Latest News

Tuesday, December 13, 2016

လွှတ်တော်အမတ်ကို ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်

လွှတ်တော်အမတ်ကို ခြိမ်းခြောက်မှုဖြင့် အမှုဖွင့်ခံရသူများ သတင်းစာရှင်းလင်းပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အမတ် ဦးညီညီကို ဆဲဆိုခြိမ်းခြောက်မှုဖြင့် ဒဂုံတောင်မြို့မ ရဲစခန်းတွင် အမှုဖွင့်အရေး ယူခံရသော အငှားယာဉ်ပေါ်ပါ အမျိုးသားငါးဦးသည် ဒီဇင်ဘာလ ၁၃ ရက် မွန်းလွဲ ၁ နာရီက သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် မြမာလာလမ်းရှိ ဓမ္မာရုံတွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"ကားလေးစီးနဲ့ ကျိုက်ထီးရိုး ဘုရားဖူးပြန်လာတာ၊ ရှေ့ကားနှစ်စီး နောက်မှာ ဒိုင်နာကားတစ်စီးရှိတယ်၊ ဒိုင်နာကားက လွှတ်တော်အမတ်ကားမှန်း မသိခဲ့ဘူး၊ ကိုယ့်အဖွဲ့ထဲက ကားတွေနဲ့ တစ်တန်းတည်းမောင်းပြီး အတူပြန်ရအောင် ဒိုင်နာကားကို ကျော်တက်တယ်၊ သူတို့က ပေးမကျော်ဘဲ ပိတ်မောင်းတယ်၊ ဒိုင်နာကားပေါ်ကလူက ကျွန်တော်တို့ကို ဆဲတယ်၊ ကျွန်တော်တို့ဘက်ကလည်း ပြန်ဆဲတယ်၊ ရဲစခန်းအထိ ကားနဲ့ လိုက်ရန်ရှာတာမဟုတ်ဘူး၊ သာကေတကို ပြန်ဖို့ ဒီလမ်းတစ်လမ်းတည်း မောင်းစရာရှိတာ၊ အိမ်ကို ရဲလာခေါ်မှ အမှုဖွင့်အရေးယူခံရ မှန်းသိခဲ့တာ" ဟု ဦးညီညီကားနှင့် အချင်းများခဲ့သော Toyota Passo အမျိုး အစား အနက်ရောင် အငှားယာဉ်မောင်း ကိုမင်းခိုင်ဦးက ပြောကြားသည်။

ဒီဇင်ဘာလ ၁၁ ရက်ညက လေးထောင့်ကန်ကျေးရွာတွင် ကျင်းပသော မြို့နယ် NLD ပါတီရုံးခန်း ရန်ပုံငွေရှာဖွေပွဲမှ ပြန်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီကို အမှတ် (၂) လမ်းမကြီး တိုးဂိတ်အကျော်တွင် အမျိုးသားငါးဦးက အငှားယာဉ်ဖြင့် ဘေး ချင်းယှဉ်လိုက်လာပြီး ဆဲဆိုခြိမ်းခြောက် ရန်ပြုခဲ့သောကြောင့် ဒဂုံတောင် ရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ်ဆက်သွယ်ပြီး အကူ အညီတောင်းခဲ့သော်လည်း အကူအညီ မရခဲ့ကြောင်း တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည်။

"ဆဲဆိုရန်ပြုခဲ့တယ်လို့ ဦးညီညီ ပြောတာ မဟုတ်မှန်ပါဘူး၊ ကျွန်တော်တို့ ကားပေါ်မှာ ရှစ်တန်းကျောင်းသား အပါအ၀င် အမျိုးသား ငါးယောက်ပါခဲ့တယ်၊  သုံးယောက်က နောက်ခန်းမှာ အိပ်နေတယ်၊ ယာဉ်ကြောပိတ်မောင်းရာက ကားသမားချင်း သာမန်စကားများခဲ့တာပါ၊  ဦးညီညီကား တောင်ဒဂုံရဲစခန်းမှာ ကျန်နေခဲ့ချိန် ကျွန်တော်တို့ကားက ဆက်မောင်းလာပြီး ကမာကြည်တံတားမှာ  ယာဉ်ပိတ် စစ်ဆေးရေးအဖွဲ့နဲ့ တွေ့ခဲ့တယ်၊  အစစ်ဆေးခံခဲ့တယ်၊ ကားပေါ်မှာ ဘာလက်နက် တစ်စုံတစ်ခုမှ မပါခဲ့ပါဘူး" ဟု ကျိုက်ထီးရိုး ဘုရားဖူးမှ ပြန်လာသည့် အဖွဲ့တွင် ပါဝင်ခဲ့သော သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရင်ကြည်က ပြောကြားသည်။

အခင်းဖြစ်စဉ်ညက ဒဂုံတောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် လုယက်မှုနေရာသို့ စခန်းမှူးက သွားရောက်စစ်ဆေးနေပြီး တာဝန်မှူးဖြစ်သူက ပန်းထိမ်ဆိုင်မှ သုံးနှစ်ကလေးငယ် ငရဲမီးသောက်မိရာမှ သေဆုံးခဲ့သည်ကို သွားရောက်စစ်ဆေးနေသောကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ရဲစခန်းထံ ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားမှုကို ဒုတပ်ကြပ် စိုးကျော်သူက လက်ခံခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယ  ရဲမှူးကြီးမြင့်ထွေးက ပြောကြားသည်။

"ရဲစခန်းဆီ ဖုန်းဆက်ပေမယ့် အကူအညီမပေးခဲ့ဘူးဆိုတာ မဟုတ်ပါဘူး၊ ဦးညီညီ ဖုန်းနှစ်ကြိမ် ဆက်တယ်၊ နှစ်ကြိမ်စလုံး ဒုတပ်ကြပ် စိုးကျော်သူက ဖုန်းကိုင်ခဲ့ပြီး ရဲစခန်းရှေ့မှာ ထွက်စောင့်နေခဲ့တာပါ၊ အငှားယာဉ်နဲ့ လိုက်ခြိမ်းခြောက်တယ်ဆိုတဲ့ အဖွဲ့ကိုပါ မနက်မှာ ဖော်ထုတ် ဖမ်းဆီးခဲ့ပြီး ရဲလုပ်ငန်းစဉ် ဆောင်ရွက်ပေးခဲ့တယ်၊ ရဲစခန်းဝင်း ပိတ်ထားတယ်ဆိုတာ လုံခြုံရေးအတွက်ပါ၊ အထဲမှာ လက်နက် တိုက်ရှိတယ်၊ စခန်းတိုင်းဒီလို လုံခြုံရေးပြုလုပ်ထားရတာပါ၊ လိုအပ်လို့ ဆက်သွယ်ရင် ကင်းစောင့်အဖွဲ့တွေက ချက်ချင်းတံခါးဖွင့်ပြီး ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၉၄/၅၀၆/၁၁၄ ဖြင့် အမှုဖွင့် အရေးယူခံရသော အငှားယာဉ်ပေါ်ပါ အမျိုးသားငါးဦးက ၎င်းတို့တွင် အပြစ်မရှိသောကြောင့် စွဲဆိုထားသည့် အမှုများကို ပြန်လည်ရုပ်သိမ်းပေးစေလိုကြောင်း၊ အကယ်၍ မရုပ် သိမ်းပေးပါက ဥပဒေလမ်းကြောင်းအရ  ၎င်းတို့ဘက်မှ ပြန်လည်ရင်ဆိုင်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

"တော်ရုံအန္တရာယ်မရှိဘဲ ရဲစခန်းကို ဖုန်းဆက်တိုင်စရာ မရှိဘူး၊ ကားနဲ့ တောက်လျှောက်လိုက်ပြီး ဆဲဆိုခြိမ်းခြောက်ခံရတာ၊ ဒီလိုခြိမ်းခြောက်မှုဖြစ်ချိန် ရဲကအချိန်မီရောက်လာပြီး စစ်ဆေးလိုက်မယ်ဆို  ပြဿာနာက ပြီးသွားမှာ၊ အခုဟာက ဒီလိုပြဿနာ မဖြစ်ဖြစ်အောင် ရဲက တမင်ဖန်တီးနေသလား ထင်မိတယ်၊ ရဲစခန်းဆီ ဖုန်းဆက်အကူအညီတောင်းတာ ဘာအကူအညီမှ မပေးခဲ့ဘူး၊ အရင်တစ်ခါ ကားနဲ့ လိုက်လုပ်ကြံခံရတဲ့အမှုလည်း  အခုထိ ရဲက မဖော်ထုတ်ပေးနိုင်ဘူး၊ တရားကို နတ်စောင့်ပါလိမ့်မယ်" ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

အငှားယာဉ်ဖြင့် လိုက်လံခြိမ်းခြောက်ခဲ့သည်ဆိုသော အမျိုးသားငါးဦးကို အခင်းဖြစ်ညက လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ၏ ယာဉ်ပေါ်တွင် လိုက်ပါ လာသော ဦးမြင့်ဝင်းက တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး အမှုပြန်လည် ရုပ်သိမ်းမှု ရှိမရှိမှာ ဦးမြင့်ဝင်း၏ သဘော ဆန္ဒသာ ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
S-03

SOURCESTHE VOICE
TAGSရန်ကုန်

No comments:

Post a Comment