Latest News

Friday, December 9, 2016

ကဗျာဘွဲ့မှူးနှင့်ပတ်သက်သည့်အမှု စီအိုင်ဒီက လွှဲပြောင်းကိုင်တွယ်

ကဗျာဘွဲ့မှူးနှင့်ပတ်သက်သည့်အမှု စီအိုင်ဒီက လွှဲပြောင်းကိုင်တွယ်

ကျပ်သိန်းပေါင်း ၁ သောင်းကျော်ယူပြီး ပြန်မပေးသေးတဲ့ ကဗျာဘွဲ့မှူးနဲ့ပတ်သက်တဲ့ အမှုကို မှုခင်းရဲတပ်ဖွဲ့က ဆက်လက် လွှဲပြောင်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ZTX ဆီဆိုင်မှာ အစုရှယ်ယာဝင်ဖို့အတွက် အနုပညာရှင်တွေဆီက ကျပ်သိန်းပေါင်း ၁ သောင်းကျော် ယူပြီး ပြန်မပေးသေးတဲ့ ကဗျာဘွဲ့မှူးနဲ့ ပတ်သက်တဲ့အမှုကို မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက ဆက်လက် လက်ခံ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ငွေကြေးနစ်နာသူတွေထဲမှာ ဂီတလောကက ကော်နီ၊ ဆုန်သင်းပါရ်၊ ဘိုဖြူ၊ မေခလာ၊ ဒီဖြိုး စတဲ့ အဆိုတော် အနုပညာရှင်  ၁၉ ဦး ပါဝင်ခဲ့ပါတယ်။

တချို့ကလည်း စာချုပ်ချုပ်ပြီး အဲဒီငွေတွေ ပေးထားတာ ရှိသလို။ တချို့ကလည်း အရစ်ကျငွေပေးခဲ့တာတွေလည်း ရှိနေပါတယ်။

“စီအိုင်ဒီက ချစ်ငယ်တို့ကို ဆက်သွယ်ပါတယ်။ လာခဲ့ပါ ဒေါ်မေခလာ၊ ဒီကိစ္စကို ဖြေရှင်းပေးပါမယ်။ ကျမ မယုံဘူးလို့ ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချစ်ငယ် ကမာရွတ်ရဲစခန်းကို သွားတာ ၅ ခေါက်လောက် ရှိတယ်။ ဘာမှထူးမလာဘူးလို့။ အဲဒီအတွက် ကျမ မလာချင်တော့ဘူးလို့ ပြောလိုက်တာ။ အဲဒီတော့ ရဲမှူးက မဟုတ်ပါဘူးတဲ့၊ ထူးမှာပါတဲ့။ ကျနော်တို့ စီအိုင်ဒီကို ရောက်လာပြီဆိုကတည်းက ထူးဖို့ပဲ ဖြစ်မှာပါ ဆိုပြီး ပြောတယ်။ တကယ်ပါပဲ၊ ချစ်ငယ်တို့ကို ခေါ်တွေ့ပါတယ်။ တကြိမ်ပဲ ခေါ်တွေ့တယ်။ ကမာရွတ်ရဲစခန်းလို လေး၊ ငါးခါ ခေါ်မတွေ့ဘူး။ တကြိမ်ပဲ ခေါ်တွေ့တယ်။ ပြီးတော့ သူတို့ဘာသာသူတို့ အခု ဆက်လှုပ်ရှားနေတယ်လို့ သိရတယ်” လို့ အဆိုတော် မေခလာက ပြောပါတယ်။

အဆိုတော် ကဗျာဘွဲ့မှူးနဲ့ပတ်သက်ပြီး ပထမအကြိမ် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၈ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းမှာရှိတဲ့ Orchid ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလ ၈ ရက်နေ့မှာတော့ ရန်ကန်ုမြို့၊ တာမွေမြို့နယ်မှာရှိတဲ့ ဂီတအစည်းအရုံးမှာ ဒုတိယအကြိမ် စာနယ်ဇင်းရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

“တကယ် သူ ကတိပေးထားတဲ့အချိန် ပျက်တဲ့အချိန်ကျမှပဲ နည်းနည်းခြေလှမ်းပျက်နေတယ်ဆိုတာ သိတာပါ။ ခုနပြောသလို စာနယ်ဇင်းမှာလည်း ပြောပြီးပြီ။ ဒီဟာကို ဆုန်သင်းတို့ အမှုဖွင့်မယ်။ ကမာရွတ်ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ဒါပေမယ့် အခြေအနေမထူးပါဘူး။ ဒါပေမယ့် မနှစ်က ဒီဇင်ဘာ ဆိုတော့ ဒီနှစ်ဆို တနှစ်ပြည့်ပြီ။ အခြေအနေထူးမလာတဲ့အခါကျတော့ အခုကတော့ လက်ရှိကို ဆုန်သင်းတို့ အမှုကို စီအိုင်ဒီကနေပြီးတော့ အမှုကိုင်နေပါတယ်။ အရင်ကထက်စာရင်တော့ နည်းနည်းလေးတော့ မျှော်လင့်ချက်ရှိလာတာပေါ့။ မှုခင်းဂျာနယ်မှာ ပါသလို လာရောက်ပြီးတော့ အဖမ်းခံတာတို့၊ ဒီအမှုက ပြီးသွားပါတယ်တို့ ဆိုတာ မဟုတ်ပါဘူး။ အခုချိန်ထိလည်း သူတို့ဘက်ကနေ ဘာကြောင့် ဒီအများပိုင်ပိုက်ဆံတွေ သုံးလိုက်တာလဲဆိုတာ မပြောနိုင်သလို သူတို့အနေနဲ့လည်း လုံးဝဆက်သွယ်တာမျိုး မရှိပါဘူး။ ဒီအတိုင်း ပျောက်သွားတာပါ” လို့ အဆိုတော် ဆုန်သင်းပါရ်က ပြောပါတယ်။

နစ်နာသူအများစုက အနုပညာလောကက ဖြစ်ပြီး ဒီငွေကြေးကိစ္စကို ဖြေရှင်းပေးဖို့ အကြိမ်ကြိမ် တောင်းဆိုပေမယ့် ဖြေရှင်းလို့မရတာကြောင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ZTX ဆီဆိုင်ပိုင်ရှင် ကိုမျိုးမြင့်အောင်ကလည်း ဒီကိစ္စဟာ သူနဲ့ သက်ဆိုင်မှုမရှိကြောင်း အများသိစေရန် ကြေညာချက် ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။

ကဗျာဘွဲ့မှူးရဲ့ခင်ပွန်းဖြစ်သူက သူနဲ့ ကဗျာဘွဲ့မှူး သက်ဆိုင်ခြင်းမရှိဘဲ ကွာရှင်းပြတ်စဲပြီးကြောင်း သတင်းစာထဲမှာ ကြေညာထားခဲ့ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment