Latest News

Sunday, January 15, 2017

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပြုပြင်ရေး လုပ်ငန်းများအား ပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပြုပြင်ရေး လုပ်ငန်းများအား ပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်

မန္တလေး ဇန်နဝါရီ ၁၄

မန္တလေးမြို့ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး ပိုမို သပ္ပာယ် ကြည်ညိုဖွယ် ဖြစ်စေရန် ဆရာတော်ကြီး များ၏ သြဝါဒကို ခံယူပြီး ပညာရှင်များနှင့် ညှိနှိုင်း တိုင်ပင်ကာ ပြုပြင်ရေးများကို ပွင့်လင်း မြင်သာစွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။

ပြုပြင်ရေးအဖြစ် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ နဖူးတော်တွင် ကပ်လှူ ထားသော ရွှေသင်္ကန်းများသည် ရုပ်ရှင်တော်မြတ်ကြီး၏ မူလ အသရေတော်ကို ထိခိုက် ပျက်စီးစေ၍ ပြန်လည် ခွာယူပြီး ရွှေသင်္ကန်း ကပ်လှူခွင့်ကို ခွင့်ပြုတော့မည် မဟုတ်ကြောင်း သိရသည်။

ယခင်က ရုပ်ရှင်တော်မြတ်ကြီး၏  နဖူးတော်တွင် ရွှေသင်္ကန်းများ ကပ်လှူခဲ့ခြင်း မရှိ၍ ကြည်ညိုဖွယ်ရာ ရှိခဲ့ရာမှ ရွှေသင်္ကန်းများ ကပ်လှူလာကြသည့် အတွက် မညီမညာ ဖြစ်လာရာ ကြည်ညိုဖွယ်ရာ အနေအထား မပျက်စေရန်  ယခုကဲ့သို့  ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ရွှေသင်္ကန်းများ ခွာယူရာတွင် မူလ မျက်နှာတော်၏ အနေအထားကို ထိခိုက်မှု မရှိစေရန် ပညာရှင်များနှင့် တိုင်ပင်ပြီး  နည်းလမ်း ရှာဖွေထားကြောင်းလည်း သိရသည်။

ထို့ပြင် ရုပ်ရှင်တော်မြတ်ကြီးတွင် ချိတ်ဆွဲ ပူဇော်ထားသော လက်ဝတ်ရတနာ များကို စနစ်တကျ ဖြုတ်ယူပြီး အမျိုးသမီးများ အသုံးပြုခဲ့သည့် လက်ကောက်၊ လက်စွပ်   အစရှိသည့် ပစ္စည်းများ ပြန်လည် ချိတ်ဆွဲပူဇော်မည် မဟုတ်ဘဲ အလေးချိန် တစ်ကျပ်သားထက် ပိုသော ရွှေထည်များ၊ တွင်းထွက် ရတနာအစစ် များကို စနစ်တကျနှင့် ကြည်ညိုဖွယ် ဖြစ်စေရန် ပြန်လည် ကပ်လှူ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

''အရင်က ရုပ်ရှင်တော်မြတ်ကြီးဟာ မကိုဋ်တော်၊ စလွယ်တော်တွေနဲ့ လွန်စွာ သပ္ပာယ်ခဲ့တယ်။ အခုတော့ စေတနာရှင်၊ အလှူရှင်တွေ လှူဒါန်းတဲ့ ပစ္စည်းတွေ ချိတ်ဆွဲ လှူဒါန်းထားမှုကြောင့် စလွယ်တော်လည်း ကွယ်ပျောက်လု ဖြစ်နေပြီး စနစ်တကျမရှိဘဲ ရှုပ်ထွေး နေတဲ့ အနေအထားမျိုးဖြစ်နေတယ်။ ဒါတွေကို ဖြုတ်သိမ်းပြီး လုံခြုံစွာ ထိန်းသိမ်းနိုင်ဖို့ စီစဉ်ရပါတယ်။ ပြန်လည် ကပ်လှူပူဇော်ဖို့ လုပ်ငန်း အစီအစဉ်တွေ ချမှတ်ရပါမယ်။

ဒါတွေ ဆောင်ရွက်တဲ့ အခါမှာလည်း ပွင့်လင်း မြင်သာ ရှိအောင် ဆောင်ရွက်သွားမှာပါ။ ပထမဆုံး အနေနဲ့ မီဒီယာတွေ ကို အသိပေးပြောကြားခြင်း ဖြစ်ပါတယ်''ဟု မဟာမုနိ ဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောသည်။

ရုပ်ရှင်တော်မြတ်ကြီးအား ပြုပြင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းများ နည်းတူ ရုပ်ရှင်တော်မြတ်ကြီး ကိန်းဝပ် စံပယ်တော်မူသည့် ကျောင်းတော်ကြီးနှင့် ဂန္ဓကုဋီတိုက် အတွင်း တို့တွင် လက်ရှိတပ်ဆင်ထားသော အလင်းပေး စနစ်နှင့် လေအေး ပေးစနစ်များတွင် ဝါယာကြိုးများနှင့်   ရေလိုင်းများ သွယ်တန်းမှု စနစ်အတွက် ပညာရှင်များနှင့် တိုင်ပင်ပြီး အကောင်းမွန်ဆုံး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘုရားကြီး ကျောင်းတော်ကြီးနှင့် ရင်ပြင်တော်များသို့ ဖိနပ်များ ယူဆောင်လာစေခြင်း မရှိစေရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အေးမြ(မန္တလေး)

Sources; ကြေးမုံ

No comments:

Post a Comment