Latest News

Thursday, December 29, 2016

ပန်းလှိုင်ဂေါက်ကွင်းလုံခြုံရေးဝန်ထမ်း ကျပ်သိန်း ရှစ်ဆယ်ကျော် တွေ့ရှိ၍ ပိုင်ရှင်ထံ ပြန်လည်အပ်နှံ

ပန်းလှိုင်ဂေါက်ကွင်းလုံခြုံရေးဝန်ထမ်း ကျပ်သိန်း ရှစ်ဆယ်ကျော်
 တွေ့ရှိ၍ ပိုင်ရှင်ထံ ပြန်လည်အပ်နှံ


ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းမှ လုံခြုံရေးဝန်ထမ်း ဦးတင်စိုးသည် သိန်းရှစ်ဆယ်ကျော်ပါ ပိုက်ဆံအိတ်အား ပိုင်ရှင်ထံ ပြန်လည်အပ်နှံရာတွင် သက်ဆိုင်ရာက ကာယကံရှင်မှ ငွေကျပ် ၃ သိန်း ဂုဏ်ပြုပေးအပ်ခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့တွင်ငွေကျပ်သိန်းရှစ်ဆယ်ကျော်ပါ ငွေထုပ်အား လုံခြုံရေးဝန်ထမ်းဖြစ်သော ဦးတင့်စိုးမှ တွေ့ရှိခဲ့ပြီး ရိုးသားစွာဖြင့် ပိုင်ရှင်ထံ ပြန်လည်အပ်နှံခဲ့ခြင်းကြောင့် ငွေထုပ်ကျန်ခဲ့သူ ကာယကံရှင်မှ ဒီဇင်ဘာ ၂၉ရက်နေ့ နံနက် ၉ နာရီခန့် ပန်းလှိုင်ဂေါက်ကွင်း၌ ဂုဏ်ပြုကျေးဇူးဆပ်ခဲ့ကြောင်းသိရသည်။

`ကျွန်တော်တို့ဂေါက်ကွင်းအိမ်ရာမှာ ပါတီလာလုပ်ကြတဲ့ အဖွဲ့ကျန်ခဲ့တာပါ။ သူတို့ ရေကူးကန်ဘေးနားက မြက်ခင်းပေါ်မှာ ပါတီပွဲလုပ်ပြီး ည ၁၀ နာရီခွဲတော့ ပြန်တယ်။ ဦးတို့က ည ၁၂နာရီဆို တာဝန်အရ မီးပိတ်မီးဖွင့်၊ တံခါးတွေ လိုက်စစ်ဆေးတဲ့အခါ အထုပ်ကို မြင်ခဲ့တယ်။ တွေ့တာက နာမည်ပါ စာအိတ် (၄၆)အိတ်။

တအိတ်တအိတ်ကို ဖောက်ကြည့်တာ ငွေတွေ တွေ့လို့ ရုံးကို အကြောင်းကြားခဲ့တာပါ`ဟု ဦးတင့်စိုးက ပြောသည်။
 စာအိတ်တအိတ်အား စစ်ဆေးကြည့်ရာတွင်  ငွေကျပ် ၃၆၀၆၀၀ ကျပ် ပါဝင်သောကြောင့် ရုံးအား ဖုန်းဆက်ခဲ့ကြောင်းနှင့် ငွေထုပ်ကျန်ခဲ့သူမှ ဘုရင့်နောင် ရွှေဝါရောင် ဆန်ပို့ဆောင်ရေးမှ မန်နေဂျာ မသင်းဝတ်ရည်ဖြစ်ကြောင်း ဦးတင့်စိုးက ပြောသည်။

 `ကျွန်တော့်အနေနဲ့ ငွေထုပ်ကို ယူထားလို့ ရတယ်။ ပျောက်ဆုံးခဲ့တဲ့ တာဝန်ခံ၊ မန်နေဂျာ ပူပန်စိတ်သောက ရောက်မှုကို ကိုယ်ချင်းစာတယ်။ တာဝန်ခံအပြင် ၀န်ထမ်း ၄၆ ဦးရဲ့ စိတ်သောကကို နားလည်တယ်။ ကျွန်တော် ဆင်းရဲပေမယ့် စာရိတ္တမပျက်ခဲ့ပါဘူး`ဟု ၄င်းက ပြောသည်။

ဦးတင့်စိုးသည် ပန်းလှိုင်ဂေါက်ကွင်းတွင် လုံခြုံရေးတာဝန်အား ၂၀၁၁ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၄င်းတွင် အမျိုးသမီးနှင့် သမီးနှစ်ဦးရှိပြီး သမီးငယ်မှာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်စေပြီး မိသားစု စားဝတ်နေရေး ပြဿနာအား ဖြေရှင်းသွားကြောင်းသိရသည်။

ဦးတင့်စိုးသည် လုံခြုံရေးအား စလုပ်စဉ်အခါတွင် တလလျှင် ငွေကျပ် ၄၅၀၀၀ နှင့် စတင်တာဝန်ထမ်းရွက်ခဲ့ပြီး လက်ရှိတွင် လစာ ၁၇၀၀၀၀ ကျပ် ရရှိလျက် ရှိကြောင်း သိရသည်။ အမျိုးသမီး ကျန်းမာရေး မကောင်းကြောင်းနှင့် မိမိမှာ ဆင်းရဲသော်လည်း ငွေထုပ်အပေါ်တွင် စိတ်ယိုင်ခဲ့မှု လုံးဝမရှိခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ကျော်ကျော်
News Watch

No comments:

Post a Comment