Latest News

Monday, January 9, 2017

အများပိုင်ယာဉ်လိုင်း ရှစ်ခုနဲ့ ဖျက်သိမ်းတော့မယ့် မထသ

အများပိုင်ယာဉ်လိုင်း ရှစ်ခုနဲ့ ဖျက်သိမ်းတော့မယ့် မထသ


ရန်ကုန်မြို့မှာ နေ့စဉ်ခရီးသွား လေးသန်းလောက်ဟာ ဘတ်စ်ကားကပေးတဲ့ ဒုက္ခတွေကို ခံစားနေရတာ ကြာမြင့်နေပြီ ဖြစ်ပါတယ်။ ဒီလိုဘတ်စ်ကားကပေးတဲ့ ဒုက္ခတွေကနေ လွတ်မြောက်ဖို့ လမ်းစအဖြစ် လက်ရှိအချိန်မှာ ယာဉ်လိုင်း ၃၀၀ ကျော်ရှိနေတဲ့ မထသကို ဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်း ရှစ်ခုအဖြစ် ပြောင်းလဲပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကိုင်တွယ်ဖို့ ကြိုးပမ်းလာပါတယ်။ ပြည်ပကို မထွက်နိုင်၊ ကိုယ့်ရဲ့ဇာတိမြို့မှာ အလုပ်အကိုင်မရှိတဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် မြန်မာ့စီးပွားရေး မြို့တော်ရန်ကုန်ဟာ တစ်ရွာမပြောင်း သူကောင်းမဖြစ်တဲ့ ကြီးပွားရေး အိပ်မက်အတွက် မြို့ပြကို ခရီးထွက်လာချိန်မှာ ရန်ကုန်ရဲ့ ဘတ်စ်ကားစနစ်ဟာ စိတ်ပျက်စရာအတိ ဖြစ်နေတာကို သိနေတာမို့ လက်ရှိဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲပြီး မထသ ဖျက်သိမ်းမယ့် စီမံကိန်းဟာ တစ်နိုင်ငံလုံး စိတ်ဝင်စားတဲ့ အခြေအနေလို့ ညွှန်းဆိုရနိုင်တာကြောင့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်မှာ အများပိုင်ယာဉ်လိုင်းတွေနဲ့ ဖျက်သိမ်းတော့မယ့် မထသအကြောင်းကို အဓိကတင်ပြလိုပါတယ်။

မထသကို ဖျက်မယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကပိုင်အပြင် ဦးပိုင်နဲ့ အခြားအဖွဲ့အစည်း အသီးသီးက ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်းပြီး စနစ်ပြောင်းပြေးဆွဲမယ့် အများပိုင်ယာဉ်လိုင်းစနစ်ကို ဇန်န၀ါရီ ၁၆ ရက်မှာ စတင်ပြေးဆွဲသွားမယ်လို့ ဇန်န၀ါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောခဲ့ပါတယ်။

“ရန်ကုန်မှာ ပုဂ္ဂလိကပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေရော ဦးပိုင်တို့၊ အခြားခြားသော ကုမ္ပဏီနာမည်တွေနဲ့ နာမည်အမျိုးမျိုး၊ အသင်းအမျိုးမျိုးနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ကို ဇန်န၀ါရီ ၁၅ ရက်ညပိုင်းမှာ အပြီးသတ်ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ၁၅ ရက်ညဟာ အခုပြေးဆွဲနေတဲ့ ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးပဲ ဖြစ်ပါတယ်။ ၁၆ ရက်နေ့ မနက်ကစပြီး ယာဉ်လိုင်းပေါင်း ၅၈ လိုင်းက ရန်ကုန်မြို့ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးကို ၀င်ရောက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် စက်တင်ဘာမှာ ဖျက်သိမ်းဖို့ ကြံပေမယ့် မအောင်မြင်ခဲ့တဲ့ မထသဖျက်သိမ်းရေး စီမံကိန်းဟာ လက်ရှိမှာလည်း အောင်မြင်ပါ့မလားဆိုတာကို ဝေဖန်စောင့်ကြည့်လိုသူ များပြားခဲ့သလို လူဦးရေသုံးသန်း၊ လေးသန်းလောက် နေ့စဉ်ဒုက္ခကြုံနေရတဲ့ လက်ရှိဘတ်စ်ကား စနစ်အစား ပိုမိုကောင်းမွန်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို တောင့်တနေသူတွေကလည်း လက်ရှိ အများပိုင်စနစ်ကို အောင်မြင်စေလိုကြပါတယ်။

ယာဉ်လိုင်းရှစ်ခု ပေါ်လာမယ်
တကယ်ဆိုရင် ရန်ကုန်မြို့မှာ အိမ်စီးကားနဲ့ ဘတ်စ်ကားယှဉ်ရင် ဘတ်စ်ကားဟာ ရာခိုင်နှုန်း ၃၀ တောင် မပြည့်နိုင်ပါဘူး။ ဒါပေမဲ့ စည်းကမ်းမဲ့တဲ့နေရာ၊ မိုက်ကြေးခွဲတဲ့ နေရာတွေမှာတော့ သူတို့က ရာခိုင်နှုန်း ၉၀ လောက် တာဝန်ယူထားနိုင်သလို ခရီးသည်တွေကိုလည်း ရိုင်းပျစွာ ထိုးနှက်တိုက်ခိုက်မှုတွေ၊ ပိုက်ဆံပိုမိုတောင်းခံမှုတွေ ဆိုးရွားစွာ ဖြစ်နေတာကြောင့်မို့ မိုက်ရိုင်းဘတ်စ်ကားများ ထုထောင်းရိုက်နှက်ရေးအဖွဲ့ (မထန) ဆိုတဲ့အမည်နဲ့ ပြည်သူလူထုက လက်တုံ့ပြန်လာတာဟာလည်း အားလုံးသိနေပြီးဖြစ်ပါတယ်။

လက်ရှိအများပိုင်ယာဉ်လိုင်း ရှစ်ခုမှာဆိုရင် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီက ကုမ္ပဏီတစ်ခု၊ ထက်မြက်သူနဲ့ တောင်ပိုင်းခရိုင် ယာဉ်လိုင်းတို့ ပူးပေါင်းတဲ့ကုမ္ပဏီ၊ လက်ရှိ BRT လိုင်းပြေးဆွဲနေတဲ့ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ မြောက်ပိုင်းသားယာဉ်လိုင်းနဲ့ ရွှေမြို့တော်ယာဉ်လိုင်းတို့ ပူးပေါင်းတဲ့ ကုမ္ပဏီ၊ Omini Focous Services Co.Ltd နဲ့ Tran Link Co,.Ltd တို့ ပူးပေါင်းတဲ့ကုမ္ပဏီ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ၊ Power Eleven အများပိုင်ကုမ္ပဏီ၊ အမြဲစိမ်းယာဉ်လိုင်းနဲ့ ရွှေပြည်သာယာယာဉ်လိုင်းတို့ ပူးပေါင်းတဲ့ကုမ္ပဏီ၊ SRT ယာဉ်လိုင်း၊ စံဝေလယာဉ်လိုင်းနဲ့ ရွှေအင်းဝယာဉ်လိုင်းတို့ ပူးပေါင်းတဲ့ကုမ္ပဏီ၊ ခေတ်သစ် ဘုရင့်နောင်နဲ့ မြောက်ပိုင်းခရိုင် ယာဉ်လိုင်းတို့ ပူးပေါင်းတဲ့ကုမ္ပဏီတွေ ပါဝင်မှာဖြစ်ပြီး ယာဉ်လိုင်း ၅၈ လိုင်းပဲ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

ဒီအထဲမှာ ယာဉ်လိုင်းနံပါတ် ၁ ကနေ ၄၂ အထိက ရန်ကုန်မြို့ရဲ့ အရှေ့အနောက်နဲ့ တောင်မြောက်ကို ပြေးဆွဲမှာဖြစ်ပြီး ယာဉ်လိုင်းနံပါတ် ၄၃ ကနေ ၅၅ အထိကတော့ မြို့ပြင်ကနေမြို့ထဲကို ၀င်ရောက်မယ့် လိုင်းတွေဖြစ်ပြီး ယာဉ်လိုင်းနံပါတ် ၅၆ ကနေ  ၅၈ အထိဟာမြို့ထဲမှာ လှည့်ပတ်ပြေးဆွဲမယ့် ယာဉ်လိုင်းတွေ ဖြစ်ပါတယ်။

ပြေးဆွဲမယ့် ခရီးစဉ်လမ်းကြောင်း (၁) ကနေ (၄၂) ရဲ့ အခြေဆိုက် Base Station တွေကို လှည်းကူးမြို့နယ်၊ ယုဇနဥယျာဉ်၊ တောင်ဒဂုံမြို့နယ်၊ သာကေတ၊ အင်းစိန်/ကြည့်မြင်တိုင်၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ဒဂုံအရှေ့ပိုင်း၊ သန်လျင်၊ မင်္ဂလာဒုံမြို့နယ် (ထောက်ကြန့်)၊ တောင်ဥက္ကလာပ/သင်္ဃန်းကျွန်း၊ ရွှေပြည်သာမြို့နယ်တွေမှာ ထားရှိပါတယ်။

မြို့နယ်တစ်ခုကနေ အခြားမြို့နယ်ကို ပြေးဆွဲမယ့် ခရီးစဉ်လမ်းကြောင်း ၁၂ ခုမှာ ရွှေပြည်သာ-မှော်ဘီ၊ ရွှေပြည်သာ-လှည်းကူး၊ လှည်းကူး-ဖောင်ကြီး၊ ဒါးပိန်-တောင်မြောက်လမ်းဆုံ၊ လှိုင်သာယာ-တွံတေး၊ ဒလ -တွံတေး၊ လှိုင်သာယာ-ကွမ်းခြံကုန်း၊ ဒလ-ကွမ်းခြံကုန်း၊ ပဲခူး-သနပ်ပင်-ခရမ်း၊ ထန်းတပင်-လှိုင်သာယာ၊ လှိုင်သာယာ ပတ်လမ်းနှစ်ခုတို့ ပါဝင်ပြီး ခရီးစဉ်လမ်းကြောင်းအလိုက် ပြေးဆွဲမယ့် လမ်းကြောင်းသုံးခုမှာ သခင်မြပန်းခြံ ဂိတ်စ/ဆုံး လမ်းကြောင်းနှစ်ခုနဲ့ အနော်ရထာလမ်းက သွားရောက်မယ့် ဗိုလ်တထောင်ဘုရား (ကမ်းနားလမ်း) ဂိတ်စ/ဆုံးတို့ ပါဝင်ပါတယ်။ ဒီနေရာမှာ လက်ရှိထုတ်ပြန်ထားတဲ့ ယာဉ်လိုင်းတွေရဲ့ လမ်းကြောင်းတွေကို ဖတ်ရှုပြီးတဲ့ ပြည်သူတွေကတော့ ယာဉ်လမ်းကြောင်းတွေမှာ အရင်ကလို တိုက်ရိုက်ရောက်မှု မရှိတော့လို့ ယာဉ်စီးခ ပိုမိုကုန်ကျမှာတွေနဲ့ အဆင်ပြေပါ့မလားဆိုပြီး တွေးပူကြတာ တွေ့မြင်နေရပါတယ်။

ဒီလိုယာဉ်လိုင်းတွေကို စနစ်၊ ပုံစံပြောင်းလဲမှုမှာ ပုဂ္ဂလိကပိုင်နဲ့ အဖွဲ့အစည်းပိုင်ယာဉ်တွေဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှာ မှတ်ပုံတင် ဆောင်ရွက်ရမှာဖြစ်ပြီး မှတ်ပုံတင်ပြီးမှပဲ ပြေးဆွဲခွင့်ရှိမှာ ဖြစ်ပါတယ်။

“အခုအချိန်အထိ ဘယ်ကုမ္ပဏီမှာမှ ပါဝင်ခြင်းမရှိဘဲ လေ့လာနေတဲ့ တစ်ဦးချင်း၊ ကားတစ်စီးချင်း၊ နှစ်စီးချင်း ယာဉ်ပိုင်ရှင်တွေ ရှိနေသေးတဲ့အတွက် ဇန်န၀ါရီ ၇ ရက်ကစပြီး တောင်ဥက္ကလာ၊ ဗြဟ္မစိုရ်လမ်းမှာရှိတဲ့ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးမှာ မှတ်ပုံတင်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ၁၀ ရက်နေ့ နောက်ဆုံးထား မှတ်ပုံတင်ရမှာ ဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြောပါတယ်။

ဒီလိုပြေးဆွဲမယ်ဆိုရာမှာ မော်တော်ယာဉ်တွေ မှတ်ပုံတင်ဆောင်ရွက်ရာမှာ ၁၉၉၅ ခုနှစ် အောက်မော်ဒယ် စီးတီးဘတ်စ်တွေ၊ မီနီဘတ်စ်တွေ၊ ဘီအမ်ကားတွေ၊ ဒိုင်နာကားတွေ အားလုံးကို ဆက်လက်ပြေးဆွဲခွင့်ပြုမှာ မဟုတ်တော့ဘဲ ဒီမော်တော်ယာဉ်တွေ အားလုံးကို သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ဆီ အပ်နှံပြီး လူစီးစလစ် ထုတ်ပေးမှာဖြစ်ပြီး လက်ရှိမှာ လူစီးစလစ် ထုတ်ပေးထားတဲ့ ကားအစီးပေါင်း ၅၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ မကြားမီကမှ လဲလှယ်ထားရတဲ့ မီနီဘတ်စ်ယာဉ်တွေ အနေနဲ့တော့ ထိခိုက်မှုရှိလာမှာပါ။

“ဘီအမ်နဲ့ ဒိုင်နာကားတွေက အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်မှာ ဆက်လက်ပြေးဆွဲခွင့်ပြုမှာ မဟုတ်တော့ပါဘူး။ အခုမှတ်ပုံမတင်ဘဲ ပြေးဆွဲရင်တော့ Outside ကားအဖြစ် သတ်မှတ်ပြီး အရေးယူရမှာ ဖြစ်ပါတယ်” လို့ ဒေါ်နီလာကျော်က ဆိုပါတယ်။

အားနည်းချက်တော့ရှိမယ်
ယာဉ်လိုင်းကုမ္ပဏီ ရှစ်ခုအောက်မှာ ပြေးဆွဲမယ့် လမ်းကြောင်း ၅၈ ခုအတွက် လက်ရှိမှာ ကားအသစ်ဝယ်ထည့်နိုင်တဲ့ ကုမ္ပဏီ၊ အသစ်ထောင်နိုင်တဲ့ကုမ္ပဏီ မရှိတာကြောင့် လတ်တလောမှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်း ၃၀၀ ကျော်ကပဲ ၅၈ လိုင်းအတွက် တံဆိပ်ပြောင်း ပြေးဆွဲမှာဖြစ်လို့ စနစ်ပြောင်းပေမယ့် ယာဉ်မကောင်းသေးပါဘူး။ ခရီးစဉ်လမ်းကြောင်းအတွက် ယာဉ်စီးခကို ကျပ် ၁၀၀၊ ကျပ် ၂၀၀၊ ကျပ် ၃၀၀ လို့ဆိုတဲ့အတွက် လက်ရှိယာဉ်စီးခ ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀ ဆီ တရားဝင် ခုန်တက်သလိုသာဖြစ်နေပြီး ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုရင် ခရီးစဉ်ပိုင်းဖြတ်မှုအတွက် ကတ်စနစ် မလုပ်ဆောင်နိုင်သေးလို့ စပါယ်ယာပါးစပ်ဈေးနဲ့ ယာဉ်လိုင်းရဲ့ နှုတ်ဖြတ်ဈေးပဲ ဆက်ရှိနေမှာကြောင့်ပါ။ ကြိုတင်ပေး ကတ်စနစ်ကို အများပိုင် ယာဉ်လိုင်းတွေမှာ အကောင်အထည်ဖော်မှာဖြစ်ပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ ကြိုတင်ငွေပေးကတ်အတွက် ငွေမပေးနိုင်တဲ့ အခြေခံလူတန်းစားတွေနဲ့ SRT နဲ့ BRT လိုယာဉ်လိုင်းနှစ်လိုင်းမှာ ကြိုတင်ငွေပေးကတ် နှစ်မျိုးဖြစ်နေတာမျိုးမဖြစ်ဖို့ ကတ်နှစ်ကတ်အတွက် ငွေပေးရတဲ့ အခြေအနေမျိုး မဖြစ်ဖို့လိုအပ်ပြီး အများပိုင်ယာဉ်လိုင်း ရှစ်ခုအတွက် ကြိုတင်ငွေပေးကတ် တစ်ကတ်လုပ်ထားရုံနဲ့ ရန်ကုန်မြို့အနှံ့ သွားနိုင်တဲ့ အခြေအနေဖြစ်ဖို့ လိုအပ်မှာဖြစ်ပြီး ယာဉ်လိုင်းရှစ်လိုင်း ကြိုတင်ငွေပေးကတ်ရှစ်ခု ဖြစ်နေမယ်ဆိုရင်တော့ ဘတ်စ်ကားစီးသူ လူတန်းစားအများစု အခက်တွေ့မှာဖြစ်ပြီး ကတ်စနစ်မအောင်မြင်ခြင်းသာ အဖတ်တင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အစိုးရကပံ့ပိုးပေးမယ့် ကျပ်ဘီလျံ ၆၀ ကိုလည်း ကတ်စနစ်ကောင်းမွန်စွာ ဖြစ်လာရေးအတွက် လပေးကတ်တွေ၊ တစ်ခါသုံးကတ်တွေ၊ နိုင်ငံ့အတွက် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူတွေအတွက် အခမဲ့ကတ်တွေလိုမျိုး စနစ်အထိ ဖြစ်လာရေးအတွက်လည်း သုံးစွဲစေချင်ပါတယ်။

လက်ရှိမှာဆိုရင် မြို့ပတ်ရထားလမ်း စီမံကိန်းအဆင့်မြှင့်တင်မှု လုပ်ဆောင်ဖို့ ရှိနေပါတယ်။ မြို့ပတ်ရထားတွေ စီးနင်းမှု အားနည်းရခြင်း အဓိကအချက်ဟာ ဘူတာကနေ ဆင်းလိုက်ရင် ဘတ်စ်ကားမှတ်တိုင် မရောက်တဲ့ ခရီးသွားလမ်းကြောင်း ချိတ်ဆက်မှုမရှိတဲ့ ပြဿနာကြောင့်ပါ။ အများပိုင်ယာဉ်လိုင်းအဖြစ် စနစ်ပြောင်းလဲချိန်မှာ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ရထားဘူတာတွေ ချိတ်ဆက်နိုင်ဖို့ မြန်မာ့မီးရထားနဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကွပ်ကဲမှုအာဏာပိုင်အဖွဲ့တို့ ဆွေးနွေးညှိနှိုင်းဖို့ အကြံပြုလိုပါတယ်။

ဘတ်စ်ကား အများပိုင်စနစ်နဲ့ မထသ ဖျက်သိမ်းရေးဟာ အခက်အခဲများစွာ ကြုံရနိုင်ပေမယ့် နေ့စဉ်ဘတ်စ်ကားစီးသူတွေအပြင် ရန်ကုန်မြို့က ပြည်သူအားလုံး ဒုက္ခခံစားနေရတဲ့ အခြေအနေက လွန်မြောက်ဖို့ လိုအပ်နေတာကြောင့် လက်ရှိပြောင်းလဲမှုဟာ ကြိုဆိုရမှာဖြစ်သလို အောင်မြင်အောင် ပံ့ပိုးမှုတွေလည်း အများကြီးလိုပါတယ်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အမြတ်ကြီးမားတဲ့ လုပ်ငန်းဖြစ်လို့ တဖြည်းဖြည်း တိုးတက်လာပြီး အချိန်ကြာလေ အောင်မြင်လေဖြစ်လာမယ့် လုပ်ငန်းဖြစ်တဲ့အပြင် အစိုးရက ဂက်စ်ငွေ့ကိုပါ အောက်ဈေးနဲ့ ပံ့ပိုးနေတာကြောင့်မို့ ဒီစနစ်ကို ကန့်ကွက်မယ့် အတားအဆီးတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။                      

Sources; ဖြိုးဝေ/Eleven Media Group

No comments:

Post a Comment