Latest News

Thursday, December 8, 2016

စည်ပင်အား ဈေးသည်များက ဒီဇင်ဘာ ၉ ရက်တွင် ဆန္ဒထုတ်ဖော်မည်

စည်ပင်အား ဈေးသည်များက ဒီဇင်ဘာ ၉ ရက်တွင် ဆန္ဒထုတ်ဖော်မည်

အတွင်းလမ်းများ အတွင်းသို့ ဝင်ရောက် ရောင်းချရန် အတွက် အသိပေးကြေ ညာနေသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ ဝန်ထမ်း များနှင့်  အနော်ရထာလမ်းမ၊ ၃၈ လမ်း နှင့် ဆိပ်ကမ်းသာ လမ်းထောင့်ရှိ လမ်းဘေးဈေးသည်များ အကြား ယနေ့ ဒီဇင်ဘာလ ညနေ ၃ နာရီ ၃ဝ မိနစ်တွင် အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ကြသည်။

ရန်ကုန်မြို့၏ အထင်ကရ လမ်းမကြီး ၁၁ လမ်းပေါ်တွင် လမ်းဘေးဈေးသည် များ ဈေးရောင်းချခြင်း မပြုရန် နှင့် အတွင်လမ်းများ အတွင်းသို့ ဈေးသည်များ ဝင်ရောက်ရောင်းချရန်  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ ဝန်ထမ်းများမှ လမ်းဘေးဈေးသည်များ သိရှိနိုင်ရန် အသံချဲ့ စက်များဖြင့် နေ့ စဉ် လိုက်လံ အသိပေးကြေညာလျက်ရှိသည်။

''မျှမျှတတ ဖြစ်စေချင်ပါတယ် ၊ ကျွန်တော်တို့ကို အခုလို လမ်းမပေါ်မှာ မရောင်း ဖို့လာပြောသလို ပစ္စည်းသိမ်းမယ်လို့လည်း ပြောနေတယ် ၊ ကျွန်တော်တို့က ဒီမှာမရောင်းရရင် ဘယ်မှာရောင်းရမှာလဲ ၊ ဈေးသည် အားလုံး မှာလည်း မိသားစုတွေ ရှိတယ် ၊ အတွင်းလမ်းတွေထဲဝင်ရောင်းဖို့ ဆိုတာ အဆင်မပြေဘူး ၊ အိမ်ရှင်တွေကလည်း လက်မခံကြဘူး ၊ ဈေး သည်တွေရဲ့စားဝတ်နေရေး အတွက် ပြန်လည်ငဲ့ညှာ သင့်တယ် ၊ စည်ပင်ဝန်ထမ်းတွေ သိအောင်လို့ ကျွန်မတို့အခက်အခဲကို တင်ပြတာပါ ၊ တစ်ခြားမှာလည်း ရောင်းစရာ နေရာ မရှိပါဘူး ''ဟု အနော်ရထာလမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်တွင်  သစ်သီးရောင်းချနေသည့် ဈေးသည် မမာလာ က ပြောသည်။

''စည်ပင်အနေနဲ့ အခုလို လက်လွတ်စပယ် လုပ်တဲ့ ကိစ္စတွေကို ဈေးသည်တွေ ဘက်ကနေ ပြန်ပြီး စဉ်းစားစေချင်ပါတယ် ၊ ဒီမှာမရောင်းရင် ဘယ်မှာ သွား
ရောင်းရမလဲ၊ ပြည်သူတွေစားဝတ်နေရေးအတွက် နေရာသတ်သတ်မှတ်မှတ် ချထားပေးဖို့ လိုတယ် ၊ ဈေးမရောင်းရဘူးဆိုရင် ကလေးတွေနဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး အတွက် ဘယ်သူလာဖြေရှင်းပေးမှာလဲ ''ဟု အနော်ရထာ လမ်းမပေါ်တွင် သားငါးရောင်းချနေသည့် ဈေးသည်ဦးမြတ်ဌေးက ပြောသည်။

စည်ပင်ဝန်ထမ်းများနှင့် ဈေးသည်များ အကြား အခြေအတင် အငြင်းပွား မှုများ ဖြစ်ပွားပြီးနောက်  အနော်ရထာလမ်းမကြီးပေါ်ရှိ ကားရပ်နားရန် သတ်မှတ်ထားသည့် နေရာများပေါ်တွင် ရောင်းချနေသည့် ဈေးသည်များကို လတ်တလော အဆင်ပြေစေရန် အတွက် ပလက်ဖောင်းပေါ်သို့ ယာယီတက်ရောက်ရောင်းချရန် ညှိနှိုင်းခဲ့ပြီး စည်းစနစ်တကျ ဖြစ်ပေါ်လာစေ ရန် အတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မှ စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဇော်က ပြောသည်။

''ကျွန်တော်တို့ ဘက်ကတော့ သူတို့တွေ စည်းကမ်းတကျ ဖြစ်အောင်လို့ တစ်ဖြည်းဖြည်း အသိပေးကြေညာနေပါတယ် ၊ ပညာပေးတာ ဖြစ်ပါတယ်၊ ပစ္စည်းသိမ်းတာ မလုပ်သေးပါဘူး ၊  ဈေးသည်တွေ စွန့်ပစ်ထားတဲ့ ပုံးတွေ ၊ ခုံတွေကိုဘဲ ကားပေါ်တင်တာဖြစ်ပါတယ် ၊ ပညာပေးကာလပြီးရင်တော့ အရေးယူမှုတော့ လာမှာဖြစ်ပါတယ် ၊ အခုဖြစ်တဲ့ ၃၈ လမ်းဈေးဆိုတာ မနက်ဈေးဖြစ်တယ် ၊ဈေးလည်း ရှိတယ့်အတွက် နောက်ပိုင်းမှာ ဈေးသည်တွေ ကို အဲဒိမှာနေရာချထားပေးဖို့ လုပ်သွားမှာပါ ၊ အခုတော့ အဆင်ပြေသွားပါပြီ  ''ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့တော်၏ အထင်ကရ လမ်းမကြီး ၁၁ လမ်းပေါ်တွင် လမ်းဘေးဈေး သည်များ ဈေးရောင်းချခြင်း မပြုရန် တားမြစ်ထားသော်လည်း  ဈေးသည် များနှင့် စည်ပင်ဝန်ထမ်းများ အကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည် ၃၈ လမ်းနှင့် ဆိပ်ကမ်းသာ လမ်းများမှာ ဈေးရောင်းချခြင်း မပြုရန် အတွက် တားမြစ်ပိတ်ပင်ထားသည့် လမ်းမများ ပေါ်တွင် ပါဝင်ခြင်းမရှိဘဲ အချို့သော ဈေးသည် များမှာ စည်းကမ်းလိုက်နာမှု အားနည်းပြီး ထင်သ လို ရောင်းချနေသည့် ဈေးသည်များလည်း အများအပြားရှိနေဆဲ ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ စီမံရေးရာဌာန မှ ဒုတိယ ဌာနမှူး ဦးညီညီဦးကပြောသည်။

''တစ်ချို့လူတွေက အတွင်းလမ်းတွေထဲမှာ ရောင်းလို့ရနေတယ် ၊ လောလောဆယ် ပလက်ဖောင်းပေါ် ခဏတင်ရောင်းခိုင်းတာကလည်း ယာယီအတွက် ပြေလည်အောင်ဘဲ လုပ်ပေးလိုက်တာဖြစ်တယ်၊  ၃၈ လမ်း နဲ့ ဆိပ်ကမ်းသာလမ်းက ဈေးမရောင်းရလမ်းတွေထဲမှာ မပါဘူး ၊ သူတို့ဘာလို့ ဝင်မရောင်းသလဲ ၊ ဆိပ်ကမ်းသာ လမ်းက အိမ်တွေလည်း သိပ်မရှိဘူး ၊ ရုံးခန်းတွေများတယ် ၊ ပေကပ်ကပ် လုပ်နေတဲ့ ဈေးသည်တွေလည်း အများကြီး ရှိတယ် ၊ ဈေးသည်တွေဘက်က အဲလိုကြီးတင်းခံနေတာတော့ အဓိပ္ပါယ် မရှိဘူး ၊  ဈေးသည်တွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့ လိုတယ် ၊ မရရင်တော့ တို့ဘက်က ဥပဒေအရ အရေးယူရမယ် ''ဟု ၄င်းကပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မှ စာရင်းကောက်ယူထား သည့် လမ်းဘေးဈေးသည်ပေါင်း ၆ဝ၄၁ ဦးရှိပြီး ကမ်းနားလမ်း ညဈေး တန်း နှင့် မဟာဗန္ဓုလ လမ်းတို့တွင်အစားအသောက်နှင့်သစ်သီးဝလံ ရောင်းချ သူပေါင်း ၁၆ဝဝ ကျော်ကို နေရာချထားပေးခဲ့ပြီးဖြစ်သည်။

ကျန်ရှိသည့် ဈေးသည်ပေါင်း ၄ဝဝဝ ကျော်ကို အတွင်းလမ်းအတွင်းသို့ ဝင်ရောက်ရောင်းချရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ ညွှန်ကြားထားပြီးဖြစ်သည်။

လမ်းမတော်၊လသာ၊ ပန်းဘဲတန်း၊ကျောက်တံတားမြို့နယ်များမှ   ဈေးသည်များ က ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၁ နာရီမှ နေ့လည် ၂ နာရီ အတွင်း စီတန်းလှည့်လည် ကာ  ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

သတင်းဓာတ်ပုံ (၁)- ဥာဏ်ဇေထက်/မြန်မာတိုင်းမ်
သတင်းဓာတ်ပုံ (၂)- နိုင်လင်းစိုး/ မြန်မာတိုင်းမ်

No comments:

Post a Comment