုလ်မှူးကြီးဟာ အမြဲလိုလို ရပ်တတ်ပြီး ----
နေကောင်းလား၊ ဘာလားနဲ့  မေးတတ်တယ်။ ဒီလိုနဲ့ နောက်နှစ်နှစ်လောက် ကြာတော့ အဲဒီ ဗိုလ်မှူးကြီး ကိုယ်တိုင် ကျုပ်တို့ အင်းစိန်ထောင်ထဲကို အကျဉ်းသားဘဝနဲ့ ရောက်လာပါတော့တယ်။ ဘာကြောင့်လဲဆိုတော့  ကျုပ်ကြားရတဲ့သတင်းက  မန္တလေးမြို့က အလွန်ချမ်းသာတဲ့ ကျောက်ကုန်သည် တစ်ဦး ထောင်ထဲရောက်လာခဲ့တယ်။ အဲဒီ ကျောက်ကုန်သည်ရဲ့ ဇာတ်လမ်းက ဦးသန်းရွှေရဲ့ ခေတ် နဝတ ပတ္တမြားကြီးနဲ့ ပတ်သက်တဲ့ ကျောက်ကုန်သည်ပဲ။  အလွန်ချမ်းသာတဲ့အတွက်  သူဟာ ထောင်ထဲက ကျွေးတဲ့ ထမင်းနဲ့ဟင်းကို မစားနိုင်ဘူး။  အပြင်က သူစားချင်တဲ့ အစားအသောက်တွေကို နေ့ရောညပါ သွင်းပြီးစားတယ် ။  ထောင်ကို အိမ်လိုလုပ်ပြီး နေသွားတယ်။

ဒီထက်ပိုဆိးုလာတာက ဘယ်သူမှမသိအောင် ထောင်ထဲက ထွက်ပြီး အိမ်မှာ ပြန်နေတဲ့အထိ ဖြစ်လာတယ်။ အဲဒီကျောက်ကုန်သည် သူဋ္ဌေးကြီး အိမ်ပြန် နေတာကို ထောက်လှမ်းရေးက အထောက်အထားနဲ့ မိသွားတယ်။ ဒါကြောင့် ထောင်အုပ်စုရဲ့ တာဝန်အရှိဆုံး ဗိုလ်မှူးကြီး ခမျာ ထောင်ကျသွားပြီး ကျုပ်တို့ထောင်ကို အကျဉ်းသား ဘဝနဲ့ ပြန်ရောက်လာခဲ့တယ်။

ဒီဇာတ်လမ်းတွေဟာ ထောင်နဲ့ပတ်သက်လို့ ဝဋ်လည်တဲ့ဇာတ်လမ်း တွေထဲက တစ်ချို့တစ်ဝက်သာ ရှိသေးတယ်။ နောက်ထပ် အများကြီး ကျန်သေးတယ်ဗျ ။

Sources; Hein Htet Zaw/BurmaDemocracy


No comments:

Post a Comment