Latest News

Tuesday, January 17, 2017

မစ္စစ်ရန်ဟီလီနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မစ္စစ်ရန်ဟီလီနှင့်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

လူထု​ခေါင်း​ဆောင်​​နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အားလက်ခံတွေ့ဆုံ


(၁၈-၁-၂၀၁၇ ရက်နေ့ ၊ နေပြည်တော်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်မှ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ယနေ့ ၀၉း၀၀ နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံရာတွင်  ၂၁-ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများ၊
 လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့်
 ဥပဒေကြမ်းရေးဆွဲမှုလုပ်ငန်းစဉ်များအားလည်းကောင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများတိုးမြှင့်ဆောင်ရွက်သွားရေးကိစ္စများကိုလည်းကောင်းဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ပြင်းထန်စွာရှုတ်ချကြောင်းပြောကြားခဲ့ပြီး နယ်မြေရှင်းလင်းရေး၊
 လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

Sources: Ministry Of Foreign Affairs Myanmar

No comments:

Post a Comment