Latest News

Thursday, December 8, 2016

သရုပ်ဆောင်၊ အဆိုတော် နန်းစုရတီစိုး၏ ငယ်ဘ၀ဖြတ်သန်းရာ

သရုပ်ဆောင်၊ အဆိုတော် နန်းစုရတီစိုး၏ ငယ်ဘ၀ဖြတ်သန်းရာ

ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘ၀အမှတ်တရ ကဏ္ဍမှာတော့ သရုပ်ဆောင်၊အဆိုတော် နန်းစုရတီစိုးရဲ့ ငယ်ဘ၀ဖြတ်သန်းမှု အမှတ်တရ အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။

နန်းစုရတီစိုးကို ၁၉၈၇ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

အားလုံးက ချစ်စနိုးနဲ့ ‘နန်းစု’ လို့ ခေါ်ကြတဲ့ သူမက ဖခင်ဖြစ်သူ ဦးစိုးလင်းနဲ့ မိခင်ဖြစ်သူ ဒေါ်တင်တင်ဝင်း တို့ရဲ့ သမီးဖြစ်ပြီး မွေးချင်သုံးယောက်အနက် ဒုတိယမြောက် သမီးတစ်ယောက် ဖြစ်ပါတယ်။

“နန်းစုရဲ့ ကလေးဘ၀ ဖြတ်သန်းမှုကတော့ ပျော်စရာကောင်းပါတယ်။ မိဘတွေကလည်း နန်းစုကို အရမ်းချစ်ပြီး ဂရုစိုက်ကြတယ်။ နန်းစုငယ်ငယ်က ဖေဖေက ဂျပန်မှာ အလုပ်လုပ်နေတဲ့ အခါကျတော့ နန်းစုတို့က အဖေထက်စာရင် အမေနဲ့တော့ ပိုပြီးအနေနီးတာပေါ့နော်။ တစ်ခုခုဆို အမေနဲ့တိုင်ပင်ဖြစ်တယ်။ အမေကတော့ နန်းစုဘ၀မှာ မရှိမဖြစ်ပေါ့။ ကလေးဘ၀မှာတော့ နန်းစုက ကလေးပီပီ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရင်း ဖြတ်သန်းဖြစ်ပါတယ်။အမေကတော့ ပညာရေးကိုလည်း လုပ်စေချင်တော့ ပညာရေးကိုလည်း နန်းစုကြိုးစား လုပ်ဖြစ်တဲ့ ကလေးထဲမှာ ပါပါတယ်” လို့ သူမရဲ့ ငယ်ဘ၀ဖြတ်သန်းမှု အကြောင်းကို ပြောပြခဲ့ပါတယ်။

သူမက ဒဂုံ(၁) ကျောင်းမှာ တက်ရောက်ခဲ့ပြီး အဲ့ဒီကျောင်းကနေပဲ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

“နန်းစုကို သူငယ်ချင်းတွေကတော့ သွက်သွက်လက်လက်နဲ့ ပျော်ပျော်နေတတ်တဲ့သူလို့ ပြောကြတယ်။ နန်းစုကတော့ ကိုယ့်ကိုယ်ကိုယ် အားနာတတ်တဲ့ ထဲမှာပါတယ်လို့ ထင်တယ်။သူများဘက်ကိုလည်း အရမ်း ထည့်တွေးလွန်းတဲ့ သူမျိုးပေါ့။ နန်းစုက အပေါင်းအသင်းတော့ အရမ်းခင်မင်တတ်ပါတယ်” လို့ သူမက ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးချိန်မှာ ဆေးဝါးကျွမ်းကျင်မှု တက္ကသိုလ်ကို  ရွေးချယ် တက်ရောက်ခဲ့ပါတယ်။

“နန်းစု ဆယ်တန်းနှစ်မှာပဲ Bio Soft ခေါင်းလျှော်ရည် ကြော်ငြာမှာ နန်းစုကို ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတော့ ပါဝင်ဖြစ်ရင်း အနုပညာလောကကို စ၀င်ဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အဲ့ဒီကြော်ငြာမှာပဲ နန်းစုကို သတိထားမိသွားတယ်။ ဂီတကိုလည်း ၀ါသနာပါလို့ သူငယ်ချင်းနဲ့ ပေါင်းပြီး ‘နှင်းဆီနက်’ ဆိုတဲ့ အဖွဲ့လေးဖွဲ့ပြီး သီချင်းလည်း ဆိုဖြစ်လာခဲ့ပါတယ် “လို့ သူမရဲ့ အနုပညာ ခရီးအစအကြောင်းကို ပြောပြခဲ့ပါတယ်။

သူမကို ပရိသတ်တွေက Bio Soft ခေါင်းလျှော်ရည်ကြော်ငြာ၊ Doru ၊ Mistine စတဲ့ ကြော်ငြာတွေမှာ သတိပြု အားပေးလာခဲ့ကြပြီး ‘ဟော့ရှော့’ ၊ အလန်းဇယား’၊ ‘အလန်း လွန်အလွန်လန်း’ စတဲ့ ရုပ်ရှင်ဇာတ်ကားကြီး တွေနဲ့လည်း သူမကို အသိအမှတ်ပြု လက်ခံခဲ့ကြပါတယ်။

သူမရဲ့ အသားဖြူဖြူ၊ သွယ်လျနဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်စွာ ၀တ်စားဆင်ယင်တတ်မှု၊ ခေတ်နဲ့အညီ လူငယ်ဆန်တဲ့ ၀တ်စားဆင်ယင်မှု ဖက်ရှင်တွေ၊ အပြင် အဆင်တွေကြောင့်လည်း လူငယ်ပရိသတ်တွေရဲ့ ပိုမိုအားပေးမှုကို ရရှိခဲ့တဲ့သူမက ဂီတကိုလည်း ၀ါသနာပါသူပီပီ ၂၀၁၅ Rock & Rap အခွေမှာ ‘နှင်းဆီနက်’ အဖွဲ့အနေနဲ့ ပထမဆုံး ‘မေမေဆူလိမ့်မယ်’ ဆိုတဲ့ သီချင်းကို ပါဝင်သီဆိုခဲ့ပါတယ်။

“အဲဒီ ‘နှင်းဆီနက်’ အဖွဲ့လေးကတော့ နောက်ပိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်မလုပ်ဖြစ်တော့ဘဲ နန်းစုတစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် သီချင်းတွေ ဆက်လုပ်ဖြစ်ခဲ့တယ်။ ပထမဆုံးဆိုဖြစ်တဲ့ ‘မေမေ ဆူလိမ့်မယ်’ ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေ အားပေးကြတယ်၊ ကြိုက်ကြတယ်ဆိုတော့ နန်းစုအရမ်းလည်း ၀မ်းသာမိပါတယ်။ လူငယ်ကောင်မလေးတွေ ကြားမှာဖြစ်နေတဲ့ အဖြစ်အပျက်လေးဆိုတော့ လူငယ်တွေပါးစပ်ဖျားမှာ ပိုရေပန်းစားသွား တာပေါ့နော်။ အဲဒီနောက်ပိုင်းမှာ ဖျော်ဖြေရေးပွဲလေးတွေနဲ့  group ခွေတွေမှာ နန်းစု ပါဝင်ဖျော်ဖြေ ဖြစ်ခဲ့ပါတယ်” လို့ သူမရဲ့ ဂီတခရီးအကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ဗီဒီယိုဇာတ်ကားတွေ၊ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ခပ်စိတ်စိတ် ပါဝင်သရုပ်ဆောင် ဖြစ်ခဲ့ရာကနေ သူမရဲ့ ပထမဆုံး တစ်ကိုယ်စီးရီးဖြစ်တဲ့ ‘မိုးမမြင် လေမမြင်’ ဆိုတဲ့ စီးရီးကိုလည်း ထုတ်ခဲ့ပါတယ်။ အဲဒီ နောက်မှာတော့ သူမက Forward ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးလည်း ထပ်မံထုတ်ခဲ့ပြီး၊ သရုပ်ဆောင် တစ်ယောက်အနေနဲ့ရော၊ အဆိုတော် တစ်ယောက် အနေနဲ့ပါ အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

ပရိသတ်ရဲ့ အားပေးမှုကို သူမအနေနဲ့ ထပ်မံရရှိစေခဲ့တာကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘ခင်ကြီးကျယ်’ သီချင်းမှာ ပါဝင် သရုပ်ဆောင်ဖြစ်ခဲ့တာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

“ခင်ကြီးကျယ် သီချင်းကို နန်းစုနဲ့ ရိုက်မယ်လို့ ကိုစိုင်းက ကမ်းလှမ်းလာတဲ့အတွက် ပါဝင်ဖြစ်ခဲ့တာပါ။သီချင်း လေးကလည်း မြူးတယ်၊ နန်းစုနဲ့လည်း လိုက်ဖက်တဲ့ ပုံစံမျိုးလေးဆိုတော့ ပါဝင်ဖြစ်ခဲ့တာပေါ့နော်။ အဲဒီသီချင်းထဲက ကာရိုက်တာလေးနဲ့ နန်းစုရဲ့ ကြီးကျယ်တဲ့ ပုံစံမျိုးမဲ့ ကာရွဲ့ကာလုပ်ပြီး သရုပ်ဆောင်တဲ့ပုံ တွေကို ပရိသတ်တွေက သဘောကျပြီး အားပေးခဲ့ကြပါတယ်။ အဲဒီအတွက်လည်း အရမ်းကျေနပ်မိပါတယ်”လို့ သူမက ပြောပြပါတယ်။

ငယ်စဉ်ကတည်းက စာဖတ်လည်း ၀ါသနာပါတဲ့ သူမက စာရေးဆရာ ဖေမြင့်နဲ့ ဆရာမ ဂျူးတို့ရဲ့ စာအုပ်တွေကို ကြိုက်နှစ်သက် သူလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမက ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူး ဖြစ်နေသလို၊ ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်သီဆို ဖြစ်နေပါတယ်ဆိုတာ ပြောကြားရင်း ဒီကဏ္ဍလေးကို ဒီမှာပဲ ခေတ္တရပ်နားလိုက်ပါတယ်။

Eleven

No comments:

Post a Comment