Latest News

Thursday, December 8, 2016

ဗြိတိန်နာမည်ကြီးသတင်းဌာန Daily Mailကို ဥပဒေကြောင်းအရတုံ့ပြန်ရန် မြန်မာရှေ့နေချုပ်ရုံး ပြင်ဆင်

ဗြိတိန်နာမည်ကြီးသတင်းဌာန Daily Mailကို ဥပဒေကြောင်းအရတုံ့ပြန်ရန် မြန်မာရှေ့နေချုပ်ရုံး ပြင်ဆင်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ဗြိတိန်နာမည်ကြီး သတင်းဌာန Daily Mail က ဘင်္ဂါလီ ကလေးငယ်တစ်ဦးကို မြန်မာစစ်တပ်က နှိပ်စက်နေကြောင်း  သတင်းမှားတစ်ပုဒ်ကို အခိုင်အမာ ဖော်ပြပြီးနောက် ယင်းသတင်းကို ပြန်လည်ဖြုတ်ချသွားမှုအတွက် မြန်မာနိုင်ငံက ဥပဒေကြောင်းအရ တုံ့ပြန်နိုင်ရန် ရှေ့နေချုပ် ရုံးကပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

"မှတ်တမ်းမှတ်ရာတွေ ယူထားတယ်။ ဒေးလီးမေးလ်က ပြန်ဖြုတ်ချသွားပေမယ့် တချို့ဆိုက်တွေမှာ ရှိသေးတယ်။ မနေ့က ဒေးလီးမေးလ်က သတင်းတင်တဲ့ အချက်အလက်တွေလည်း ယူထားပြီးပြီ။ အခြားနိုင်ငံတွေ ဒီလိုဖြစ်စဉ်မှာ ဘယ်လိုလုပ်ဆောင်လဲဆိုတာ ရှေ့နေချုပ်ရုံးက လေ့လာနေတယ်။ ဥပဒေကြောင်းအရ တုံ့ပြန်သွားမယ်"ဟု ၎င်းက ရှင်းပြသည်။

ဗြိတိန်နိုင်ငံမှ Daily Mail သတင်းဌာနသည် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီ ၃၂ မိနစ်(UK စံတော်ချိန်)တွင် Daily Mail သတင်း Online စာမျက်နှာ၌ ကလေးငယ်တစ်ဦးကို မြန်မာ့တပ်မတော်က ရက်စက်စွာနှိပ်စက် ညှဉ်းပမ်းနေကြောင်း သတင်းမှား တစ်ပုဒ်ကို ဓာတ်ပုံများနှင့်အတူ ဖော်ပြခဲ့သည်။

အဆိုပါသတင်းကို အချိန်အတန်ကြာ အွန်လိုင်းစာမျက်နှာတွင် လွှင့်တင်ခဲ့ပြီးနောက် ယင်းသတင်းအောက်တွင် ဖတ်ရှုသူအချို့က ယင်းသတင်းမှာ ကမ္ဘောဒီးယားနိုင်ငံ၊ Mondulkiri ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း၊ ထိုသို့ ကလေးငယ်အား ညှဉ်းပမ်းနှိပ်စက်သူ များကို ဖမ်းဆီးထားပြီးဖြစ်ပြီး တစ်ဦးထွက်ပြေး လွတ်မြောက်လျက်ရှိကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသူမှာ သတင်းဗီဒီယို ပြန့်နှံ့ပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း မှတ်ချက်များ ၀င်ရောက်ရေးသားခဲ့ကြောင်း တွေ့ရှိရသည်။

သတင်းမှားဖြစ်ကြောင်း ဝေဖန်ချက် ရေးသားမှုများ တွေ့မြင်ရပြီးနောက် Daily Mail သတင်းစာမျက်နှာမှ အဆိုပါ သတင်းကို ဖြုတ်ချသွားခဲ့သည်။ သို့သော် အခြားသော အွန်လိုင်းစာမျက်နှာအချို့တွင် Daily Mail မှ ရရှိသော သတင်းဟူ၍ ထပ်ဆင့် ဖော်ပြလျက်ရှိသည်။

ယင်းအပြင် လက်ရှိအချိန်တွင်လည်း Daily Mail ၏ မဟုတ်မမှန်သတင်းမှားကို အခြေခံ၍ စွပ်စွဲပြောကြားမှုများမှာ လူမှုကွန်ရက် မီဒီယာတစ်ခု ဖြစ်သည့် Twitter တွင် ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့လျက်ရှိသည်။

ယင်းနှင့် ပတ်သက်၍ ဦးဇော်ဌေးက 'မီဒီယာအားလုံးမဟုတ်ပေမယ့် မီဒီယာတော်တော်များများက Agenda (အစီအစဉ်​ ပုံသွင်းတာ)​တွေ ပါ​နေတယ်'ဟု သုံးသပ်ပြောဆိုသည်။

ပြည်တွင်း၌ အခြေအနေများကို ထိန်းသိမ်းနိုင်ချိန်တွင် ယင်းမီဒီယာများ ဖော်ပြချက်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖိအားကျရောက်နေချိန်တွင် ဖော်ပြချက်များကို ချိန်ထိုးကြည့်ပါက အစီအစဉ်တစ်ခုထဲ ၀င်စေရန် လုပ်ဆောင်နေကြောင်း ပေါ်လွင်နေသည်ဟု သုံးသပ်လို့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖြစ်စဉ်များကို ပြန်ကြည့်ပါက လိုချင်သည့် ပုံစံပေါ်လာစေရန် မီဒီယာအား၊ ငွေကြေးအားကို ကောင်းကောင်း အသုံးချနေသည်ကို မြင်တွေ့နိုင်ကြောင်း ၎င်းက သုံးသပ်ပြသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် မှတ်တမ်းများကို လွဲမှားစွာ အသုံးပြု၍ သတင်းမှားချဲ့ကား ဖော်ပြခြင်းသည် လက်ရှိအချိန် မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားမှုများ ပိုမိုမြင့်တက်လာစေခဲ့ကြောင်း၊ သို့သော်လည်း Daily Mail သည် သတင်းမှား ဖော်ပြမိခြင်းအတွက် အမှားပြင်ဆင်ခြင်း၊ တာဝန်ယူခြင်းများ တစ်စုံတစ်ရာ မရှိဘဲ သတင်းမှားအား ပြန်လည် ဖြုတ်ချသွားခဲ့ကြောင်း ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသူ များအနေဖြင့် Daily Mail က သတင်းမှား ဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍ ဥပဒေကြောင်းအရ လည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း လေ့လာလျက်ရှိပြီး ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
Daily Mail သတင်းစာသည် UK အခြေစိုက် သတင်းစာတစ်စောင်ဖြစ်ပြီး Daily Mail and General Trust က ပိုင်ဆိုင်သည်။                      
E-02
The Voice

No comments:

Post a Comment