Latest News

Sunday, January 8, 2017

သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော်ပွား လှည့်လည် ကိန်းဝပ်အပူဇော်ခံ

သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော်ပွား လှည့်လည် ကိန်းဝပ်အပူဇော်ခံ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၈

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ ဗုဒ္ဓစွယ်တော်တိုက်မှ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော်၌ ပူဇော်ရန် ပင့်ဆောင်လာခဲ့သည့် ဗုဒ္ဓမြတ်စွယ်တော်ပွားကို မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ်မှ ပင့်ဆောင်လာရာ ဇန်နဝါရီ ၇ ရက် မွန်းလွဲ ၁ နာရီခွဲခန့် တွင် ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိခဲ့ပြီး မြို့တွင်းသို့ လှည့်လည် အပူဇော်ခံ၍ မဟာစေတီကြီးဘုရားဝင်းရှိ အောင်ဓမ္မာရုံတော်ကြီး၌ တစ်ညတာကိန်းဝပ်စံပယ် မည် ဖြစ်ကြောင်း သိရသည်။

ဗုဒ္ဓမြတ်စွယ်တော်ပွားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့ လည်ပေါ်သာသနာ့ဗိမာန်တော်ကြီး၌ ထားရှိပူဇော်ရန် အတွက် သီရိလင်္ကာနိုင်ငံမှ ဆရာတော်ဘန္ဒ္တ ပညာသီရိ၏ စီစဉ်ပေးမှုဖြင့် ပင့်ဆောင် ပူဇော်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး စွယ်တော်ပွားကို (၂၂-၁၂-၂ဝ၁၆)ရက်မှ (၂၈-၁၂-၂ဝ၁၆) ရက်အထိ သီရိလင်္ကာနိုင်ငံ ဗုဒ္ဓစွယ်တော်တိုက်တွင်အပူဇော်ခံပြီး (၂၉-၁၂-၂ဝ၁၆) ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ (International meditation
centre)အင်တာနေရှင်နယ် မက်ဒီတေးရှင်းစင်တာကျောင်း၌ (၂၉-၁၂-၂ဝ၁၆)ရက် မှ (၄-၁-၂ဝ၁၇) ရက်အထိ ကိန်းဝပ်အပူဇော်ခံခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီ ၅ ရက် ည ၁ဝ နာရီတွင် ယင်းကျောင်းတိုက်တော်မှ ကိုလံဘိုလေဆိပ်သို့ ပင့်ဆောင်ပူဇော်ပြီး TG Thailand airway ဖြင့် ပင့်ဆောင် လာရာ ဇန်နဝါရီ ၆ ရက် နံနက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။ ထို့နောက် နံနက် ၁ဝ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှKBZ airway လေယာဉ်ဖြင့် ညောင်ဦးလေဆိပ်သို့ ပင့်ဆောင်လာရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ပြီး ညောင်ဦးလေဆိပ်မှ ချောက်မြို့သို့ ပင့်ဆောင်၍ တစ်ညတာကိန်းဝပ် အပူဇော်ခံခဲ့ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီ ၇ ရက် နံနက် ၈ နာရီတွင် ချောက်မြို့ မှ ကျောက်ပန်းတောင်း မြို့သို့ ပင့်ဆောင်ခဲ့ပြီး ကျောက်ပန်းတောင်းမြို့၌ တစ်ညတာကိန်းဝပ်အပူဇော်ခံ၍ ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီတွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့သို့ ဆက်လက်ပင့်ဆောင်ပူဇော်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ပွားမြို့တွင်းသို့ လှည့်လည်ပင့်ဆောင်အပူဇော်ခံရာ သို့ ကျောက်ပန်းတောင်းမြို့မှ ဗုဒ္ဓဝေယျာဝစ္စအဖွဲ့များနှင့် ဝတ်အသင်းများက လိုက်ပါ ပူဇော်ခဲ့ကြပြီး ညပိုင်းတွင် မြို့မရပ်ကွက်ရှိ မဟာစေတီကြီးဘုရား အောင်ဓမ္မာရုံ ကြီး၌ ကိန်းဝပ်အပူဇော်ခံထားရှိရာ မြိ့ပေါ် ရပ်ကွက်များမှ ဘုရားဖူးပြည်သူများအပြင် ကျေးရွာများမှ ဘုရားဖူးပြည်သူများပါ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

Sources; နေအောင်(ပြန်/ဆက်)

No comments:

Post a Comment