Latest News

Monday, January 9, 2017

ဖရူဆိုမဲဆန္ဒနယ် လက်လွှတ်ခဲ့ရသည့်ကိစ္စ တာဝန်ရုပ်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း ဦးဉာဏ်ဝင်းပြော

ဖရူဆိုမဲဆန္ဒနယ် လက်လွှတ်ခဲ့ရသည့်ကိစ္စ တာဝန်ရုပ်သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း ဦးဉာဏ်ဝင်းပြော

ကြားဖြတ်ရွေးကောက် ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် တစ်ခုဖြစ်သည့် ကယားပြည်နယ် ဖရူဆိုအမှတ် (၁) မဲဆန္ဒနယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရန် ပျက်ကွက် ခဲ့ခြင်းကြောင့် ပြည်နယ် ပါတီ ခေါင်းဆောင်များ တာဝန်မှ ရုပ် သိမ်းသည်အထိ အရေးယူခံရနိုင်ကြောင်း ပါတီဗဟို အလုပ်အမှု ဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ကျွန်တော်တို့ တာဝန်ရုပ် သိမ်းတာတွေ ဖြစ်နိုင်တာပေါ့။ ကျွန်တော်တို့ အများဆုံးသုံးခဲ့တာ တော့ တာဝန်ရုပ်သိမ်းတာ’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

သို့သော် ခြားနားသည့် အရေး ယူမှုမျိုးလည်း ဖြစ်လာနိုင်ကြောင်း ၎င်းက မယုတ်မလွန်ပြောကြား သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ် ဒီချုပ်ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူနှင့် ဖရူဆို မြို့နယ် ဒီချုပ်ဥက္ကဋ္ဌတို့ကိုသာ အရေးယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘ပါတီဥက္ကဋ္ဌတို့၊ အတွင်း ရေးမှူးတို့ဆိုတာ ဘာလို့ အလ ကား ဒီရာထူးယူလဲ။ ဒီအလုပ် တွေလုပ်ရမှာ’’ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယင်းပျက်ကွက်မှုကြောင့် ဖရူဆိုမဲဆန္ဒနယ်ကို ဒီချုပ်ကကြားဖြတ်ရွေးကောက်ပွဲတွင် ဝင် ရောက် မယှဉ်ပြိုင်ရတော့ဘဲ လက်လွှတ်ခဲ့ရသည်။

ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များ အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းကို ၂၀၁၆ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင် ဘာ ၇ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ထားသည်။

သို့သော် အချိန် ၁၀ ရက်ပေးထားသော် လည်း ဖရူဆိုမှ ဝင်ရောက်ယှဉ်ပြိုင် မည့် ဒီချုပ်ကိုယ်စားလှယ်လောင်း အတွက် သတ်မှတ်ရက်အတွင်း စာရင်းမပေးနိုင်ခဲ့ပေ။

‘‘အခုဖြစ်စဉ်က ပေါ့တာ ပေါ့။ ဝတ္တရားကျေ အကြောင်း ကြားတယ်။ အကြောင်းကြားတဲ့ ဟာကို လက်ခံရရှိခြင်းရှိ၊ မရှိ နောက်ဆက်တွဲ မလိုက်ဘူး။ မလိုက်တော့ မသိဘူး။ သိတဲ့အချိန်မှာတော့ နောက်ကျနေပြီ။ အဲဒီလိုဖြစ်တာ’’ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မဲဆန္ဒနယ် ၁၄ ခုသာရှိသော ကယားပြည်နယ် လွှတ်တော်မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဒီချုပ်က ၁၁ နေရာ အနိုင်ရရှိ ပြီး ပြည်ခိုင်ဖြိုးက သုံးနေရာအနိုင်ရခဲ့သည်။ ယခုလစ်လပ် မဲဆန္ဒနယ်ဖြစ်သည့် ဖရူဆိုအမှတ် (၁) မှ ဒီချုပ်ကိုယ်စားလှယ်ဦးသိုးရယ် ကွယ်လွန်သွား၍ လစ်လပ်ခဲ့ခြင်းဖြစ်သည်။

ဖရူဆိုအမှတ် (၁) မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်ရန် အမျိုးသားတိုးတက်ရေးပါတီ၊ ပြည်ခိုင်ဖြိုး ပါတီနှင့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)တို့က အမည်စာရင်းပေးထားသည်။
ဒီချုပ်သည် ယင်းသို့ လက်လွှတ်ခဲ့ရသည်မှာ ပထမဆုံး အကြိမ်မဟုတ်ဘဲ ၂၀၁၅ ရွေးကောက်ပွဲကလည်း ကယားပြည်နယ်၌ပင် ဖြစ်ခဲ့ဖူးသည်။

အမျိုးသားလွှတ်တော်အမှတ် (၁၀)မဲဆန္ဒနယ်တွင် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးဖြိုးဝေအောင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် သတ်မှတ်ထားသည့် အသက် (၃၀)နှစ်မပြည့်သေး၍ မပြိုင်လိုက်ရဘဲ ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးစိုင်းသာစိန်က အနိုင်ရခဲ့သည်။

Sources; 7Day News Journal

No comments:

Post a Comment