Latest News

Wednesday, January 18, 2017

စင်ကာပူကို ကျော်ချင်သလား

စင်ကာပူကို ကျော်ချင်သလား

စင်ကာပူနိုင်ငံဟာ  လွတ်လပ်ရေးရတော့ ပြည်သူတွေအတွက် ပို့ဆောင်ရေးစနစ်မှာ ဘတ်စ် ကားတွေ အလုံအလောက်မရှိပါဘူး။ ရှိတဲ့ ဘတ်စ်တွေကလည်း အိုဟောင်းပြီး အပျက်တွေကများတယ်။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်စနစ်နဲ့ မြို့တော်ကို ကောင်းအောင် စီမံလုပ်ဆောင်ကြဖို့ အားခဲထားပေမယ့် ရန်သူပတ်လည်ဝိုင်းထားသလို ဖြစ်နေတယ်။ ရန်ကုန်အတိုင်းပဲ။ စီမံခန့်ခွဲမှုတွေက ဟိုကြောက်ရ သည် ကြောက်ရ။ ဘတ်စ်ကားတွေရဲ့ ပြည်သူတွေကိုဝန်ဆောင်မှုကလည်းညံ့၊ ဘတ်စ်ကားတွေကလည်း စုတ်ပြတ်ပေါ့။

အဲဒီအချိန်က စင်ကာပူမှာလည်း မထသ လို STC ဆိုတဲ့ ကုမ္ပဏီတစ်ခုတည်းက လွှမ်းမိုးချုပ်ကိုင်ထားတာ။ မြို့ထဲ ပတ်ဆွဲနေတာ အဲဒီတစ်လိုင်းလောက်ပဲရှိတယ်။ တရုတ်လူမျိုးတွေပိုင်တဲ့ ပုဂ္ဂလိက ဘတ်စ်ကားတွေ လည်းရှိတယ်။ အဲဒီကားတွေကတော့ မြို့ပြနဲ့ ဝေးတဲ့နေရာတွေမှာ ပြေးဆွဲကြရတယ်။ မြို့ထဲက မြို့ပြင် တစ်ကြောင်း၊ မြို့ပြင်က ကျေးရွာတွေတစ်ကြောင်း ဒီလိုပဲ ပြောင်းစီးကြရတယ်။

STC ကုမ္ပဏီက စင်ကာပူဘတ်စ်ကားလိုင်းကို နှစ်ပေါင်း ၃၀ လောက် စိုးမိုးခဲ့တာ။ ပြိုင်ဘက်မရှိကို စိုးမိုးခဲ့တာ။ ပြည်သူတွေကို ညံဖျင်းတဲ့ ဝန်ဆောင်မှုတွေ၊ လူပါးဝတဲ့ ဆက်ဆံမှုတွေအပြင် ပြိုင်ဘက်တွေ ပေါ်လာရင်လည်း နှိမ်နင်းလိုက်တာပဲ။

လူတွေများလာ၊ ကားတွေ ညံဖျင်း၊ ဝန်ဆောင်မှုကလည်း စုတ်ပြတ်၊ ဒီကြားထဲ မောင်းသူမရှိလို့ဆိုပြီး ရပ်ထား လို့ ခရီးသွားတွေ ဒုက္ခရောက်ရတာကလည်းရှိသေး။  နောက်ပိုင်း အခြေအနေတွေက ပိုဆိုးလာတယ်။

အဲဒီအချိန်မှာ ဘတ်စ်ကားပေါ်က ဒရိုင်ဘာတွေ စပယ်ယာတွေကလည်း မြန်မာပြည်က မထသ ဂိုဏ်းစတား တွေလို လူပါးဝ မိုက်ရိုင်း ထွားကြိုင်းကြပါသတဲ့။ အဲဒီမောင်တွေက ကွန်မြူနစ်ပါတီထဲဝင် သမဂ္ဂတွေထောင် သပိတ်တွေမှောက်၊ လစာတွေတိုးတောင်း၊ မရရင် ကားမထွက်ဘူးဆိုတာတွေ လုပ်လာကြတယ်။ မကြာခဏ သပိတ်တွေမှောက်တော့ ဒုက္ခရောက်ရတာက ပြည်သူတွေ။

၁၉၇၀ အစောပိုင်းမှာ အစိုးရက ဘတ်စ်ကားစနစ်ကို ပြန်ကိုင်တယ်။ ဘတ်စ်ကား ကုမ္ပဏီအစုအဖွဲ့လေးတွေကို ပေါင်းခိုင်းလိုက်တယ်။ STC နယ်က ကျဉ်းလာတယ်။ အစိုးရက ဘတ်စ်ကားအဖွဲ့တွေကို စင်ပြိုင်ခွင့်ပြုပြီး ပြေးဆွဲခိုင်းတယ်။ ဒါလည်း ပို့ဆောင်ရေးမှာ အဆင်မပြေသေးဘူး။ ဘတ်စ်ကားတွေ ပြတ်၊ ခရီးသည်တွေ အခက်တွေ့ကြတုန်းပဲ။

အစိုးရဟောင်းတုန်းက STC ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေကို ဖျက်ရတယ်။ အရင်က ယှဉ်ပြိုင်ခွင့် မပြုဆိုတာတွေကို ဖျက်သိမ်းရတယ်။ အစိုးရက STC ဆိုတဲ့ လိုင်းကို မရ ရအောင်ဖျက်ပြီးတော့ ခေတ်သစ် စနစ်သစ်နဲ့ Singapore Bus Service (SBS) ဆိုတာကို ရအောင်ထောင်၊ အောင်မြင်အောင် လုပ်ခဲ့တယ်။

စင်ကိုပူကို ကျော်ချင်သလား စင်ကာပူလို လုပ်ဖို့လိုသဗျ။ ဟိုက ၁၉၇၀ ကတည်းက လုပ်ခဲ့တာဆိုတော့ ကျွန်တော်တို့က နှစ်ပေါင်း ၄၀ ကျော်လောက်တောင် နောက်ကျကျန်နေပြီ။

အိညောင့် အိညောင့် သွားလုပ်လို့ကတော့ အစွယ်မချိုးရသေးတဲ့ကောင်တွေက အရိုးပါပြောင်သွားအောင် ဝါးစားသွားလိမ့်မယ်။

ကိုကြီးဖြိုးရေ တောင့်ထား၊ စင်ကာပူ စံနှုန်းအတိုင်းသွား။

ဟိုမှာလည်း မထသလို STC ကို အပြတ်ဆော်ခဲ့ပြီး ကောင်းအောင်လုပ်ခဲ့ရတာ။ နမူနာတွေယူပါဗျာ။

၁၈.၁.၂၀၁၇

Sources Writer: ဆရာတင်ညွှန့်

No comments:

Post a Comment