Latest News

Tuesday, December 13, 2016

အကျဉ်းသားများ ကျွေးမွေးစရိတ် တိုးမြှင့် တောင်းခံမည်

အကျဉ်းသားများ ကျွေးမွေးစရိတ် တိုးမြှင့် တောင်းခံမည်

မန္တလေး၊ ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများအတွက် ကျွေးမွေး စရိတ်များကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် တိုးမြှင့် တောင်းခံမည်ဖြစ်ကြောင်း အကျဉ်းဦးစီး ဌာနထံမှ သိရသည်။

တိုးမြှင့်လာသည့် ကုန်ဈေးနှုန်းများကြောင့် တိုးမြှင့် တောင်းခံရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်၌ အကျဉ်းသား တစ်ဦးအတွက် တစ်ရက်လျှင် ၆ဝဝ ကျပ်နှုန်း၊ အကျဉ်း စခန်းများရှိ အကျဉ်းသား တစ်ဦးလျှင် တစ်ရက် ၆၂၅ ကျပ်နှုန်းဖြင့် ကျွေးမွေးနေကြောင်း၊ ပဲတစ်ပိဿာအတွက် အစိုးရက ချပေးသောနှုန်းမှာ ၁၄ဝဝ ကျပ်ဖြစ်သော်လည်း လက်တွေ့ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ၂၈ဝဝ ကျပ်နှုန်းဖြင့် ဝယ်နေရကြောင်း အကျဉ်းဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

“ပြင်ပ ပေါက်ဈေးနဲ့ ခွင့်ပြုငွေ မမျှဘူးဖြစ်နေတယ်။ ဒါ့ကြောင့် တင်ပြ တောင်းခံရတာ။ ကုန်ဈေးနှုန်း တက်လာတဲ့အတွက် အကျဉ်းထောင်တွေမှာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ပြီး ကျွေးမွေးရတာပေါ့။ တောင်းခံထားတဲ့ အပေါ်မှာ ဘယ်လောက် တိုးပေးမလဲ ဆိုတာတော့ မသိသေးဘူး”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အကျဉ်းထောင် ၄ဝ ကျော်ရှိပြီး အကျဉ်းသားဦးရေ ၇ဝဝဝဝ ကျော် ရှိနေကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူက ထပ်လောင်း ပြောကြားသည်။

အကျဉ်းသား တစ်ဦးအတွက် အစိုးရက ချပေးသည့် ကျပ် ၆ဝဝ ဖြင့် တွက်ကြည့်ပါက အကျဉ်းသား အားလုံးအတွက် တစ်ရက် ကုန်ကျစရိတ် ကျပ်သိန်း ၄၂ဝ ရှိပြီး တစ်လလျှင် ကျပ်သိန်း ၁၂,၆ဝဝ ခန့် ကုန်ကျနေကြောင်း၊ ယင်းကြောင့် ပြစ်ဒဏ်နှင့် မမျှသည့် အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်း၊ သို့မှသာ အစိုးရအနေနှင့် ကုန်ကျစရိတ် သက်သာမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများက ဝေဖန် ပြောဆိုသည်။

“ထောင်ထဲ ရောက်နေတဲ့ အကျဉ်းသားတွေအတွက် လုံလောက်သော ရိက္ခာ ပေးရမယ်ဆိုတာကို အစိုးရ အဆက်ဆက် မှာတော့ မလုပ်ပေးခဲ့ဘူး။ လက်ရှိ အစိုးရအဖွဲ့ကိုတော့ စောင့်ကြည့်ရဦးမှာပေါ့။ လက်ရှိ အစိုးရအဖွဲ့မှာလည်း ထောင်ကျခဲ့ဖူးတဲ့ သူတွေ ရှိတယ်။ လွှတ်တော်အမတ်တွေလည်း ရှိတယ်။ သူတို့အနေနဲ့ ထောင်အတွေ့အကြုံတွေ အများကြီး ရှိကြပါတယ်။ သူတို့အနေနဲ့ ပြန်စိစစ်ပေးရမယ်။ လွှတ်ပေးသင့်တဲ့ သူတွေကို လွှတ်ပေးရမယ်။ ထောင် ဝန်ထမ်းတွေ အနေနဲ့လည်း သူတို့ လုပ်ငန်းခွင်မှာ အလုပ် လုပ်ရတာ သက်သောင့်သက်သာ ဖြစ်လာနိုင်တယ်”ဟု ဒီမိုကရေစီ အရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) ၏ အထက်မြန်မာပြည် တာဝန်ခံ ဦးသိန်းအောင်မြင့်က ထောက်ပြသည်။

လက်ရှိအချိန်၌ အကျဉ်းသားများ စားသောက်မှု အဆင်ပြေစေရေးအတွက် အစိုးရ စရိတ်များအပြင် ပြင်ပ အလှူရှင်များ၏ လှူဒါန်းမှုများကို လက်ခံပေးထားကြောင်း အကျဉ်းဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။

M-05
SOURCESTHE VOICE
TAGSအကျဉ်းသားမန္တလေး

No comments:

Post a Comment