Latest News

Tuesday, December 13, 2016

အငှားယာဉ်စာရင်း ဒီဇင်ဘာ တတိယပတ်မှ စကောက်မည်

အငှားယာဉ်စာရင်း ဒီဇင်ဘာ တတိယပတ်မှ စကောက်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် အငှားယာဉ်များ စာရင်းကို အတိအကျ သိရှိနိုင်ရန် ဒီဇင်ဘာလ တတိယပတ်မှ စတင် ကောက်ယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

ရန်ကုန်မြို့ရှိ အငှားယာဉ် အားလုံးကို စာရင်း ကောက်ယူပြီးပါက City Taxi အဖြစ် မှတ်ပုံတင်ကာ ကုမ္ပဏီစနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါ ယာဉ်များကို ကုမ္ပဏီက တိုက်ရိုက် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

“ရန်ကုန်မြို့မှာ အငှားယာဉ်စာရင်းက အတိအကျ မရှိတဲ့အတွက် စာရင်း အတိအကျ လိုချင်လို့ စာရင်း ကောက်ယူတာပါ။ စာရင်း လာသွင်းဖို့ အငှားယာဉ်တွေကို အချိန်ကာလ တစ်ခု ပေးထားမှာပါ။ အငှားယာဉ်တွေရဲ့ လိုင်စင်က ရန်ကုန် လိုင်စင်လား၊ နယ်လိုင်စင်လား ဆိုတာကို စစ်ဆေးပြီး ကုမ္ပဏီကတစ်ဆင့် တိုက်ရိုက် ကိုင်တွယ်မှာပါ”ဟု ဒေါက်တာ မောင်အောင်က ဆိုသည်။

လက်ရှိ အငှားယာဉ် စာရင်းများကို အတိအကျ ကောက်ယူနိုင်ရန် သက်ဆိုင်ရာ မြို့နယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများသို့ ကောက်ယူရမည့် ပုံစံများကို ပေးပို့ထားပြီး အငှားယာဉ် ပိုင်ရှင်များက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အငှားယာဉ်များ စာရင်း ပေးသွင်းနိုင်ရန် အချိန် အတိုင်းအတာ တစ်ခုအထိ သတ်မှတ် ပေးထားမည်ဖြစ်ပြီး သတ်မှတ်ကာလအတွင်း လာရောက်စာရင်း မပေးသွင်းနိုင်သည့် အငှားယာဉ်များကို မောင်းနှင်ခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

၂ဝ၁၄ ခုနှစ်မှစတင်ကာ နယ်လိုင်စင်ယာဉ်များ ရန်ကုန်သို့ ဝင်ရောက်မောင်းနှင်ပါက ဝင်ရောက်သည့်နေ့မှစပြီး မြို့ဝင်ကြေးကို တွက်ချက် ကောက်ခံခဲ့သော်လည်း ယခုနှစ် ဧပြီလမှ စတင်ကာ မြို့ဝင်ကြေး မကောက်ခံခြင်းကြောင့် နယ်လိုင်စင်ယာဉ်များ ပိုမို များလာကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ရန်ကုန် တိုင်းဒေသကြီးတွင် က.ည.န တွင် မှတ်ပုံတင်ထားသော ယာဉ်အစီးရေ ငါးသိန်းကျော် ရှိပြီး အငှားယာဉ် အရေအတွက်မှာ ခြောက်သောင်းကျော်ခန့်ရှိကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

J-01

SOURCESTHE VOICE
TAGSအငှားယာဉ်

No comments:

Post a Comment