Latest News

Monday, December 12, 2016

တရုတ်ဝယ်လက် ဈေးနှိမ်သောကြောင့် မန္တလေးကျောက်စိမ်းဈေးကွက်ပျက်

တရုတ်ဝယ်လက် ဈေးနှိမ်သောကြောင့် မန္တလေးကျောက်စိမ်းဈေးကွက်ပျက်

မန္တလေး၊ ဒီဇင်ဘာ ၁၂

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ရှိ မဟာအောင်မြေ ကျောက်စိမ်းဈေးကွက် ယခုနှစ်လယ်ပိုင်းကစ၍ ကျောက်အရောင်းအ၀ယ် အေး နေရာမှ တရုတ်ဝယ်လက်များက ဈေးနှိမ်ဝယ်လာသောကြောင့် ကျောက်စိမ်းဈေးကွက် ပျက်နေကြောင်း အဆိုပါကျောက် စိမ်းဈေးကွက်အတွင်း ရောင်းချနေသူများထံမှ သိရသည်။

ယင်းအပြင် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီးတွင် တိုက်ပွဲများ ဖြစ်နေ၍ တရုတ်နိုင်ငံမှ ကျောက်စိမ်း ကုန်သည် အများစုအနေနှင့်  မန္တလေးမြို့သို့ဆင်း၍ ၀ယ်ယူမှု နည်းပါးသွားခြင်းကြောင့်လည်း ကျောက်စိမ်းဈေးကွက် ပျက်ရသည်ဟု အဆိုပါ ကျောက်စိမ်းဈေးကွက်အတွင်း ကျောက်အရောင်းအ၀ယ် လုပ်ဆောင်သူ ဦးအောင်မျိုးသူက ပြောကြားသည်။

"ရွှေလီဘက်က ကုန်သည်တွေ ဆင်းလာတာ နည်းသွားသလို ဒီမှာရှိနေတဲ့ တရုတ်ဝယ်လက်တွေကလည်း ဈေးနှိမ်ပြီးဝယ်တယ်။ ဒီတော့ ဈေးကွက်က တဖြည်းဖြည်းပျက်လာတယ်၊ သိန်းထောင်ချီတဲ့ကျောက်တို့ သိန်းရာကြီးပိုင်း ကျောက်တွေ အရောင်းအ၀ယ်ဖြစ်တာ  နည်းသွားတာပေါ့၊ ပြည်တွင်းဈေးကွက်မှာက သိန်းဆယ်ဂဏန်းလောက်ရှိတဲ့ ကျောက်တွေပဲ အရောင်းအ၀ယ်ရှိတော့တယ်" ဟု ၎င်းကရှင်းပြသည်။

ပြည်တွင်း၌ တရုတ်ဝယ်လက် နည်းပါးသွားသည့်အပြင် ရာဖြတ်ဌာနတွင် အခွန်ဆောင်၍ ရွှေလီဈေးကွက်၌ တရားဝင်ရောင်းချမည့်သူများ အနေနှင့်လည်း လုံခြုံရေး အနေအထားများကြောင့် တွန့်ဆုတ်နေကြကြောင်း မန္တလေးမြို့ခံ ကျောက်ကုန်သည် ဦးမြင့်ကိုက ပြောကြားသည်။

"ဒီမှာရှိတဲ့ဈေးကွက်အမှာလည်း အရောင်းအ၀ယ်မဖြစ်။ ရွှေလီဘက် သွားရောင်းဖို့ဆိုတော့လည်း စွန့်စားရမယ့် အနေအထားဆိုတော့ အခုချိန်မှာက ကျောက်စိမ်းသမားတွေ အကျပ်အတည်း ဖြစ်နေတဲ့အချိန်ပဲ" ဟု ၎င်းကမှတ်ချက် ပြုသည်။

လတ်တလောတွင် ကျောက်စိမ်းဈေးကွက် အေးနေသော်လည်း ယခုနှစ်ကုန်ပိုင်းနှင့် နှစ်ကူးချိန်တို့တွင် ကျောက်စိမ်းဈေးကွက် အနည်းငယ် ပြန်လည် ကောင်းမွန်လာနိုင်ကြောင်း မဟာအောင်မြေ ကျောက်စိမ်းဈေးကွက်အတွင်း ကျောက်ရောင်းဝယ် ပြုလုပ်နေသူများထံမှ သိရသည်။
M-03

Sources ; မြန်မာ့ကျောက်စိမ်းဈေးကွက် : The Voice

No comments:

Post a Comment