Latest News

Wednesday, January 18, 2017

လက်နက်ကြီးကျည်ကျရောက်၍ ၎င်းအပါအဝင် မိသားစုဝင်ခြောက်ဦးဒဏ်ရာရခဲ့သော အိမ်ရှင်ဦးငြိမ်းချမ်းနှင့်တွေ့ဆုံခြင်း

လက်နက်ကြီးကျည်ကျရောက်၍ ၎င်းအပါအဝင် မိသားစုဝင်ခြောက်ဦးဒဏ်ရာရခဲ့သော အိမ်ရှင်ဦးငြိမ်းချမ်းနှင့်တွေ့ဆုံခြင်း

ဗမာသေလည်း တိုင်းရင်းသားပဲ။ ပလောင်သေလည်း တိုင်းရင်းသားပဲ။ ကချင်လည်းအတူတူပဲ။ ရှမ်းသေလည်း တိုင်းရင်းသားပဲ။ အဓိကက ဒီစစ်တွေမရှိဖို့၊ တိုက်ပွဲတွေမဖြစ်ဖို့က အဓိကပဲ

ဒဏ်ရာနှင့်အတူတွေ့ရသော အိမ်ရှင်ဦးငြိမ်းချမ်း ဓာတ်ပုံ−မောင်တာ
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့် ဆန်မြို့နယ်တွင် ဇန်န၀ါရီ ၁၀ရက် ကစ၍ တပ်မတော်နှင့်တအာင်း (ပလောင်)တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့(TNLA)တို့ကြား စစ်ရေး တင်းမာကာ
နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟုဆိုသည်။ နေ့စဉ်နီးပါး ဇန်န၀ါရီ၁၃ ရက်တွင်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။ နမ့်ဆန်ဒေသခံများ၏ အဆိုအရတိုက်ပွဲများ ဆက်လက်ပြင်းထန်နေခဲ့သည့်အတွက် ဇန်န၀ါရီ ၁၄ရက်မှစတင်ကာ နမ့်ဆန်ဒေသခံများသည် အိမ်တွင်မနေ၀ံ့တော့ဘဲ လားရှိုး၊ မန္တလေးစသည့် နီးစပ်ရာဒေသများသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ လက်ရှိတွင် လားရှိုးနှင့် မန္တလေးမြို့ပေါ်သို့ စစ်ဘေးရှောင် ထွက်ပြေး လာသည့်နမ့်ဆန်ဒေသခံ ၃၀၀ကျော် ရှိနေပြီဖြစ်သည်။

ဇန်န၀ါရီ ၁၂ရက်တွင် နမ့် ဆန်မြို့နယ်ဟိုချောင်းကျေးရွာရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာ မူလတန်းအရွယ်ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးပြီး လူရှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ လက်နက်ကြီးကျည်ဆန်ထိမှန်ကာ သေဆုံးသွားသောကလေးငယ်မှာ KG တန်းတွင် ပညာသင်ကြားနေသည့် အသက်(၉)နှစ်အရွယ် မိုင်းဇော်လင်းထွဋ်ဖြစ်ပြီး အခြားတစ်ဦးမှာ မန္တလေးမြို့မှ  လာရောက်သည့် အသက်(၄၀)အရွယ် စက်ဆရာဦး ကျော်မိုးဆိုသူတို့ဖြစ်သည်။ လက်နက်ကြီးကျည်ဆန်ထိမှန် ပေါက်ကွဲမှုခံခဲ့ရသည့် အိမ်ရှင်ဖြစ်သလို  ကိုယ်တိုင်နှင့်မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရကာ ဆေးဝါးကုသမှု ခံယူနေရသော အသက် (၅၈)နှစ် အရွယ် ပလောင်တိုင်းရင်းသား ဦးငြိမ်းချမ်းကို လားရှိုးဆေးရုံတွင် တွေ့ဆုံမေး မြန်းခဲ့သည်များထဲမှ အချို့ကိုဖော် ပြပါသည်။

လက်နက်ကြီးကျည်ဆန်ကျတယ် ဆိုတဲ့နေ့က ဘယ်လိုတွေဖြစ်တာလဲ။

ရွာမှာက ပွဲလုပ်ဖို့ရှိတယ်။ ဓမ္မစကြာဘုရားကျောင်းဆောင် သစ်ရေစက်ချဖို့၊ ကွန်ကရစ်လမ်း ရေစက်ချဖို့နဲ့ ဘုရားပရိဝုဏ်စတီး သံပန်းကာထားတာရေစက်ချဖို့အ တွက်။ အဲဒါက အဖိတ်နေ့မှာ ရေ စက်ချမှာ။ နောက်တစ်ခါ လပြည့် နေ့မှာ ကထိန်အောင်ပွဲလုပ်ဖို့ဆိုပြီး ပေါ့။ အဲဒီပွဲနှစ်ရက်မှာ စတိတ်ရှိုး ထွက်ဖို့အတွက်ဆိုပြီး ဗမာနာမည် နဲ့ဆိုရင် မြတ်တောင်သူတေးဂီတ အဖွဲ့ပေါ့။ စတိတ်ရှိုးက လပြည့်နေ့ နဲ့ အဖိတ်နေ့ထွက်ဖို့လုပ်နေတဲ့အ ချိန်မှာ ၁၀ရက်နေ့ည (ပြာသိုလ ဆန်း)မှာ မြို့ပေါ်မှာတိုက်ပွဲဖြစ် တယ်။ နောက်တစ်နေ့ ၁၁ရက်နေ့ မှာလည်း မနက် ၇နာရီခွဲကနေ ၈နာရီကျော်အထိ တစ်နာရီဝန်းကျင်လောက် ဇယန်းကြီးမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီလိုပဲ တိုက်ပွဲတွေ
ဖြစ်နေတယ်ဆိုရော အလှူရှင်တွေက မ တက်လာတော့ဘူးတဲ့။ အလှူရှင် တွေမလာဖြစ်တော့ လူငယ်အဖွဲ့ တွေလည်း စတိတ်ရှိုးမထွက်ဖြစ် တော့ဘူး။ နောက်ပြီးတော့ မန္တ လေးကနေ လူနှစ်ယောက်ခေါ်လာ တယ်။ သူတို့က ကျွန်တော့်အိမ်မှာ နေတယ်။ ခေါ်လာတာက စက်ညှိ ဖို့။ ကလေးတွေစတိတ်ရှိုးကတဲ့အ ချိန်မှာ စက်ညှိဖို့ပေါ့။ ခေါ်လာတဲ့ သူတွေက ကြေးစားခေါ်လာတာမ  ဟုတ်ဘူး။ စေတနာ့ဝန်ထမ်းတွေ။ ဘုန်းကြီးနဲ့သိလို့။ ဘုန်းကြီးတကာ
တွေမို့ လိုက်လာကြတာ။ ကိုကျော် မိုးတဲ့။ နှစ်ယောက်လုံးက ကိုကျော် မိုးပဲ။ နာမည်တူတယ်။ အဲဒါနဲ့ စ တိတ်ရှိုးက မဖြစ်တော့ဘူး။ အဲဒါနဲ့ လပြည့်နေ့ကျတော့ ကလေးတွေ ရော၊ လူငယ်တွေရော ဆုံကြတယ်။ ကျောင်းက
မျက်နှာစုံညီပွဲ ရှိတယ် ဆိုတော့ အဲဒီအတွက်ကို ကြိုပြီးအ ကတိုက်ကြမယ်ဆိုပြီး စက်ဆရာ တွေပါ လူစုပြီးခေါ်လာတယ်။ ကျောင်းက မူလတန်းကျောင်း။ အဲ ဒီကနေ နေ့လယ်ပိုင်းထမင်းစား သောက်ကြတယ်။ ပြီးတော့
အိမ်ပြင်မှာ စုထိုင်ပြီး ခဏနားနေကြ တာ။ နေ့လယ် ၁နာရီလောက်မှာ ဒိန်းဆိုပြီး သေနတ်သံကြားရတယ်။ ခဏနေတော့ တစ်ခါထပ်ပြီး ဘယ် ကျမလဲ၊ဘယ်ကျမလဲမသိဘူးဆို ပြီး အိမ်ထဲလာကျတာပဲ။ ကျွန်တော်တို့ မိသားစုတွေ
အားလုံးထိ တာပေါ့။ လူ ၃၀လောက်စုထိုင်နေ ကြတာ။ ၁၂ယောက်ဒဏ်ရာရ တယ်။ ၁၂ယောက်ထဲမှာ နှစ် ယောက်က ဒဏ်ရာနည်းနည်းသေး လို့ ဆေးရုံမတက်ရဘူး။ နောက်နှစ် ယောက်ကျတော့ တစ်ယောက်က ပွဲချင်းပြီး ဆုံးတယ်။ တစ်ယောက် ကကလေး။ ကလေးက နမ့်ဆန် ဆေးရုံမှာ ဆုံးတယ်။ ပွဲချင်းပြီးဆုံး တဲ့သူက အသက်(၃၅)၊ (၄၀) လောက်။ မန္တလေးက လာတဲ့သူ။ ကလေးကကျတော့ အခုမှKGတန်း တက်နေတုန်း။ (၆)နှစ် (၇)နှစ်
လောက်ပဲရှိသေးတယ်။ ကျန်တဲ့ သူတွေကတော့ နမ့်ဆန်ဆေးရုံ တက်ပြီး အခုလားရှိုးရောက်လာကြ တယ်။ ဒဏ်ရာပြင်းလို့ လားရှိုးကို ရောက်လာကြတာ ရှစ်ယောက် ပေါ့။ အဲဒီ ရှစ်ယောက်ထဲမှာကျွန် တော့်မိသားစုငါးယောက်
ပါတယ်။ ကျွန်တော်ရယ်၊ အမျိုးသမီးရယ်၊ သားရယ်၊ သမီးရယ်၊ သမက်ရယ်။ ငါးယောက်။ ပြီးတော့ မန္တလေးက ဧည့်သည်တစ်ယောက်လည်း ဒီဆေးရုံမှာပဲ။ မနေ့ကမှ (ဇန်န၀ါရီ ၁၅ရက်) ဆေးရုံကဆင်းပြီး မန္တလေး
ပြန်သွားတာ။ ဒဏ်ရာက ခေါင်းပေါက်တယ်။ ကျောမှာ မှန်တယ်။ အခုဆေးရုံမှာခုနစ်ယောက်ကျန်တယ်။

ဦးကြီးတို့အခုဆေးရုံတက်နေရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့သူကော ရှိသေးလား။

စိုးရိမ်ရတာတစ်ယောက်က တော့ တော်တော်စိုးရိမ်ရတယ်။ အခုသူရှိတယ်။ ဖြစ်သွားတာက ဗိုက်ထိတာပေါ့။ အခု အူကအပြင် ထုတ်ထားတယ်။ အူခြောက်မှ ပြန် ထည့်မယ်လို့ပြောတယ်။ အခုဆ ရာဝန်ကြီးပြောတာတော့ အခြေအ နေကောင်းတယ်လို့ ပြောပါတယ်။ ဗိုက်ကနေ အူထဲကို ကျည်ဆန်ဝင် သွားတာလို့ ပြောတယ်။ အဲဒါ ကြောင့် ဗိုက်ခွဲပြီး အူကိုအပြင်ထုတ် ထားတယ်။ အူခြောက်ပြီဆိုမှပြန် ထည့်မှာတဲ့။

သေဆုံးသွားတဲ့ ကလေးလေးရဲ့ မိဘတွေကော မပါလာဘူးလား။

သူတို့က မပါလာဘူး။ကလေး မိဘတွေက ဘာမှမဖြစ်ဘူး။ အမှန် တော့ ကလေးက လူစုတဲ့နေရာ၊ ကမယ့်နေရာလာကြတာပေါ့။ က လေးက ကမယ့်အထဲမပါဘူး။ လာ ကြည့်တာ၊ ၁၂ရက်နေ့ နေ့လယ် ၁နာရီခွဲလောက်မှာ
ဖြစ်သွားတာ။ ထမင်းစားပြီး  နားနေချိန်မှာဖြစ် တာ။ ကလေးက အဘွားနဲ့နေတာ။ နောက် ပွဲချင်းပြီးဆုံးသွားတဲ့တစ် ယောက်က ဧည့်သည်ပေါ့ဗျာ။ ကျွန်တော်တို့မိသားစုလိုက်ထိမှန် တာ စိတ်မနာဘူးဗျ။ ကျွန်တော်တို့ ဧည့်သည်ကို ထိတာ တအားဝမ်း နည်းတယ်ဗျာ။ ဒီဧည့်သည်က ကြေးစားလိုက်တဲ့သူလည်းမဟုတ် ဘူးဗျ။ သူက စေတနာ့ဝန်ထမ်းအ နေနဲ့ တက်လာတာ။ အခုလိုဖြစ် သွားတာ တအားဝမ်းနည်းတယ် ဗျာ။

အဲဒီတော့ လက်နက်ကြီးက အိမ် ပေါ်တည့်တည့်ကျတာလား။

အိမ်ပေါ်တည့်တည့်မဟုတ် ဘူးဗျ။ ကျွန်တော်တို့ အိမ်တံစက် မြိတ်မှာ ဘုရားစင်အောက်ကိုကျ တာ။ ဘုရားစင်နဲ့ အိမ်တံစက် မြိတ်ကြားက သမံတလင်းပေါ်မှာ ကျတာ။ သမံတလင်းပေါ်ကျတာ က တအားပြင်းထန်တော့ ကျွန် တော်တို့က အပြင်မှာထိုင်နေတာ ကို လွင့်သွားကြတာ။ ကျွန်တော်တို့ က ထမင်းစားပြီးတော့ အိမ်အပြင် မှာ ထိုင်နေကြတာ။ ဖြစ်ချင်တော့ အကတိုက်နေရင်လည်း လွတ် တယ်။ ထမင်းစားနေရင်လည်း လွတ်တယ်။ အခုဟာက ထမင်း စားပြီး ခဏထိုင်နားနေတုန်းဖြစ် သွားတာ။ ကျွန်တော့်အိမ်က အုတ် တံတိုင်းရှိတယ်။ အုန်းဆိုကွဲပြီး တော့ ပျဉ်ပြားတွေလည်းပေါက် ကုန်တယ်။ လူတွေလဲ လွင့်ပြီးလဲ ကုန်ကြတာ။

အိမ်ကဘယ်လိုအိမ်လဲခင်ဗျ။

အိမ်က ပျဉ်ကာ။ အောက်က သမံတလင်းခင်းထားတယ်။ အိမ် ကတော့ မပြိုဘူး။ ဒါပေမဲ့ ပျဉ်တွေ ကတော့ ဆန်ခါပေါက်ဖြစ်သွား တယ်။

အဲဒီအချိန်မှာ တိုက်ပွဲတွေဖြစ်နေ တာလားခင်ဗျ။

တိုက်ပွဲမဖြစ်ဘူး။ ဒီအတိုင်းပဲ လက်နက်ကြီးပဲ ထုတာ။

ဘယ်ကထုတာလဲခင်ဗျ။ သိရလား။

အင်း... ဟို ကျွန်တော်တို့ ပြောမယ်ဆိုရင်တော့ မြန်မာ။

တပ်မတော်ဘက်ကပစ်တဲ့ သ ဘောလား။

တပ်မတော်ဘက်က ပစ်တဲ့ သဘောပါပဲ။

ဦးကြီးတို့က အဲဒီလိုထင်တာလား။

အခုလည်းပစ်နေတာပါပဲ။ မနေ့ကဆိုရင်တစ်နေ့တည်း အ ချက် ခြောက်ဆယ်လောက်ပစ် တယ်။ ကျွန်တော်တို့ ၁၂ရက်နေ့ဖြစ် တယ်။ အသုဘပို့တာက ၁၃ရက် နေ့ပေါ့။ ၁၃ရက်နေ့ပို့တဲ့အချိန်မှာ မန္တလေးက အသုဘပို့လာတာရှိ တယ်။ အဲဒီအချိန်မှာပဲ သုံးချက် ထပ်ပစ်တယ်။ အိမ်တွေပေါ်တော့ မကျဘူး။ တခြားအိမ်တွေမှာလည်း မကျဘူး။ခုထိတော့ ကျွန်တော်တို့ အိမ်ပေါ်မှာပဲ ကျတာရှိတယ်။ ကျွန် တော်တို့ အိမ်က ကားလည်းထိတယ်။ အိမ်လည်း
ထိတယ်။ ပျက်စီးတယ်။

(မှတ်ချက် − လက်နက်ကြီး ကျည်ကျရောက်မှုမှာ TNLA ဘက်မှ ပစ်သော လက်နက်ကြီးဗုံးသီး ကျရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ TNLA ကလည်း တပ်မတော်ဘက်မှ ပစ်သော လက်နက်ကြီးဟု စွတ်စွဲထားသည်။ သို့သော် 7day ကမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။)

အိမ်ပေါ် မကျခင်မှာ အရင်ကကော လက်နက်ကြီးတွေက ပစ်ခတ်နေ တာရှိလား။

ရှိလိမ့်မယ်။ အရင်ကတော့ ပစ်တာကတော့ရှိတယ်။ မကြာခ ဏ၊ မကြာခဏပစ်တယ်။

မှားပစ်တဲ့ သဘောလား။ ဘယ်လို ကြောင့်ပစ်တယ်လို့ ထင်လဲ။

ကျွန်တော်ထင်တာပေါ့လေ။ ပြောမယ်ဆိုရင်တော့ ကျွန်တော် တို့နေရာမှာက တအာင်း၊ ပလောင်(TNLA) တွေရှိထားတာပေါ့လေ။ ဒီပတ်ဝန်းကျင်မှာ TNLA တွေရှိတယ်လို့ မကြာခဏကြားထား တော့ ခြိမ်းခြောက်တဲ့ သဘောနဲ့ ပေါ့။ ခြိမ်းခြောက်ပြီးပတ်တာကို အခန့်မသင့်လို့ဖြစ်သွားတာပေါ့။ ရွာထဲမှာ တိုက်ပွဲတော့ မဖြစ်ဘူး။

အဲဒီတော့ နှစ်ဖက်အဖွဲ့တွေက ရွာထဲကို မကြာခဏလာတာလား ခင်ဗျ။

အရင်တုန်းက မလာဘူး။ အဲ ဒီတစ်လောမှာပဲဖြစ်တာ။ ၁၀ ရက် နေ့ညရယ်၊ ၁၁ ရက်မနက်ရယ်။ အဲဒါပဲဖြစ်တာ။ အသံတွေကြားရ တယ်။ ဖြစ်တာက မြို့ပေါ်မှာ ဖြစ် တယ်။ ဇယန်းကြီးမှာဖြစ်တယ်။ ကျွန်တော့် အိမ်ကနေ လှမ်းမြင်ရ တယ်လေ။ ကျွန်တော် အသံတွေလည်း ကြားရတယ်။

ဦးကြီးတို့အိမ်မှာ ဖြစ်သွားတယ်၊ မိသားစုလိုက်လည်း ထိခိုက်ဒဏ် ရာရတယ်ဆိုတော့ အကူအညီ အထောက်ပံ့တွေကော ရလားခင် ဗျ။

ကူညီပေးကြပါတယ်။ ဒေသ ဦးစီးအဖွဲ့ကလည်း ကူညီပေး တယ်။ လားရှိုးဆေးရုံရောက် အောင်ပေါ့။ နမ့်ဆန်ဆေးရုံလည်း ပို့ပေးတယ်။ လားရှိုးဆေးရုံပြောင်း တော့လည်း ကားကြိုပေးပါတယ်။ လားရှိုးက လူကြီးတွေရော၊ ဌာန ဆိုင်ရာ လူကြီးတွေကရော ကူညီ ကြပါတယ်။ ငွေရေးကြေးရေး အနေနဲ့လည်း ကူညီပေးပါတယ်။

ဆုံးသွားတဲ့ ကလေးရဲ့ မိဘတွေကကော ဘယ်ကလဲ။

နမ့်ဆန်ကပဲ။ ကျွန်တော့်အိမ် နီးချင်းပါ။ ဟိုချောင်းကျေးရွာက ပဲ။ ကလေးက အဘွားနဲ့ပဲနေတာ။ အဖေရော၊ အမေရောက မရှိဘူး။ ဖားကန့်ဘက်တက်သွားကြတာ။ ကလေးက အမြွှာလေး။ ယော က်ျားလေးနှစ်ယောက်အမြွှာပေါ့။ အခုဆုံးသွားတာက အကြီးပေါ့။ အငယ်လေးကျန်နေခဲ့တယ်။ သူ တို့လည်း စီးပွားရေးက မရှိရှာကြ ဘူး။ ဆင်းရဲလို့ အဖေ၊ အမေတွေ က အပြင်ထွက်ရှာနေကြတဲ့အ ချိန် အဘိုး၊ အဘွားနဲ့ နေခဲ့ရတာ။ သူတို့အစ်ကို တစ်ယောက်
က ရှစ်တန်းကျောင်းသား။ နတလ ကျောင်းမှာ နေတာ။ ကလေးဆုံး တာ သူ့မိဘတွေ မသိလောက် သေးဘူး။ ဖုန်းအဆက်အသွယ်မရ သေးဘူး။ ကလေးက အဘွားနဲ့ပဲ နေတာ။

ဦးကြီးတို့ အခုလိုဖြစ်တာ ရွာမှာက ကော ဘယ်လိုတွေဖြစ်နေကြပြီလဲ။

အခုရွာမှာတော့ သိပ်မပြေး ကြဘူး။ လန့်တော့ လန့်ကြတာ ပေါ့လေ။ တခြားရွာက လူတွေက တော့ အခုလားရှိုးကို ရောက်နေ ကြပြီ။ ကယားလမ်းအုပ်စုက လူ တွေလည်း ထွက်ပြေးလာကြ တယ်။

အခုလိုတိုက်ပွဲဖြစ်နေတာနဲ့ပတ် သက်ပြီး ဘယ်လိုတွေ ခံစားနေရ လဲ။ ဘာတွေပြောချင်ပါသလဲခင် ဗျ။

ဖြစ်နိုင်ရင်တော့လေ ကျွန် တော်တို့ လူထုပေါ့၊ ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်းလည်း မဟုတ်တဲ့ ပြည်သူလူထုတွေ ခံရ တော့ အဓိကအရေးကြီးဆုံး ပြည် သူ့တပ်မတော်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေက အားလုံးပေါ့။ ငြိမ်း ငြိမ်းချမ်းချမ်းဖြစ်စေချင်တယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးရရင် တော့ အားလုံးအတွက် အကောင်းဆုံးပဲလို့ မျှော်လင့်ကြပါတယ်။ ဒီလို ဖြစ်လာကြတယ်ဆိုတော့ တိုင်းရင်းသားတွေ အချင်းချင်း ကြား မကောင်းဘူးဗျာ။ အခုပြော မယ်ဆိုရင်နော် ဖြစ်တာက ကျွန်တော်တို့အိမ်မှာဖြစ်တာ။ ပလောင် ရွာ၊ ပလောင်အိမ်၊ သေတာက ဗမာက လာသေသွားတယ်ဆိုတော့ ကျွန်တော်တအားဝမ်းနည်းတယ်။ စိတ်မကောင်းဘူးဗျာ။ ပလောင် သေလည်း တိုင်းရင်းသားပဲ၊ ဗမာသေလည်း တိုင်းရင်းသားပဲ။ ရှမ်း၊ ကချင်သေလည်း တိုင်းရင်းသားပဲ။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ငြိမ်းချမ်းရေးရသွားပြီဆိုရင်တော့ ကျွန်တော်တို့ ဒီအသံတွေဟာ မဖြစ်နိုင်တော့ဘူး။ အဓိက ကျွန်တော်တို့ ဒီငြိမ်းချမ်းရေးပဲရစေ ချင်တယ်။ ဖြစ်စေချင်တယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စီး ပွားရေး၊ လူမှုရေးဘာတွေထိခိုက် လဲ။ ဒေသခံတွေအတွက် ဘာတွေ ထိခိုက်နစ်နာပါသလဲ။

ဟာ . . . နစ်နာတယ်ခင်ဗျာ။ တိုက်ပွဲတွေမဖြစ်တောင်မှ စစ်ပွဲတွေရှိနေတော့ ကျွန်တော်တို့ စီးပွားရေးတအားဆုတ်ယုတ်ကျဆင်း တယ်။ ဘာသာရေးရယ်၊ ပညာရေးရယ်၊ စီးပွားရေးရယ် တအားကျ တယ်ဗျ။ ဘာမှစည်းရုံးလို့ မရဘူး။ သွားလို့မရဘူး။ အခုကျွန်တော် တို့ ဘာသာရေးအရ ရေစက်ချဖို့ တောင်မှ မလုပ်ဖြစ်ဘူး။ အဲဒါ ကျွန်တော်တို့ ဘာသာရေးအရ တ အားကျသွားတယ်။ ဒီရေစက်ချပွဲ ကဆိုရင် ကျွန်တော်တို့ နမ့်ဆန်၊ ဟိုချောင်းကတင် မဟုတ်ဘူး။ ရန် ကုန်ပါတယ်၊ မန္တလေးပါတယ်။ အဲဒီကအလှူရှင်တွေနဲ့ လုပ်ထား တာ ခင်ဗျ။ အလှူရှင်တွေက မလာရဲတော့ဘူးဖြစ်သွားတယ်။ ဘာသာရေးအရ ကျသွားတယ်။ ပြီးတော့ အခုစုံညီပွဲတော်ဆိုတာကလည်း ကလေးတွေရဲ့ ပညာရေးအတွက် စိတ်ဓာတ်တက်အောင်ဆိုပြီး လုပ် တာပဲ။ အဲဒီပွဲလည်း အခုလိုတွေဆို တော့ ပွဲလည်းဖြစ်ချင်မှ ဖြစ်တော့မှာ။ ပညာရေးလည်း တအားကျ သွားတယ်။ စီးပွားရေးလည်း ဘယ်သူမှ ရဲရဲ
မလုပ်ရဲတော့ဘူး။ ကျွန် တော်တို့က လက်ဖက်လုပ်တယ်။ ပစ်ခတ်နေတော့ သေနတ်သံတွေ ကြားနေရတော့ ဘယ်သူမှ မသွား ရဲကြတော့ဘူး။

အခုလို လူသေဆုံးတဲ့အထိ ဖြစ် လာတဲ့အပေါ်မှာ နှစ်ဖက်လက် နက်ကိုင်အဖွဲ့တွေအနေနဲ့ ဘာ တွေလုပ်ပေးစေချင်လဲ။ ဘာတွေ တာဝန်ယူစေချင်လဲ။

ကျွန်တော်တို့က ဘာတွေ လုပ်ပေးစေချင်တယ်ဆိုတာမျိုး မဟုတ်ဘူးဗျာ။ အဓိကကတော့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ပွဲတွေမဖြစ်ဖို့ပဲ။ ငြိမ်းချမ်းရေးယူ ကြဖို့က အဓိကပဲ။ ကျွန်တော်တို့ကို ပိုက်ဆံပေးလိုက်ရင်လည်း ပိုက် ဆံက သုံးရင်ကုန်တယ်။ အဓိက တော့ နှစ်ဦးနှစ်ဖက်က နားလည်မှု ရှိထားရင်တော့ ကျွန်တော်တို့အ တွက်က အများကြီးအကျိုးအမြတ် ရှိတယ်ဗျ။ ပိုက်ဆံပေးရင် တစ် ယောက်တည်းပဲ သုံးရတယ်။ ဒီနှစ် ဖက်အဖွဲ့တွေက ညီသွားပြီဆိုရင် အားလုံးပြည်သူလူထုအတွက် အ ကျိုးရှိမယ်။ တိုက်ပွဲတွေမဖြစ်တာ က အကောင်းဆုံးပဲ။ ဗမာသေ လည်း တိုင်းရင်းသားပဲ။ ပလောင် သေလည်း တိုင်းရင်းသားပဲ။ ကချင်လည်း အတူတူပဲ။ ရှမ်းသေလည်း တိုင်းရင်းသားပဲ။ အဓိက ဒီစစ် တွေမရှိဖို့။ တိုက်ပွဲတွေမဖြစ်ဖို့က အဓိကပဲ။

ကျေးဇူးတင်ပါတယ်။

Sources: မောင်တာ ( 7Day News Journal )

No comments:

Post a Comment