Latest News

Tuesday, January 17, 2017

အောင်ဆန်း၏ တကယ့်တိုက်ပွဲ

အောင်ဆန်း၏ တကယ့်တိုက်ပွဲ

( နတ်မောက်ဘုန်းကျော် - ဗိုလ်ချုပ်၏ ကိုယ်ရံတော်တပ်မှူး )

[၁]

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင် ခေတ်အလိုက် ခေါင်းဆောင်အမျိုးမျိုး၊ ပြည်သူတည်းဟူသော နောက်လိုက်အင်အား အမျိုးမျိုး၊ နည်းပရိယာယ်အမျိုးမျိုးတို့ဖြင့် လွတ်လပ်ရေးတိုက်ပွဲပေါင်းများစွာ ဆင်နွဲခဲ့ဖူးပြီ၊ လွတ်လပ်ရေးကား မရခဲ့။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ခေတ်ကျမှ လွတ်လပ်ရေးတိုက်ပွဲ အပြင်းထန်ဆုံး၊ အလေးနက်ဆုံး ဆင်နွဲရပြီး လုံးဝလွတ်လပ်ရေးကို ရရှိခဲ့သည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းအား လွတ်လပ်ရေး ရရှိအောင် ဦးစီးခေါင်းဆောင်ပြုခဲ့သော သူ၏ဂုဏ်ရည်ကြောင့် ပြည်သူပြည်သားများက "လွတ်လပ်ရေး ဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး"ဟု ချီးကျူးဂုဏ်ပြုခဲ့ကြခြင်း ဖြစ်၏။

အောင်ဆန်းသည်း စကားပြောလျှင် ပရိယာယ်မာယာမနှော၊ ဘွင်းဘွင်းနှင့် ရှင်းရှင်းပြောတတ်၏။ သူ ဘာပြောပြော လူတိုင်း စဉ်းစားလက်ခံ၏။ သူ သွားလေရာ လူအုပ်ကြီး အမြဲရှိတတ်၏။ လူထုနှင့် အောင်ဆန်း၊ အောင်ဆန်းနှင့် လူထု ခွဲ မရခဲ့။ လူထု၏ အသံသည် အောင်ဆန်း၏ အသံဖြစ်၏။ ထို့ကြောင့် ယင်းနောက်ဆုံးတိုက်ပွဲသည် ပြည်သူတို့၏ တိုက်ပွဲ (ဝါ) အောင်ဆန်း၏ တိုက်ပွဲပင်ဟု ဆိုချင်၏။ ဘာကြောင့် ဤသို့ ဆိုချင်ရသနည်း။ တိုတိုပြောရလျှင် အောင်ဆန်းနှင့် လူထုခွဲ မရ၊ တသားတည်းကျသောကြောင့်တည်း။

လွတ်လပ်ရေးတိုက်ပွဲကို ဦးစီးကွပ်ကဲလျက်ရှိသော အောင်ဆန်းသည် တိုက်ပွဲများစွာ ဝင်ခဲ့ဖူးသည်။

ထွက်ရပ်ဂိုဏ်းအထွေထွေ အတွင်းရေးမှူးဘဝဖြင့် ဗြိတိသျှတို့နှင့် ဆင်နွှဲရသော တိုက်ပွဲ၊ ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်သေနာပတိ အဖြင့်ဖြင့် ဆင်နွှဲရသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ၊ မျိုးချစ်ဗမာ့တပ်မတော် စစ်သေနာပတိအနေဖြင့် ဆင်နွှဲရသော နိုင်ငံရေး၊ စစ်ရေးတိုက်ပွဲများ၊ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီး၏ ဥက္ကဌအနေဖြင့် ရငဆိုင်ခဲ့ရသော နိုင်ငံရေးတိုက်ပွဲများ ...

ယင်းတိုက်ပွဲများစွာတွင် (ဖဆပလ) ဥက္ကဌ အနေဖြင့် ဦးစီးကွပ်ကဲ ဆင်နွှဲသော နှလုံးရည်တိုက်ပွဲသည် လွတ်လပ်ရေးတိုက်ပွဲများစွာတို့အနက် အချိန်အတိုဆုံး နှင့် အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။

အောင်ဆန်း၏ တကယ့် တိုက်ပွဲမှာ ၁၉၄၅ ခု၊ နိုဝင်ဘာလမှ စတင်၍ ၁၉၄၇ ခု၊ ဇွန်လ ၁၀ ရက်တွင် ပြီးဆုံးသွား၏။ အချိန်ကား တစ်ဆယ့်ရှစ်လမျှသာ ကြာလေသည်။

x x x

[၂]

ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီး မေလ (၁) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးချစ်ဗမာ့တပ်မတော်က ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။ ဗြိတိသျှနှင့် မဟာမိတ်တပ်များသည် မေလ (၃) ရက်နေ့ကျမှ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်နေရာယူကြသည်။

ထို့နောက် ဗြိတိသျှ အာဏာပိုင်များ ရပ်ကွက်တွင် မျိုးချစ်ဗမာ့တပ်မတော်ကို ဆက်လက်ထားရှိရေး၊ မထားရှိရေး ပြဿနာ ဖြစ်ပွားလာ၏။ ၁၉၄၅ ခု၊ မေလ ၁၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗြိတိသျှ (၁၄)တပ်မတော် တပ်မှူးကြီး ဗိုလ်ချုပ်ဆလင်းတို့ တွေ့ဆုံကြရာ ဗိုလ်ချုပ်အောင်ဆန်းက မိမိတို့သည် မြန်မာပြည်ယာယီ အမျိုးသားအစိုးရအဖွဲ့ကို ထူထောင်ခဲ့ပြီး ဖြစ်ကြောင်း အရိပ်အမြွတ်ပြောကြားခဲ့ဖူးသည်။

ထိုအချိန်မှစ၍ ဗြိတိသျှတို့မှာ အောင်ဆန်း၏ မျိုးချစ်ဗမာ့တပ်မတော်နှင့် ယာယီအမျိုးသား အစိုးရအဖွဲ့ ပုံသဏ္ဌန်ဆောင်နေသော (ဖဆပလ) အဖွဲ့ချုပ်ကြီးတို့အတွက် ခေါင်းခဲစပြုလာခဲ့လေသည်။ ထိုစကားမှာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ ရှေ့လာမည့် တိုက်ပွဲများအတွက် လမ်းရှင်းကျည်ဆန်များ ပစ်လွှတ်ထားလိုက်ခြင်းသာ ဖြစ်သည်။

တဖက်နှင့် တဖက် အပေးအယူလုပ်ကြရသော တိုက်ပွဲများဖြင့် မျိုးချစ်ဗမာ့တပ်မတော် (Patriot Burmese Forces) ကို နောင်ဖွဲ့မည့် ဗမာ့တပ်မတော် (Burma Army) တွင် ပါဝင်ခွင့်ရရှိရေး ၊ ရပ်ရွာငြိမ်ဝပ်ပိပြားရေး၊ စက္ကူဖြူစာတမ်းပါ အချက်များကို လေ့လာဆွေးနွေးပြင်ဆင်ရေးကိစ္စများကို ရရှိအောင်မြင်သည်အထိ ဆောင်ရွက်ခဲ့လေသည်။

၁၉၄၅ ခု၊ ဇူလိုင်လနှင့် ဩဂတ်လသို့ ရောက်ရှိလာသော အခါ ဗြိတိန်ပါလီမန်ရွေးကောက်ပွဲ၌ ချာချီ၏ ကွန်ဆာဗေးတစ်ပါတီ (Conservative Party) ကို လေဘာပါတီ (Labour Party)က အနိုင်ရရှိပြီးလျှင် မစ္စတာအက်တလီ ခေါင်းဆောင်သော လေဘာအစိုးရအဖွဲ့ တက်ရောက်လာခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းသည် တိုက်ပွဲ၏ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ပြင်ဆင်ပြောင်းလဲထားလိုက်သည်။

ယင်းပြောင်းလဲမှုမှာ နှလုံးရည်ကို အဓိကထားသော မဟာဗျူဟာကို သုံးစွဲရေးပင် ဖြစ်သည်။ သူ၏ မိန့်ခွန်းများကို ဆန်းစစ်လေ့လာလျှင် ယင်းမဟာဗျူဟာ အပြောင်းအလဲကို တွေ့ကြရပေမည်။ အောင်ဆန်းသည် မဟာဗျူဟာ ပြောင်းလဲမှုအတိုင်း နည်းဗျူဟာများကို ချမှတ်ပေးရာ ဖွဲ့စည်းနေရာ ချထားပေးရာများတွင် အံ့ဖွယ်ကောင်းလောက်အောင် တိုက်ပွဲအချိန်ကာလနှင့် လျော်ညီတိကျစေသည်ကို တွေ့ကြရလေသည်။

သူ၏ ထူးခြားသော နည်းဗျူဟာတခုမှာ ဗြိတိသျှအစိုးရက ဒိုမီနီယံပေးမည် ဆိုခြင်းတို့ကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီးလျှင် အမျိုးသားအစိုးရ တည်ထောင်ရေး၊ တိုင်းပြုပြည်ပြု လွှတ်တော်ကျင်းပရေး၊ လုံးဝ လွတ်လပ်ရေး ရရှိရေးတို့အတွက် ကြိုတင်ပြီး လုပ်ငန်းစဉ်များ ချမှတ်ပေးထားနိုင်ခြင်း ဖြစ်ကြောင်း၊ ၁၉၄၅ ဩဂုတ်လ၊ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားသော သူ့မိန့်ခွန်းအရ သိကြရ၏။ ဤခြေလှမ်းများသည် အောင်ဆန်း၏ တကယ့်တိုက်ပွဲများအတွက် ပဏာမလုပ်ငန်းများသာ ဖြစ်ကြောင်း တွေ့ကြရ၏။

တကယ့်တိုက်ပွဲ စတင်သော နေ့မှာ ၁၉၄၅ ခု၊ အောက်တိုဘာလ ၁၇ ရက်နေ့ ဖြစ်သည်။ မြန်မာပြည် ဘုရင်ခံဟောင်း ဆာဒေါ်မန်စမစ်သည် အောက်တိုဘာလ ၁၆ ရက်နေ့၊ နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်သို့ ရောက်ရှိခဲ့သည်။ ၁၇ ရက်နေ့တွင် မြူနီစပယ် မြို့တော်ခန်းမ၌ မြို့မိမြို့ဖများက ဆာဒေါ်မန်စမစ်ကို ဂုဏ်ပြုဧည့်ခံ အခမ်းအနားကျင်းပရာ ဆာဒေါ်မန်စမစ်က ကျေးဇူးတင်စကားပြောရင်း မြန်မာပြည်အတွက် စီမံလျာထားသည့် အုပ်ချုပ်ရေးအကြောင်း ထည့်သွင်းပြောကြားသွားလေသည်။

ဆာဒေါ်မန်စမစ်က " ဘယ်သင်း ဘယ်ဟာကို ဦးစားပေး ဆောင်ရွက်ရမယ်ဆိုတာ အတွေ့အကြုံများက သင်ပေးထားလို့ သိရပါပြီ။ လွတ်လပ်ရေး ဆိုတာ ဘာလဲ ဆိုလိုတာလဲ ဆိုတဲ့ နားလည်မှု အသစ်ကိုလည်း ရရှိထားပြီ။ ကျွန်တော် မြန်မာပြည်ကို ပြန်လာခဲ့တာ ယခင်တုန်းက အတွေးအခေါ်ဟောင်း၊ စိတ်ထားဟောင်းနဲ့ ပြန်လာခဲ့တာ မဟုတ်ပါ။ အစီအစဉ် လုပ်ငန်းစဉ် တိတိကျကျရှိပြီးသားနဲ့ လာတာပါ။ မြန်မာပြည်ဟာ မကြာမီ အခြား လွတ်လပ်တဲ့ တိုင်းပြည်တွေရဲ့ကြားမှာ လွတ်လပ်တဲ့ နိုင်ငံတခု အဖြစ်နဲ့ သူ့နေရာ သူ ယူပါတော့မယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးတိုက်ပွဲဟာ ပြီးနေပါပြီ။ "
ဟု နိဒါန်းပျိုးလိုက်လေသည်။

ဗိုလ်ချုပ်အောင်ဆန်းက တကယ့်တိုက်ပွဲကို တိုက်ရန် ပြင်ဆင်နေချိန်တွင် ဆာဒေါ်မန်စမစ်က မြန်မာတို့ မျက်စိလည်သွားစေရန် 'တိုက်ပွဲပြီးနေပြီ"ဟု လမ်းလွှဲပေးလိုက်၏။

ဤတွင်မျှ မကသေး။ ဆာဒေါ်မန်စမစ်က " ရွေးကောက်ပွဲလုပ်ငန်းများကို အမြန်ဆုံး လုပ်ပေးပါမယ်။ ဘုရင်ခံရဲ့ သဘောကျ အမှုဆောင်ကောင်စီအဖွဲ့ တခုလည်း ဖွဲ့ပြီး အုပ်ချုပ်ပါမယ်"ဟု ထပ်ကွန့်လိုက်လေရာ လွတ်လပ်ရေးတိုက်ပွဲအတွက် မဟာဗျူဟာ အဆင့်ဆင့် နှင့် နည်းဗျူဟာများကို စနစ်တကျ ချထားပြီးသော အောင်ဆန်းအဖို့ ပစ်ကွင်းကောင်းကို အလိုလိုရရှိသွား၏။

မကြာမီ ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော (ဖဆပလ) အဖွဲ့ကြီးအား သူ၏ အမှုဆောင်ကော်မတီတွင် နေရာဝင်ယူပါဟု ဖိတ်ခေါ်၏။ (ဖဆပလ) အဖွဲ့ချုပ်က ဘုရင်ခံနှင့် ပူးပေါင်းဆောင်ရွက်မည်။ အမှုဆောင်ကောင်စီ တာဝန်ခံလူကြီး (၁၁) နေရာတွင် ဘုရင်ခံက (၄) နေရာ ကြိုက်သူရွေးပါ။ (ဖဆပလ) အဖွဲ့ကို (၇) နေရာပေးပါ။ နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး စသည်တို့ကို ဘုရင်ခံကိုင်ထားခြင်းကို ရှိစေတော့၊ (ဖဆပလ)မှ ရွေးသူများအား ပြည်ထဲရေးကို ခွင့်ပေးရမည်ဟု တောင်းဆိုသောအခါ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော (ဖဆပလ) အဖွဲ့ကြီးနှင့် ဘုရင်ခံမှာ သဘောထားကွဲလွဲသွားသည်။ (ဖဆပလ)သည် ဘုရင်ခံ၏ အမှုဆောင်ကောင်စီသို့ ဝင်ရောက်ခြင်း မပြုချေ။

ဘုရင်ခံကလည်း မိမိကြိုးဆွဲရာ က,မည့် မည်သည့်ပါတီ၊ မည်သည့်လူတန်းစားကိုမျှ ကိုယ်စားမပြုသော နိုင်ငံရေးကျားသေများကို အမှုဆောင် ကောင်စီလူကြီးအဖြစ် ခန့်ထားပြလိုက်ခြင်းဖြင့် အောင်ဆန်းကို ရန်စလိုက်လေသည်။

ဘုရင်ခံသည် ဤတွင်မျှ မကသေး စစ်ပြီးဆုံးသွားသော်လည်း မြန်မာပြည်ကာကွယ်ရေးဥပဒေကို မရုပ်သိမ်းပဲ ထားရှိခြင်း၊ ချောက်၊ ရေနံချောင်း စသော ဗြိတိသျှအရင်းရှင် ရေနံလုပ်ငန်း အချက်အချာနေရာများနှင့် တနင်္သာရီတိုင်းတွင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ထားရှိခြင်း၊ ၁၉၄၃ အထူးတရားရုံး အက်ဥပဒေအရ မျိုးချစ် နိုင်ငံရေးသမားများကို အရမ်းကာရော ဖမ်းဆီးနှိပ်စက်ခဲ့ခြင်းဖြင့် ဗိုလ်ချုပ်အောင်ဆန်း ခြေလှမ်းမှားအောင် 'ဆွ' ပေးလေ၏။ အလိုလေး ... အောင်ဆန်းကို ဒီလိုလုပ်လို့ ရပါရိုးလား။

ဤမျှ အခြေအနေအထိ ပမာမခန့် လုပ်လာသောအခါ အောင်ဆန်းသည် တစခန်းထရပြန်၏။ ၁၉၄၅ ၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ၌ ပြည်သူ့အစည်းအဝေးကြီးတခု ကျင်းပပြီးလျှင် အောင်ဆန်းက ဘုရင်ခံကို သတိပေး၍ ဗြိတိသျှအစိုးရ တဖွဲ့လုံးကို စိန်ခေါ်လိုက်၏။

ဗိုလ်ချုပ်အောင်ဆန်းက-

" ဘုရင်ခံသည် ၁၉၃၅ ခုနှစ်၊ အက်ဥပဒေပုဒ်မ ၁၃၉ အရ တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တဦးတည်းသဘောနှင့် ထင်ရာလုပ်ကြောင်း၊ ဖက်ဆစ်ဆန်ကြောင်း၊ ဖက်ဆစ်ဆန့်ကျင်ရေး မျိုးချစ်များကို မတရားဖမ်းဆီးနေကြောင်း၊ အမှုဆောင်အဖွဲ့ထဲသို့ (ဖဆပလ)က ဝင်ရောက်ဆောင်ရွက်ခြင်း မပြုသည်မှာ ဘုရင်ခံနှင့် ပုဂ္ဂိုလ်စွဲ ကွဲပြားမှု မဟုတ်။ ပေါ်လစီ ကွဲပြား၍ ဖြစ်ကြောင်း၊ ဗြိတိသျှအစိုးရသည် စစ်အပြီး လူမမာ နလန်ထကြီးလို အသည်းကြေ ကြေနေပြီး အင်အား မရှိတော့ကြောင်း၊ လွတ်လပ်ရေးလုပ်ငန်းကို ကမ္ဘာ့ ဒီမိုကစီနိုင်ငံများ အကူအညီယူ၍ တိုက်ပွဲဝင်မည်။ ဤသို့ အေးဆေးစွာ ဆောင်ရွက်နေခြင်းမှာ စစ်ဒဏ်နှစ်ကြိမ် ခံထားရသော တိုင်းပြည်ကို သနားညှာတာ၍သာ ဖြစ်ကြောင်း၊ သတ္တိရှိလျှင် လွတ်လပ်သော ရွေးကောက်ပွဲ ကျင်းပပေးရန် ဗြိတိသျှအစိုးရကို အရေးဆိုကြောင်း "

စသည်ဖြင့် တိုက်ပွဲအရှိန်ကို တိုးမြှင့်ပေးလိုက်လေသည်။

အောင်ဆန်းသည် ဗြောင်ကျကျပြောလေ့၊ လုပ်လေ့ရှိ၏။ ပွင့်လင်းသည်။ ထိုအစည်းအဝေးတွင် တင်သွင်းဆုံးဖြတ်မည့် အဆိုတခုကို အစည်းအဝေး မကျင်းပမီ ရက်အနည်းငယ်ကပင် ဆာဒေါ်မန်စမစ်ကို အသိပေးထား၏။ ထိုအစီအစဉ်တခုမှာ ဤသို့ဖြစ်၏။

ပုဒ်မ ၁၃၉ အရ မိမိထင်သလို ဖက်ဆစ်ဆန်ဆန် တိုင်းပြည်ကို နှိပ်ကွပ်နေသော " ဤသို့သော ဘုရင်ခံမျိုးအား ဗြိတိန်ကဲ့သို့သော ဒီမိုကရေစီ နိုင်ငံတခုက ကိုယ်စားမပြုထိုက် " ဟူသော အဆိုဖြစ်သည်။ ယင်းအဆိုပြုချက်ကို တွေ့ရသောအခါ ဆာဒေါ်မန်စမစ်က မျက်လုံးပြူးသွားသည်။ ပြီးလျှင် " ကိုယ့်လူ ... ခင်ဗျား သိပ်လဲ မရမ်းပါနဲ့ဗျာ၊ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးလည်း ကြည့်ပါဦး"ဟု တောင်းပန်ယူရလေသည်။

အဆိုပါအစည်းအဝေးတွင် လူထုကြီး၏ စည်းကမ်းရှိခြင်း၊ တက်ကြွခြင်းတို့နှင့် အောင်ဆန်း၏ ဩဇာအရှိန် ကြီးမားပုံကို သိရှိသွားပြီးနောက် ဆာဒေါ်မန်စမစ်က ဗြိတိသျှအစိုးရအဖွဲ့ထံ စာရေးအစီရင်ခံရာတွင် " အောင်ဆန်းနဲ့ သူ့ရဲဘော်ရဲဘက်တွေဟာ နိုင်ငံရေးနယ်ပယ်မှာ ပြိုင်ဘက်မရှိ၊ ဘယ်နိုင်ငံရေးပါတီမှလည်း သူတို့လောက် စည်းရုံးရေး မကောင်း၊ ဘယ်သူမှ သူတို့နဲ့ ယှဉ်မရပ်နိုင်" ဟု ထည့်သွင်းရေးသားရလေတော့၏။

ဆာဒေါ်မန်စမစ်ခမျာမှာလည်း ဤမျှ 'အ' သည့်လူစား မဟုတ်။ အောင်ဆန်းနှင့် အဆင်မပြောလျှင် အလုပ်ဖြစ်ရန် ခက်ခဲမည်ကို သူသိပါသည်။ သို့သော် သူ့အား ၁၉၃၅ ခုနှစ်၊ အုပ်ချုပ်ရေးအက်ဥပဒေနှင့် စက္ကူဖြူစာတမ်း အခွင့်အာဏာများကို အပ်နှင်း၍ မြန်မာပြည်သို့ ဗွေဆော်ဦး စေလွှတ်လိုက်သော ချာချီ၏ ကွန်ဆာဗေးတစ် အစိုးရက ခိုင်းသမျှ သူ ဆောင်ကြည့်ရခြင်းသာ ဖြစ်၏။ လေဘာအစိုးရတက်လာသည့်အခါတိုင်အောင် ဗြိတိသျှအစိုးရအဖွဲ့က စက္ကူဖြူသေနင်္ဂဗျူဟာအစုတ်ကြီးကို ဆက်လက်ကိုင်စွဲ စစ်ဆင်နေခြင်းကြောင့် တဖန် ဆက်လက်ပြီး စက္ကူဖြူ တိုက်ပွဲကို ခင်းနေရခြင်း ဖြစ်၏။

သူသည် ဤတိုက်ပွဲဇာတ်လမ်းတွေ လူကြမ်း မလုပ်လို။ မင်းသားအောင်ဆန်းကို နှိပ်စက်၍ ရလိမ့်မည်ဟုလည်း သူမထင်။ လူထုက မင်းသားနောက် အလုံးလိုက် အခဲ့လိုက်။

ထို့ကြောင့် ဒီဇင်ဘာလ ၁၆ ရက်နေ့က ဘိလပ်အစိုးရထံ အစီရင်ခံသောအခါ " (ဖဆပလ) အဖွဲ့ကြီးရဲ့ အင်အားဟာ အောင်ဆန်းအပေါ် လုံးလုံးတည်နေတယ်။ အဖွဲ့ရဲ့ အင်အားဟာ အောင်ဆန်းရဲ့ အင်အားပဲ" ဟု ဆာဒေါ်မန်စမစ်က သူ့လူကြမ်းဘဝကို အဆုံးသတ်ဖို့ သွေးတိုးစမ်းပြီး အစီရင်ခံလိုက်၏။

သို့သော် ပေါ်လစီက ပြောင်းလဲ၍ မလာသေး။ နေမြဲ။ ဤကြားထဲ ထစ်ကနဲ ဆိုလျှင် မြန်မာတို့ကို ပြင်းပြင်းထန်ထန် နှိမ်ချင်သော "ပီးယားစ်" တို့ကဲ့သို့သော ကွန်ဆာဗေးတစ် လက်ဝေခံ မြို့ပြ အုပ်ချုပ်ရေးအရာရှိတွေကလည်း တမှောင့်။ အိမ်တော်ပါ အလိုတော်ရိ ဆာပေါ်ထွန်းတို့ကလည်း တမျိုး။ ဆာဒေါ်မန်စမစ်မှာ ကိုယ့်တပ်ဖွဲ့ ကိုယ်မနိုင်ချင်။ စက္ကူဖြူတိုက်ပွဲဇာတ်လမ်းကလည်း ချူနာပါတေး။ ဇာတ်ဆရာ ဆာဒေါ်မန်စမစ် အရူးဆေး မစားမိရုံတမယ်သာ ရှိရှာလေ၏။

ဆာဒေါ်မန်စမစ်မှာ အောင်ဆန်းနှင့် ပုဂ္ဂိုလ်ရေးအရ အလွန်ခင်မင်ပါ၏။ သို့သော် အောင်ဆန်းက မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အလုပ်ကို အလုပ်နှင့် တူအောင် လုပ်သော လူစားမျိုး၊ ပုဂ္ဂိုလ်ချင်းခင်တာက တခြား၊ လုပ်ငန်းက တသန့်။

x x x

[၃]

ဤကြားထဲ ဆာဒေါ်မန်စမစ်၏ ရုပ်သေးအမှုဆောင်အဖွဲ့မှ ကောင်စီဝင်လူကြီး သခင်ထွန်းအုပ်က ၁၉၄၆ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပသော အစည်းအဝေးတွင် " အောင်ဆန်း ဘီအိုင်အေခေတ်တုန်းက လူသတ်ခဲ့တယ်"ဟု သွေးရူးသွေးတန်း ပြောလိုက်၏။ သခင်ထွန်းအုပ်က စွဲချက်တင်လိုက်သောအခါ ပုလိပ်က စုံစမ်းရေး လုပ်လာ၏။ ထုံးစံအတိုင်း ဥပဒေအရ အရေးယူကြမည်။ ပီးယားစ် (Pearce)တို့ လူသိုက်ကလည်း အောင်ဆန်းကို ဖမ်းချင်ကြ၏။ ဤနည်းဖြင့် လူကြမ်း မလုပ်လိုပါဟု ဆိုသော ဆာဒေါ်မန်စမစ်က အောင်ဆန်းအား လိုအပ်လျှင် ဖမ်းဆီးခွင့်ပြုပါဟု ဘိလပ်အစိုးရထံ သံကြိုးရိုက်ပြီး ခွင့်တောင်းရလေ၏။

ဘိလပ်မှ ညွန်ကြားချက် ပြန်လာ၏။ " ဒီ ထွန်းအုပ်ဆိုတဲ့ ငနဲသားဟာ နာမည် သိပ်ကောင်းသူ မဟုတ်။ သူလည်း အဲဒီတုန်းက အကြမ်းပတမ်းတွေ လုပ်လာတာပဲ။ အောင်ဆန်းကို ခုချက်ချင်း ဖမ်းဖို့ မသေချာဘဲနဲ့ သွား မလုပ်နဲ့"

သို့သော် ပီးယားစ်ကဲ့သို့သော မြို့ပြအုပ်ချုပ်ရေးအရာရှိများက အောင်ဆန်းကို ဖမ်းချင်၏။ ၁၉၄၆ ခု၊ မတ်လ ၂၇ ရက်နေ့တွင် ဘုရင်ခံအိမ်၌ အောင်ဆန်းကို ဖမ်းဆီးရန် ဆွေးနွေးပွဲ ကျင်းပကြသည်။ ဆာဒေါ်မန်စမစ်က မေမြို့ရောက်နေသဖြင့် ထိုအစည်းအဝေးတွင် ခေတ္တဘုရင်ခံ ဆာဂျွန်ဝိုက်စ်က သဘာပတိအဖြစ် ဆောင်ရွက်၏။ အစည်းအဝေးသို့ မြန်မာပြည် စစ်နယ်၏ ဗြိတိသျှ စစ်သေနာပတိဖြစ်သူ ဗိုလ်ချုပ်ကြီး ဘရစ်ဂ်နှင့် စစ်ဦးစီးအရာရှိများလည်း တက်ရောက်လာကြ၏။

ဆာဂျွန်ဝိုက်စ်က အခြေအနေများကို တင်ပြပြီးနောက် " အောင်ဆန်းဖမ်းဖို့ ကိစ္စနဲ့ ပက်သက်ပြီး အရှေ့တောင်အာရှ စစ်သေနာပတိချုပ် (လော့ဒ်မောင့်ဘက်တန်) ဆီက စကားလုံး ပြင်းပြင်းထန်ထန် သုံးထားတဲ့ ကြိုးမဲ့ကြေးနန်း တစောင် ကနေ့ပဲ ရပါတယ်။ စစ်သေနာပတိချုပ်က သေသေချာချာ မစုံစမ်းရသေးမီ အောင်ဆန်း ဖမ်းဆီးထားဖို့ ကိစ္စကို သူ မနှစ်သက်ဘူး။ ဒီအတိုင်းပဲ အိမ်ဖြူတော် (ဝန်ကြီးချုပ်) ဆီလည်း သူ အကြောင်းကြားထားတယ်လို့ ပါရှိတယ်။ ခင်ဗျားတို့ သဘောကကော ဘယ်လိုလဲ။ ဘုရင်ခံ မနက်ဖြန် ပြန်လာရင် အားလုံး သဘောထား သူ သိချင်မှာမို့ ပြောကြပါ" ဟု ဆို၏။

အစည်းအဝေး လာရောက်သူများက မိမိတို့ သဘောထားများကို အသီးသီး တင်ပြကြ၏။
ပုလိပ်မင်းကြီး မစ္စတာချက်တယ်လ်က ဒီမောင့်ကို ဖမ်းလျှင်တော့ သူပုန်ထမှုတခု ဖြစ်တော့မယ်ဟု ဆို၏။ မြန်မာပြည် စုံထောက်မင်းကြီး မစ္စတာအောကလည်း ပုလိပ်မင်းကြီး၏ အယူအဆအတိုင်း တင်ပြ၏။ မစ္စတာဝိုက်စ်က အသတ်ခံရသော သူကြီး၏ ဇနီးက တိုင်ချက်ဖွင့်ပြီး ပုလိပ်က ဖမ်းထားလျှင် မကောင်းဘူးလားဟု ဆို၏။ ပုလိပ်မင်းကြီးကမူကား ဤကိစ္စမှာ ပဒူအုံ တုတ်နဲ့ ထိုးသလို သူ့အား အထိုးခိုင်းမှန်း သိသဖြင့် စစ်အတွင်းက ဤသို့သော ပြစ်မှုမျိုး ကျူးလွန်ခဲ့သူမှန်သမျှ ချမ်းသာခွင့်ပေးဖို့ ဒီအစည်းအဝေးက ခွင့်ပြုလိုက်ဖို့ ကောင်းတယ်ဟု ပြော၏။

မြန်မာပြည်စစ်နယ် စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဘရစ်ဂ်နှင့် သူ၏ စစ်ဦးစီးအရာရှိများက " အောင်ဆန်းကို ဖမ်းလျှင် ဗမာ့တပ်မတော် ပုန်ကန်မှု ဖြစ်နိုင်တယ်။ တပ်ထဲမှာ အောင်ဆန်းတပ်သား ( မျိုးချစ်ဗမာ့တပ်မတော်မှ ဝင်လာသူများ ) လေးထောင်လောက် ရှိတယ်။ သူတို့က ပုန်ကန်လိမ့်မယ်။ ကျေးရွာတိုင်းမှာ အောင်ဆန်းရဲ့ ( ပြည်သူ့ရဲဘော်တပ်ဖွဲ့ဝင်တွေ) ရှိတယ်။ သူတို့ကလည်း အောင်ဆန်းအတွက် လက်တုံ့ပြန်လိမ့်မယ်။ အောင်ဆန်းကိုသာ ဖမ်းလျှင် အမှားကြီး မှားမယ်။ အောင်ဆန်းကို နှိမ်နင်းဖို့ တပ်ဖွဲ့ဝင်များ မပေးနိုင်ပါ။ ဒါကြောင့် ဒီကိစ္စကို ရှောင်ဖြစ်အောင် ရှောင်ကြပါ"ဟု ရှင်းရှင်း ဖွင့်ပြောသည့်အပြင် လေဘာအစိုးရက စက္ကူဖြူစာတမ်းကို ထပ်မံ ဆန်းစစ်ပြီး မြန်မာတွေက သူတို့တိုင်းပြည် သူတို့လက်ထဲ ပြန်လွှဲပေးလိုက်ဖို့ နေ့ရက်သတ်မှတ်သင့်ပြီဟု ဆို၏။ ဤမျှနှင့်ပင် အစည်းအဝေး ရွှေ့ဆိုင်းရပြန်လေသည်။

ဆာဒေါ်မန်စမစ်က ဤလူသတ်မှုနှင့် စပ်လျှင်း၍ ဗိုလ်ချုပ်အောင်ဆန်းကို ဟုတ်၊ မဟုတ် နှစ်ကိုယ်ကြား မေးကြည့်၏။ ဗိုလ်ချုပ်အောင်ဆန်းက " ဒီကိစ္စ ဟုတ်သားပဲ။ ကျုပ်တာဝန်ပဲ" ဟု တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်ရာ ... အောင်ဆန်း၏ ပွင့်လင်းဖြောင့်မှန်၍ သတ္တိဗျတ္တိရှိမှုကို ဆာဒေါ်မန်စမစ်ကအံ့ဩချီးကျူးရလေ၏။

နောက်ဆုံးတွင် အောင်ဆန်းကို " ဖမ်းတော့"၊ "မဖမ်းနဲ့" ဟူသည့် ကိစ္စနှင့် စပ်လျဉ်း၍ စစ်သေနာပတိချုပ် လော့ဒ်မောင့်ဘက်တန်က " စစ်ပြီးကာလ မြန်မာပြည်တွင် နောက်ထပ် စစ်ပွဲတပွဲ ဖြစ်ရဦးမည်ကို ကျွန်ုပ် မလိုလားပါ။ ဗိုလ်ချုပ်ကြီး လိစ်၏ ခန့်မှန်းချက်အရ မြန်မာပြည်တွင် သူပုန်ထမှု ဖြစ်ခဲ့သော တပ်မ နှစ်တပ်ဖြင့် နှိမ်နင်းရန် လိုသည်" ဟု ဆိုပါတယ်။ တပ်မ နှစ်တပ်ဆိုတာ မြန်မာပြည်စစ်ဆင်ရေးတွင် ကျွန်ုပ်တို့ အသုံးပြုနေသော အင်အားထက်ပင်ကြီးမားနေသောကြောင့် အောင်ဆန်းကို နှိမ်နင်းရန် မလွယ်ပါ"ဟု ဆိုလေသည်။ ဗြိတိသျှစစ်ဘက်ထိပ်တန်း အရာရှိကြီး မှန်သမျှက အောင်ဆန်းကို မနှိမ်လိုကြချေ။ တကမ္ဘာလုံးက ဗြိတိသျှတို့ကို နှစ်ပြားမျှ တန်ဖိုးထားကြတော့မည် မဟုတ်။

x x x

[၄]

ဗြိတိသျှ မြို့ပြရေးရာ အရာရှိပိုင်းက ဤသို့ မိမိအား ဖမ်းမည် ဆီးမည် လုပ်နေခြင်းကို အောင်ဆန်း မသိဘူးလား။ ဤကိစ္စများကို အောင်ဆန်း ကောင်းကောင်းကြီး သိပါသည်။ " မင်းတို့ ငါ့ကို ဒီလို စမ်းသလားကွ"ဟု အောင်ဆန်းက တတပ်ပြီး တတပ် အသုံးပြုကာ သူ၏ ထိုးစစ်ကို ဆက်လက်ဆင်နွဲလေသည်။ တိုင်ပြည် အုပ်ချုပ်ရေးတွင် အခွန်ဘဏ္ဍာ မရရှိက ဘာမျှ မလုပ်နိုင်။ အောင်ဆန်းသည် လူဦးရေ ၁၀၀ လျှင် ၁၅ ရာခိုင်နှုန်း ရှိသော တောင်သူလယ်သမားများကို ရှေ့တန်းတင်၍ တိုက်ပွဲ စတင်လိုက်ပြန်၏။

ထို့နောက် အလုပ်သမားများကို တပ်လှန့် ချီတက်စေ၏။ ဘီအိုစီ အလုပ်သမား သပိတ်၊ရုံးစာရေးများ သပိတ်၊ စာတိုက်အမှုထမ်းများ သပိတ်၊ မော်တော်ယဉ် သပိတ်၊ ဈေးပေါင်းစုံ သပိတ် စသည်ဖြင့် သပိတ် တလုံးပြီး တလုံး မှောက်စေခြင်းဖြင့် လယ်သမား၊ အလုပ်သမား၊ မြို့နေလူတန်းစား စသည့် လူတန်းစားပေါင်းစုံ တစွဖွဲ့များဖြင့် ထိုးစစ်အရှင်ကို မြှင့်တင်သွားလေ၏။

တတိုင်းပြည်လုံး ဗြိတိသျှ အုပ်ချုပ်ရေး စက်ယန္တရားကြီးကို မီးခိုးတိတ် ရပ်တန့်သွားအောင် ချေမှုန်းပစ်လိုက်၏။

ဒီကြားထဲ ( Mass Disobedience ) အာဏာဖီဆန်ရေးစီတန်းလမ်းလျှောက်ပွဲများ၊ ဆန္ဒပြပွဲများကို ထပ်ဆင့် စစ်ကူတင်ပေးလိုက်သေး၏။

အောင်ဆန်းသည် လက်တံရှည်လှ၏။ သူ၏ ထိုးစစ်သည် မြန်မာပြည်တွင်း၌သာမက ဗြိတိသျှပါလီမန်အထိ ရောက်သွား၏။ ဗြိတိသျှပါလီမန်၌ မစ္စတာ တွန်ဒရိုင်းဘတ်တို့လို ပုဂ္ဂိုလ်များက စက္ကူဖြူ စာတမ်းကို ပြန်လည်ပြုပြင်ပြီး အောင်ဆန်းလက်ထဲ အာဏာအပ်ရန် ဆူပူတိုက်တွန်းလာကြ၏။ တိုက်ပွဲနောက်ဆုံး အဆင့်နီးလာပြီ။ အောင်ဆန်းသည် မဟာမိတ်အင်အားများကို သုံးစွဲ၍ မြို့သိမ်း အမြောက်ကြီးတွေ တန်းစီပြီး ပစ်ဖောက်လေပြီ။

စစ်နယ်ဝှန်းတခုလုံးတွင်အောင်ဆန်း၏ သပိတ်တပ်များက သပိတ်သံပေးပြီး အလံများ တလူလူဖြင့် ကွပ်ကဲ အုပ်စီး၍နေ၏။

ဧပြီလ (၂၂) ရကနေ့တွင် ဆာဒေါ်မန်စမစ်က အတွင်းဝန် မစ္စတာ အာသာ ဟင်ဒါဆင်ထံသို့ သတင်းပို့၏။ သူ့အစီရင်ခံစာ သတင်းပို့ချက်မှာ ဤသို့ ဖြစ်၏။

" စက္ကူဖြူ စီမံကိန်းကို ပြန်စစ်ဆေး ပြုပြင်ပေးပါ။ ယာယီ အမျိုးသား အစိုးရအဖွဲ့ အာဏာ (ဖဆပလ)ကို လွှဲပေးခွင့် ပြုရန် မလွယ်" ဗြိတိသျှဂုဏ်သိက္ခာ ထိခိုက်မည်။ နိုင်ငံရေး အခြေအနေ ပြင်းထန်နေဆဲ။ ၄၇ ခုနှစ် ရွေးကောက်ပွဲလုပ်ပေး။ ၄၈ ခုနှစ် အာဏာ လွှဲပေး။ ဒါတွေ လုပ်ပေးလျှင် အောင်ဆန်းက လက်ခံမှာပါ" ဟု ဆို၏။ " ကျုပ် လက်မြှောက်ပါပြီ။ အောင်ဆန်း နိုင်သွာပါပြီ။ အောင်ဆန်းကို အာဏာလွှဲလျှင် ကျုပ်ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် ကျုပ်နေရာအတွက် ဘုရင်ခံအသစ် တယောက် လွှတ်ပေးပါ" ဟုလည်း ဆာဒေါ်မန်စမစ်က တောင်းပန်လိုက်၏။

ဤတွင် ဘေးမှ တိုက်ပွဲအခြေအနေကို အကဲခတ်နေသော လော့ဒ်မောင့်ဘက်တန်က " ကဲ ... မင်းကို ငါ အစက မပြောလား" ဟု ပြောမည်ဆိုလျှင်လည်း ပြောနိုင်သွားလေ၏။ ဤသို့ဖြင့် ဆာဒေါ်မန်စမစ်ခမျာ ကျန်းမာရေး မကောင်းဟု အကြောင်းပြပြီးလျှင် မေလ ၂၇ ရက်နေ့တွင် ဘိလပ်သို့ ပြန်သွားရှာလေ၏။

ဆာဒေါ်မန်စမစ် နေရာမှာ ဘယ်သူပို့မည်လဲ။ လော့ဒ်မောင့်ဘက်တန်က " ဗိုလ်ချုပ် ရန့်စ်ကို ပို့ပါ။ သူနဲ့ အောင်ဆန်းနဲ့ အတော်ခင်မင်ရင်းနှီးကြတယ်" ဟု ဝန်ကြီးချုပ် အက်တလီကို ပြောလိုက်၏။ အက်တလီက ဇူလိုင် ၃၁ ရက်နေ့တွင် ရန့်စ်ကို မြန်မာပြည်ဘုရင်ခံ အဖြစ် ခန့်ထားလိုက်သည်။ Race ရန့်စ်က မြန်မာပြည်လာခါနီး မစ္စတာ အက်တလီကို နှုတ်ဆက်ရာမှာ " အောင်ဆန်း မပါပဲ ဘာမျှ လုပ်လို့ ရမှာ မဟုတ်။ ခင်ဗျားတို့ စက္ကူဖြူစာတမ်း ချောင်ထိုးထားလိုက်ပါ။'အစီအစဉ်အသစ်" တခုခု အမြန်လုပ်၊ ကျုပ် သွားမယ်" ဟု ပြောခဲ့၏။

မစ္စတာ အက်တလီကလည်း လျှင်ပါသည်။ ရန့်စ်ပြောသော "အစီအစဉ်သစ်" ဆိုသည်မှာ ဆာပေါ်ထွန်းတို့ လူသိုက်ကို ဖယ်ရှားပြီး အောင်ဆန်းကို အာဏာလွှဲလိုက်ဖို့ ဆိုလိုကြောင်း သိပြီး၊ ရိပ်မိပြီး ဖြစ်ပါသည်။ ဒါနဲ့ မစ္စတာ အက်တလီက " မင်းပဲ တော်သလို ကြည့်လုပ်ပေါ့ကွာ"ဟု လွှဲပေးလိုက်၏။

ဗိုလ်ချုပ် ရန့်စ်သည် ဩဂုတ်လထဲတွင် ရန်ကုန်သို့ ရောက်လာ၏။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန့်စ်က အောင်ဆန်းကို ခေါ်၍ အာဏာလွှဲအပ်လိုက်၏။ အောင်ဆန်းက ယာယီ အမှုဆောင်ကောင်စီအစိုးရကို ဖွဲ့စည်းဆောင်ရွက်လေသည်။ မြို့သိမ်းရန် မြို့တံခါးဝသို့ အောင်ဆန်းတပ်များ ရောက်သွားကြလေပြီ။

x x x

[၅]

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရအဖွဲ့ကို ဖွဲ့စည်း၏။

စက်တင်ဘာလ ၂၉ ရက်နေ့တွင် စက္ကူဖြူအုပ်ချုပ်ရေး ကန့်ကွက်ပွဲကြီး ကျင်းပပြန်၏။ တိုက်ပွဲက ဆက်တိုက်နေတုန်းပင်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် အောင်ဆန်းက " မြို့ကို အပ်မှာလား။ မအပ်ဘူးလား" ဟု ရာဇသံပေးပြန်၏။ လွတ်လပ်ရေးနှင့် ပက်သက်၍ ဗြိတိသျှအစိုးရက ကြေညာပါ၊ မကြေညာလျှင် အစိုးရတဖွဲ့လုံး နုတ်ထွက်မည် ဟူ၏။

မစ္စတာ အက်တလီတို့ လူစုကလည်း မပေးလျှင် အေးမည် မဟုတ်ကြောင်း သိထားရကား မြန်မာပြည်ကို ဗြိတိသျှဓနသဟာယထဲ နေနေ၊ မနေနေ လွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုပါမည်ဟု ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ကြေညာလိုက်၏။ လွတ်လပ်ရေးကိစ္စ ဆွေးနွေးကြရအောင် အောင်ဆန်းလာပါဟု ဖိတ်ခေါ်လိုက်ရပြန်သည်။ ဤနည်းဖြင့် အောင်ဆန်းတို့လူစု ဘိလပ်သွားပြီးလျှင် " အောင်ဆန်း-အက်တလီ" စာချုပ်ကို ချုပ်ဆိုခဲ့လေသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဧပြီလ ၇ ရက် ရွေးကောက်ပွဲတွင် (ဖဆပလ) မဲအများဆုံး၊ နေရာအများဆုံးရအောင် ဆောင်ရွက်ခဲ့၏။ ဇွန်လ ၁၀ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်မှ နေ၍ အောင်ဆန်းက မြန်မာပြည်ကို လွတ်လပ်သော သမ္မတနိုင်ငံအဖြစ် တည်ထောင်ကြောင်း ကြေညာလိုက်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ တကယ့်တိုက်ပွဲ၊ နောက်ဆုံးတိုက်ပွဲမှာ ဤတွင် ပြီးဆုံးသွားလေသည်။

တစ်ဆယ့်ရှစ်လမျှသော အချိန်အတွင်း အောင်ပွဲရအောင် တိုက်သွားသော အောင်ဆန်း၏ တကယ့်တိုက်ပွဲမှာ နည်းယူလောက်ပါဘိ။ ။

နတ်မောက်ဘုန်းကျော်
ရှေ့သို့ အတွဲ ၂၀၊ အမှတ် ၃ ( ၁-၁-၁၉၇၂)
[ Min Soe Naing ]

No comments:

Post a Comment