Latest News

Monday, December 12, 2016

မန္တလေးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၌ ဖောက်ခွဲရေးပစ္စည်းများဖမ်းမိ

မန္တလေးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်း၌ ဖောက်ခွဲရေးပစ္စည်းများဖမ်းမိ


မန္တလေး၊ ဒီဇင်ဘာ ၁၂

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခု အတွင်း ခွင့်ပြုချက်မရှိဘဲ ဖောက်ခွဲရေး ပစ္စည်းများ ရောင်းချနေသူများကို ယင်း ပစ္စည်းများနှင့်အတူ ဒီဇင်ဘာလ ၁၁ ရက် နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မဟာအောင်မြေမြို့နယ် ဒေးဝန်း အရှေ့၊ ကျောင်းကုန်းရပ်ကွက်အတွင်းရှိ  ရေပန်းဘုန်းကြီးကျောင်းတိုက်အတွင်း ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ထားကြောင်းသတင်းအရ ၀င်ရောက်ရှာဖွေရာ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

"ကျောက်မိုင်းတွေ ရွှေမိုင်းတွေအတွက် ပြန်လည်ရောင်းချဖို့ သိုလှောင်ထားတာလို့သိရတယ်။ ဒီပစ္စည်းတွေက တရားဝင်လိုင်စင်နဲ့ စနစ်တကျ လုပ်ကိုင်ရမယ့်ပစ္စည်းတွေ။ အခုသိုလှောင်ထားသူတွေက တရားမ၀င်လုပ်ကိုင်နေတာ" ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့ပေါ်၌ ယခုကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများ ဖမ်းဆီးရမိခြင်းသည် ဒေသခံပြည်သူများအတွက် ထိတ်လန့်ဖွယ်ဖြစ်ကြောင်း၊ အန္တရာယ်ရှိပစ္စည်းများကို  သိုလှောင်ထားခြင်းမျိုး မလုပ်သင့်ကြောင်း အဆိုပါဘုန်တော်ကြီးကျောင်းအနီးတွင် နေထိုင်သူ ဦးသိန်းဦးက ပြောကြားသည်။

"ဖောက်ခွဲရေးပစ္စည်းတွေ တွေ့တယ်ဆိုတော့ လန့်သွားတယ်၊ ရန်ကုန်မှာ အသေးစားပေါက်ကွဲမှု ဖြစ်နေတယ်လို့ ကြားနေရတဲ့ အချိန်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ သိုလှောင်ထားတယ်ဆိုတော့ လန့်စရာပေါ့ဗျာ၊ လုပ်ငန်းသုံးဖြစ်နေပါစေ ဦးတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်ကြတာပဲလေ" ဟု ၎င်းကပြောဆိုသည်။

ယင်းဖောက်ခွဲပစ္စည်းများနှင့်အတူ ဖမ်းဆီးခံရသူများသည် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရေပန်းဘုန်းကြီးကျောင်းတိုက်သို့ ရောက်ရှိလာပြီး တည်းခိုနေထိုင်ခွင့် တောင်းခဲ့သောကြောင့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်း လုပ်ကိုင်သည်ကို မသိသောကြောင့် တည်းခိုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ရေပန်းဘုန်းကြီး ကျောင်းတိုက် လက်ဖက်အုဋ်ကျောင်းမှ အသက် ၃၅ နှစ် အရွယ်ရှိ သံဃာတော်တစ်ပါးက မိန့်ကြားသည်။

တိုင်းမှုခင်းအကူတပ်ခွဲနှင့် ၉၁၀ အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ရှိသူများက ရေပန်းကျောင်းတိုက်အတွင်း ၀င် ရောက်ရှာဖွေရာ လိုက်ထရပ်ယာဉ်တစ်စီးပေါ်မှ အမိုနီယားနိုက်ထရိုက် မြေဆီအိတ်များနှင့် တရုတ်နိုင်ငံထုတ် လျှပ်စစ်စနက်တံ (ဒီတိုနေတာ) ၂၀၀ ချောင်း၊ ကျောင်း ဆောင်တစ်ခုအတွင်းမှ လျှပ်စစ်စနက်တံ  ၁၃၁ ချောင်း၊ အိန္ဒိယနိုင်ငံထုတ် SOD မီးရှို့စနက်တံ ၁၇၃ ချောင်းတို့  စစ်ဆေး တွေ့ရှိခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ခွဲထံမှ သိရသည်။

ယင်းဖောက်ခွဲပစ္စည်းများနှင့် အတူ တွေ့ရှိခဲ့သည့် သူရိန်ဖြိုး (ခ) သူရိန်နှင့်  ရဲစိမ်းအောင်တို့ကို အမှတ် ၇ နယ်မြေ ရဲစခန်းက (ပ) ၄၇၇/၂၀၁၆၊ ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ ထပ်မံသိရ သည်။
M-04

Sources ; The Voice

No comments:

Post a Comment