Latest News

Friday, December 9, 2016

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သွားရန် ကုလသမဂ္ဂတောင်းဆို

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သွားရန် ကုလသမဂ္ဂတောင်းဆို

ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်သားပြည်သူတွေ ဘေးကင်းလုံခြုံအကာအကွယ်ရဖို့အတွက် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို သွားရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂ က တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေးနမ်ဘီးယားက ဒီဇင်ဘာ ၈ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အလွန်အမင်းစိုးရိမ်ပူပန်တဲ့အကြောင်း ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ လက်ခံလိုက်နာဖို့ တောင်းဆိုလိုက်ပြီး အရပ်သားတွေ အကြမ်းဖက်မှုမခံရအောင် သတိပြုရှောင်ရှားဆောင်ရွက်ဖို့လည်း ပြောပါတယ်။
ဒါ့အပြင် ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုဖို့နဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ခေါင်းဆောင် မစ္စတာ ကိုဖီအာနန် တိုက်တွန်း ထားတဲ့အတိုင်း လူသားချင်းစာနာမှုအကူအညီပေးသူတွေနဲ့ မီဒီယာတွေကို သွားရောက်ခွင့် ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့ ကုလသမဂ္ဂ သံတမန်က ထောက်ခံတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတကာအသိုင်းအ၀န်းရဲ့ စိုးရိမ်ပူပန်မှုတွေကို ကြားပြီး နားလည်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ လူ့အသိုင်းအ၀ိုင်းအားလုံးက အကြမ်းဖက်မှု၊ မညီညွတ်မှုနဲ့ ကွဲပြားမှုတွေကို ပူးပေါင်းဆန့်ကျင်ရမှာဖြစ်ကြောင်းနဲ့ အရပ်သားပြည်သူတွေ အကာအကွယ်ရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘူးသီးတောင်နဲ့ မောင်တောဒေသကို သွားရောက်ဖို့လည်း ဗီဂျေနမ်ဘီယာက ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မြောက်ပိုင်း ရှမ်းနဲ့ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေတိုက်ပွဲဖြစ်နေတာနဲ့ ပတ်သက်ပြီးလည်း ဘက်အားလုံးက ထိန်းထိန်း သိမ်းသိမ်းရှိကြဖို့၊ ရှိပြီးသားငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ကြောင်းပြန်မလှည့်အောင် ရှောင်ရှားကြဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးစကားဝိုင်းကို ပြန်လာကြဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment