Latest News

Monday, January 9, 2017

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့၌ စည်းကမ်းပျက်ယာဉ်များကို ဓာတ်ပုံရိုက်၍ တိုင်တန်းသည့် အမှုပေါင်း ၁၂၀၀၀ ကျော်ရှိ

၂၀၁၆ ခုနှစ်အတွင်း ရန်ကုန်မြို့၌ စည်းကမ်းပျက်ယာဉ်များကို ဓာတ်ပုံရိုက်၍ တိုင်တန်းသည့် အမှုပေါင်း ၁၂၀၀၀ ကျော်ရှိ



ရန်ကုန်မြို့၌ ၂၀၁၆ ခုနှစ်အတွင်း စည်းကမ်းပျက်ယာဉ်များကို ဓာတ်ပုံရိုက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ OCC (Online Complaint Centre) ဌာနသို့ တိုင်တန်းသည့် အမှုပေါင်း ၁၂၀၀၀ ကျော်ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး (ရန်ကုန်) မှ သိရသည်။

ရန်ကုန်မြို့အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်သည့် ယာဉ်များကို ပြည်သူများက ဓာတ်ပုံရိုက်၍ OCC ဌာနသို့ Viber ဖြင့်ပေးပို့တိုင်တန်းသည့် စနစ်အား ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်တွင် အမှတ် (၂) ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ OCC ဌာနသို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီတွင် တိုင်တန်းမှုပေါင်း ၁၃၁၉ မှု၊ ဖေဖော်ဝါရီတွင် ၁၁၀၂  မှု၊ မတ်တွင် အမှု ၁၀၇၀၊ ဧပြီတွင် ၉၈၃ မှု၊ မေတွင် ၁၃၈၁ မှု၊ ဇွန်တွင် ၁၉၀၂ မှု၊ ဇူလိုင်တွင် ၁၀၈၅ မှု၊ သြဂုတ်တွင် ၁၁၈၅ မှု၊ စက်တင်ဘာတွင် ၇၀၁ မှု၊ အောက်တိုဘာတွင် အမှု ၄၅၀၊ နိုဝင်ဘာတွင် ၃၂၅ မှု၊ ဒီဇင်ဘာတွင် ၅၀၈ မှုဖြင့် စုစုပေါင်း ၁၂၀၁၁ မှုအထိရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူများက စည်းကမ်းပျက်ယာဉ်များကို တိုင်တန်းသည့် အမှုများထဲမှ အမှုပေါင်း ၈၅၀၀ ကို မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူခဲ့ပြီး ဒဏ်ကြေးငွေ ပေးဆောင်ရသည့်အမှု ၅၆၉၆ မှုရှိကြောင်း သိရသည်။ အဆိုပါ တိုင်တန်းမှုများထဲမှ ၂၈၀၄ မှုအား အရေးယူရန် ကျန်ရှိနေကြောင်း သိရသည်။

စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား ပြည်သူများက Viber မှတစ်ဆင့် တိုင်ကြားလိုပါက စည်းကမ်းချိုးဖောက်သော ယာဉ်၏ နံပါတ်ပြားကို ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့် ဓာတ်ပုံများကို ပေးပို့ရန်၊ သတ်မှတ်ထားသည့် လမ်းညွှန်အမှတ်အသား၊ စည်းသားထားသည့် အမှတ်အသားများ ပေါ်လွင်အောင် ရိုက်ကူးပေးပို့ရန်နှင့် ဓာတ်ပုံများပေးပို့ရာတွင် ကျူးလွန်သည့်ယာဉ်၏ နေရာနှင့်အချိန်တို့ကို ထည့်သွင်းပေးပို့ပေးရန် သတ်မှတ်ထားသည်။

အဆိုပါ အချက်အလက်များနှင့် ပြည့်စုံသည့် ဓာတ်ပုံများကိုကြည့်၍ စည်းကမ်းချိုးဖောက်သည့် ယာဉ်များကို အရေးယူမည်ဖြစ်ကြောင်း သိရသည်။

စည်းကမ်းပျက်ယာဉ်များအား ပြည်သူများက ဓာတ်ပုံရိုက်ကူး၍ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉-၇၇၇၄၃၆၂၃၂၊ ၀၉- ၇၇၇၄၃၆၂၃၃၊ ၇၇၇၄၃၆၂၃၄ စသည့် ဖုန်းနံပါတ်များသို့ တိုင်တန်းနိုင်ကြောင်း သိရသည်။

Sources; ရှိုင်းလင်းအောင်/Eleven Media Group

No comments:

Post a Comment