Latest News

Sunday, December 18, 2016

ထိုင်းနိုင်ငံကို ဆင်မှောင်ခိုတင်ပို့မှု မြင့်တက်လာ

ထိုင်းနိုင်ငံကို ဆင်မှောင်ခိုတင်ပို့မှု မြင့်တက်လာ

သစ်ထုတ်လုပ်မှုတွေ ရပ်နားထားတဲ့ ၂ဝ၁၅ ခုနှစ်က စပြီးမြင့်တက်လာတာပါ။
 

ပဲခူးရိုးမထဲမှာ တရားမ၀င်သစ်ထုတ်လုပ်တာတွေရပ်နားထားပြီနောက်ပိုင်းမှာ ပုဂ္ဂလိက သစ်ဆွဲဆင်တွေကို ထိုင်းနိုင်ငံ နယ်စပ်မြို့တွေကနေ တစ်ဆင့် တရားမ၀င်ပို့ဆောင်ရောင်းချတာတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

သစ်ထုတ်လုပ်မှုတွေ ရပ်နားထားတဲ့ ၂ဝ၁၅ ခုနှစ်က စတင်ပြီး ပဲခူးတိုင်း အရှေ့ခြမ်းမြို့နယ်တချို့မှာ ရာနဲ့ချီပြီးရှိခဲ့တဲ့ ပုဂ္ဂလိကပိုင် သစ်ဆွဲဆင်တွေကို တစ်ကောင်ကို ကျပ်သိန်း ၅ဝဝ ကနေ ၈ဝဝ ကျော်နဲ့ ထိုင်းနယ်စပ်မြို့တွေကို သွားရောက်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

တောင်ငူမြို့ အမှတ်၂ဝ နဲ့ ၂၁ ရပ်ကွက်တွေမှာ လွန်ခဲ့သော ၁ဝ နှစ်လောက်အထိ ဆင်လုပ်ငန်းရှင် ၁ဝဝ ကျော်နဲ့ ဆင်ကောင်ရေမှာ ၅ဝဝ နီးပါးရှိခဲ့ပေမဲ့ ၂ဝ၁၅ ခုနှစ်နောက်ပိုင်း သစ်ထုတ်လုပ်ငန်းခွင်တွေရှားပါးလာပြီးနောက်ပိုင်းမှာ ဆင်ပိုင်ရှင်တချို့က ဆင်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်သူ လျော့နည်းလာတယ်လို့ တောင်ငူမြို့မှာရှိတဲ့ ဆင်လုပ်ငန်းရှင်တချို့က ပြောပါတယ်။


“ရွှေကျင်မြို့ဘက်မှာ ဆင်လုပ်ငန်း လုပ်နေတဲ့သူတွေ ရှိသေးတယ်၊ အချို့ကျတော့လည်း သံယောဇဉ်ကြောင့်အိမ်မှာ တစ်ကောင်တလေ ထားတာမျိုး ရှိပေမဲ့ အများစုကတော့ ပွဲစားလက်အပ်လိုက်ကြတာ များတယ်၊ တောင်ငူက ဆင်လေးပုံသုံးပုံလောက်က ထိုင်းဘက်ရောက်သွားပြီ"လို့  စွယ်စုံဆင်နှစ်ကောင်ကိုသိန်း ၅၆ဝ ကျော်နဲ့ ရောင်းချခဲ့တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဆင်တွေကို တရားမဝင်ရောင်းချနေတာကို တားဆီးဖို့ ခက်ခဲနေပြီး ပါဝင်ပတ်သက်နေသူတွေက လက်နက်ကိုင်အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ ဖြစ်နေတယ်လို့  တောင်ငူခရိုင်ထဲမှာ  ဆင်ထိန်းသိမ်း ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့တစ်ခုမှာ အမျိုးသားတစ်ဦးက ဆိုပါတယ်။

Source : The Voice

Photos : Dr Chan Aye,Elephant project myanmar
 

No comments:

Post a Comment