Latest News

Tuesday, January 17, 2017

အများပိုင်စနစ် တွင် မပါဝင်ချင်သည့် ကားများကို ကာလ ပေါက်ဈေး အတိုင်း ဝယ်ယူမည်

အများပိုင်စနစ် တွင် မပါဝင်ချင်သည့် ကားများကို ကာလ ပေါက်ဈေး အတိုင်း ဝယ်ယူမည်

ခရီးသည်တင် ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အများပိုင်စနစ် YBS မှာ မပါဝင်ချင်ဘူး ဆိုရင် ပြေးဆွဲမယ့် ကားတွေကို ကာလ ပေါက်ဈေး အတိုင်း ဝယ်ယူနိုင်အောင် စီစဉ် ပေးနေတယ်လို့ ဝန်ကြီးချုပ် က ပြောပါတယ်။

တချို့သော ယာဉ်ပိုင်ရှင်တွေက အများပိုင် စနစ်ကို ကူးပြောင်းတဲ့ နေရာမှာ ပူးပေါင်းပါဝင်ဖို့ စိတ်ဝင်စားမှု မရှိဘဲ အရင်လို တဦးချင်းပိုင်ဆိုင်တဲ့ ပုံစံမျိုးနဲ့ပဲ ပြေးဆွဲချင်တာ မျိုးတွေ ရှိနေပါတယ်။

ဒါကြောင့် ယာဉ်ပိုင်ရှင်တွေ အနေနဲ့ အများပိုင် စနစ်မှာ မပါဝင်ချင်ဘူး ဆိုရင် ပြေးဆွဲမယ့် လိုင်းကားတွေကို ကာလ ပေါက်ဈေး အတိုင်း ဝယ်ယူနိုင်အောင် စီစဉ် ပေးနေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောပါတယ်။

“အခု တဦးချင်းစီပိုင်တဲ့ ကားတွေအားလုံးကို ကျနော်တို့ ဆီမှာ ထားခဲ့မလား။ ထားခဲ့မယ်ဆိုရင် ကျနော်တို့ ပိုက်ဆံ ပေးလိုက်တော့မယ်။ ဒါမှမဟုတ် ကျနော်တို့ဆီမှာ အစုရှယ်ယာ ပိုက်ဆံထည့်မလား။ သူ့ကားက သိန်း ၁၀၀ တန်တယ်ဆိုရင် သိန်း ၁၀၀ ပိုက်ဆံယူပြီး သွားမလား၊ ဒါမှမဟုတ် ကျနော်တို့ထဲမှာ အစုရှယ်ယာ အနေနဲ့ ဒီစနစ်ထဲမှာ ဝင်ပါမလား။ အဲဒီလို မလုပ်ဘူးဆိုရင် ဘယ်လိုမှ လုပ်လို့မရဘူး ဖြစ်နေတယ်။”

ဇန်နဝါရီ ၁၆ ရက်နေ့မှာ ခရီးသယ်တင် ယာဉ်တွေကို အများပိုင် စနစ် စတင် ပြောင်းလဲ ပြေးဆွဲတဲ့ နေရာမှာတော့ ယာဉ်ပိုင်ရှင်အချို့က အရင်ပုံစံအတိုင်း ပြေးဆွဲလို့ ရရှိတဲ့ ဝင်ငွေကို ယာဉ်လိုင်း ဂိတ်တွေမှာ လာတောင်းနေတာ တွေလည်း ရှိနေပါတယ်။

“အခုချိန်ထိ ကားပိုင်ရှင်တွေက တစီးချင်းပဲ ပိုင်ချင်နေတုန်းပဲ ဖြစ်နေသေးတယ်။ အခုလည်း ဂိတ်မှာလာပြီး ပိုက်ဆံလာတောင်းနေတယ်။ ကျနော့်ကားက ဆွဲတဲ့ပိုက်ဆံကို ကျနော့်ကိုပေးလို့ လာတောင်းတယ်။ ကျနော်တို့ မပေးဖို့ တားထားတယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ခရီးသည်တင် ယာဉ်တွေကို အများပိုင်စနစ် စတင် ပြောင်းလဲ ပြေးဆွဲတဲ့ နေ့မှာတော့ ခရီးသွား ပြည်သူတွေရဲ့ မြို့တွင်း သွားလာရေးမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ခရီးသွား ပြည်သူတွေ အတွက် ယာဉ်မလုံလောက်တဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။

သတင်း - ကျော်ဇေယျ

Sources: DVB


No comments:

Post a Comment