Latest News

Friday, December 9, 2016

ပျောက်ဆုံးသွားတဲ့ ကောင်မလေး ၁ , ၂ , ၃

ပျောက်ဆုံးသွားတဲ့ ကောင်မလေး ၁ , ၂ , ၃

ပျောက်ဆုံးသွားတဲ့ကောင်မလေး (၁)
----------------------------
တရုတ်ပြည်မှာမွေးပြီး ထိုင်ဝမ်မှာကြီးပြင်းတဲ့ Dr. Henry Lee ဟာ ထိုင်ဝမ်မှာနေတုန်းက ရဲအရာရှိလုပ်ခဲ့ဖူးတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံကို ပညာဆက်သင်ဖို့ရောက်ရှိလာခဲ့ပြီး New Haven တက္ကသိုလ်မှာ ပြစ်မှုဆိုင်ရာသိပ္ပံပညာဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ခန့်က Connecticut ပြည်နယ် ရဲဌာနမှာ ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့တယ်။ ဒီကနေ့မှာ ဒေါက်တာလီက တရားလိုပြသက်သေအတွက် ဂျူရီလူကြီးအဖွဲ့တွေကို ဒီအမှုမှာ အရေးပါတဲ့သက်သေတွေ တင်ပြမှာဖြစ်တယ်။ ဒါဟာ Connecticut ပြည်နယ်ရဲ့ ပထမဦးဆုံး သိပ္ပံပညာရပ်နဲ့ စုံစမ်းဖော်ထုတ်တဲ့အမှုကြီးတစ်ခုဖြစ်တယ်။
.
အပိုင်း (၁) မအိပ်တဲ့ည

၁၉၇၉ခုနှစ် နွေရာသီမှာ အမေရိကန် Connecticut ပြည်နယ်က Torrington လို့ခေါ်တဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့မြို့ကလေးက တစ်ညလုံးနှိုးကြားနေခဲ့တယ်။ မြို့ခံပြည်သူတစ်ရပ်လုံး ညအမှောင်မှာ လှုပ်ရှားနေကြတယ်။ သူတို့ဟာ လက်နှိပ်ဓာတ်မီးတွေနဲ့ Joanna လို့ခေါ်တဲ့ ချစ်စရာ့ ၁၂အရွယ် အလယ်တန်းကျောင်းသူ ကလေးမတစ်ယောက်ကို ရှာနေခဲ့တယ်။
.
Joanna က နွေရာသီရေကူးသင်တန်းမှာ ပါဝင်ခဲ့သူပါ။ ဒီသင်တန်းမှာပါဝင်ခဲ့တဲ့ တခြားကျောင်းသားတွေလိုပဲ သူဟာ ညနေ ၂ နာရီ သင်တန်းပြီးချိန်မှာ အိမ်ပြန်ပါတယ်။ သင်တန်းစစချင်းရက်တွေမှာ သူဟာ နေ့တိုင်းစက်ဘီးစီးပြီး အိမ်ကိုအချိန်မှန်ပြန်ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီနေ့ညနေပိုင်းမှာ သူ့မိခင်က သူ့ကို ညနေ၃နာရီအထိ စောင့်ခဲ့ပေမယ့် အိမ်ကို သူပြန်မရောက်လာခဲ့ပါဘူး။
.
Joanna ဟာ သင်တန်းပြီးပြီးနောက် သူငယ်ချင်းအိမ် ခဏဝင်လည်နေပုံရတယ်လို့ မိခင်ဖြစ်သူက ခန့်မှန်းပါတယ်။ ဒါကြောင့် သူအိမ်ပြန်မရောက်သေးတာကို စိတ်ထဲထည့်မထားခဲ့ပါဘူး။ ၄နာရီမတိုင်ခင်တော့ ပြန်ရောက်လိမ့်မယ် ဒါမှမဟုတ် အိမ်ကို သူဖုန်းဆက်လိမ့်မယ်လို့ပဲ ထင်ခဲ့တယ်။ ဒါပေမယ့် ညနေ ၄နာရီကျော်လည်း Joanna ရဲ့အရိပ်အယောင်ကို မတွေ့ခဲ့သေးဘူး။ အိမ်ကိုလည်း သူဖုန်းမဆက်ဘူး။ အဲဒီမှာ မိခင်ဖြစ်သူစိတ်ပူပြီး Joanna သူငယ်ချင်းအိမ်တွေကို ဖုန်းဆက်မေးတော့တယ်။ သူ့သူငယ်ချင်းတွေက သင်တန်းပြီးပြီး သူတို့အိမ်ကို Joanna မလာခဲ့ကြောင်းပြောတယ်။ Joanna နဲ့ အတူအိမ်ပြန်တတ်တဲ့ အတန်းဖော်ကလည်း ညနေ ၂နာရီ သင်တန်းပြီးတော့ Joanna တစ်ယောက်တည်း စက်ဘီးစီးပြီးပြန်သွားပါတယ်လို့ ဆိုတယ်။
.
ညနေစောင်းလောက်မှာ သင်တန်းဦးစီးသူတွေကို Joanna မိဘရှာတွေ့ပြီး မေးတော့ သူတို့အားလုံးကလည်း သင်တန်းပြီးတော့ Joanna တစ်ယောက်တည်း စက်ဘီးစီးပြီး ပြန်သွားပြီလို့ ပြောကြတယ်။
.
Joannaတို့ မိသားစုဆက်ဆံရေးက အရမ်းသင့်မြတ်ပါတယ်။ မိဘတွေနဲ့လည်း ရင်းရင်းနှီးနှီးရှိပါတယ်။ မိဘစကားကိုလည်း သူနားထောင်တယ်။ ဆွေမျိုးသူငယ်ချင်းတွေရဲ့အကြည့်မှာ Joanna က လိမ္မာရေးခြားရှိတဲ့ ကလေးမလေးပါ။ သူ့ဆရာမကလည်း အတန်းသူအတန်းသားတွေနဲ့ သူသင့်သင့်မြတ်မြတ်ရှိတယ်၊ လူချစ်လူခင်ပေါများတယ်၊ သူဟာ ဆန့်ကျင်ပုန်ကန်တတ်တဲ့ ကလေးမဟုတ်ဘူးလို့ ဆိုတယ်။
.
နွေရာသီသင်တန်းတက်ရလို့ သူအရမ်းပျော်ကြောင်း အတန်းသားတွေက ပြောကြတယ်။ သူဟာ နေအိမ်ကနေ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားတာမဟုတ်နိုင်ဘူးလို့ဆိုကြတယ်။
.
Torrington မြို့သားတွေက များတော့အားဖြင့် လူလတ်တန်းစား လူဖြူမိသားစုတွေဖြစ်တယ်။ ကလေးပျောက်မှုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ အခု Joanna အိမ်ပြန်မရောက်ဘူးဆိုတဲ့ သတင်းကိုကြားတော့ ရဲတွေက လူနှစ်ရာကျော်လောက်ပါတဲ့ ရှာဖွေရေးအဖွဲ့ကို ဖွဲ့ပြီး သင်တန်းသွားရင် Joanna ဖြတ်သွားရတဲ့ တောအုပ်လမ်းသွယ်နဲ့ အနီးတစ်ဝိုက်ကို စရှာကြတယ်။
.
“ဂျိုအမ်နာ…. ဂျိုအမ်နာ….” ဆိုတဲ့ခေါ်သံကလှိုင်းထလို့၊ တောင်နံရံကနေ “ဂျိုအမ်နာ… ဂျိုအမ်နာ…”ဆိုတဲ့ ပဲတင့်သံကိုပဲ ပြန်ကြားရတယ်။ မိုးလင်းထိတိုင် ရှာဖွေရေးအဖွဲ့က ဘာမှရှာမတွေ့ခဲ့သေးဘူး၊ ဂျိုအမ်နာနဲ့အရိပ်အယောင်ကို ဘယ်သူမှ မတွေ့သေးဘူး၊ ရဲဘက်ကလည်း ဘာသဲလွန်စမှ လက်ခံမရသေးဘူး။
.
ရဲဌာနက ဒါဟာ အခြေအနေဆိုးလာပြီဆိုတာ သိလိုက်တယ်။ နောက်တစ်နေ့မှာ လူအင်အားပိုတောင့်တဲ့ ရှာဖွေရေးအဖွဲ့နဲ့ စလှုပ်ရှားတော့တယ်။ ဂျိုအမ်နာမိဘကလည်း ဂျိုအမ်နာဓာတ်ပုံကို ပရင့်ထုတ်ပြီး အမြန်ဖြန့်ဝေကြတယ်။ မြို့အနှံ့ အရပ်လေးမျက်နှာ ဖြန့်ကြတယ်။ လူတွေကို တွေ့တာနဲ့ “ဒီကလေးမကို တွေ့မိကြလား” လို့ မေးတယ်။ ခါတိုင်းမှာ ဂျိုအမ်နာက အိမ်ဝန်းကျင်ကကလေးတွေနဲ့အတူ ကျောင်းရံပုံငွေအဖြစ် တစ်အိမ်တက်ဆင်း ချိုချဉ်လိုက်ရောင်းတတ်ခဲ့တယ်။ မိသားစုတော်တော်များများက ဂျိုအမ်နာအပေါ် အမြင်ကောင်းကြတယ်။ ဒါကြောင့် ရှာဖွေရေးအဖွဲ့ထဲ စိတ်လိုလက်ရပါဝင်လာကြသူတွေ များခဲ့တယ်။
.
ဂျိုအမ်နာပျောက်ပြီး ဒုတိယနေ့အထိ အဖွဲ့သုံးဖွဲ့ခွဲပြီး ရှာကြတဲ့အဖွဲ့တွေမှာ တစ်ဖွဲ့မှ ဘာသဲလွန်စမှမရခဲ့ကြသေးဘူး။ တောင်စောင်းအောက် နေဝင်ခါနီးအချိန်မှာ တောင်ကုန်းပေါ်ရှာကြတဲ့အဖွဲ့ထဲက အဖွဲ့ဝင်တစ်ဦးဟာ သင်တန်းနဲ့မနီးမဝေး တောအုပ်နက်နက်တစ်နေရာက မြေကျင်းတစ်ခုထဲမှာ အဖြူရောင်အရာတစ်ခု တစ်စွန်းတစထွက်နေတာကို တွေ့လိုက်မိတယ်။ အဲဒီမြေကျင်းဆီ အားလုံးအပြေးသွားကြည့်တော့ အားကစားဖိနပ်ဖြူတစ်ရံဖြစ်နေတာကို တွေ့လိုက်တယ်။ အပြည့်ဖုံးနေတဲ့သစ်ရွက်ကို ဖယ်ရှားကြည့်ကြတော့ ကောင်မလေးအလောင်းတစ်လောင်းကို တွေ့လိုက်တယ်။ အလောင်းက မီးရှို့ခံထားရလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတယ်။ မျက်နှာကို သေသေချာချာ မမြင်ရတော့ဘူး။
.
ရှာဖွေရေးအဖွဲ့က ဂျိုအမ်နာမိဘကို အမြန်ခေါ်ပြတယ်။ အလောင်းက ရုပ်ပျက်ဆင်းပျက် အရှို့ခံထားရပေမယ့် အလောင်းရဲ့အချိုးအစား၊ အဝတ်အစားတွေကိုကြည့်ပြီး ဒါဟာ သူတို့ရဲ့ချစ်စရာကောင်းတဲ့သမီးလေး ဂျိုအမ်နာဖြစ်နိုင်တယ်ဆိုတာ သူတို့သိလိုက်တယ်။ မြင်ရက်စရာမရှိအောင် အရှို့ခံထားရတဲ့ ကိုယ့်သမီးလေးကိုမြင်တော့ ဂျိုအမ်နာမိခင်က ရုတ်တရက် မူးမေ့သွားခဲ့တယ်။

-----------

ဖတ်ရတာနှစ်သက်ရင် စောင့်မျှော်ပေးပါ...

ပျောက်ဆုံးသွားတဲ့ကောင်မလေး (၂)
-----------------------------------
ဒီမြို့က ရဲဌာနကလည်း တခြားမြို့က ရဲဌာနလိုပဲ အမှုသေးတွေ ဒါမှမဟုတ် ယာဉ်မတော်တဆမှုတွေသာ အဓိကဖြေရှင်းဖူးတာပါ။ လူသေမှုတွေဖြစ်ရင်တော့ ပြည်နယ်ရဲဌာနက တာဝန်ယူဖြေရှင်းပါတယ်။ ပြည်နယ်ရဲဌာနကရဲတွေ Torringtonမြို့မှာ လူသေမှုဖြစ်တယ်လို့လည်းကြားရော ကျွန်တော်တို့ ရာဇဝတ်မှုကျူးလွန်သူဖော်ထုတ်ရေးဓာတ်ခွဲခန်းက ဝန်ထမ်းတွေကို ချက်ချင်းဖုန်းဆက်ပြီး အခင်းဖြစ်ပွားတဲ့နေရာမှာ လာရောက်ကူညီစုံစမ်းစစ်ဆေးဖို့ အကြောင်းကြားတော့တယ်။
.
အခန်း (၂) အခင်းဖြစ်ပွားရာ စုံစမ်းဖော်ထုတ်မှု
.
အဲဒီတုန်းက ကျွန်တော်ဟာ ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးအဖြစ် တာဝန်စထမ်းဆောင်ကာစရှိသေးတယ်။ သွားရလာရအဆင်ပြေအောင်ဆိုပြီး အနီးနားက Orange မြို့လို့ခေါ်တဲ့ မြို့မှာ ရေကူးကန်ပါတဲ့အိမ်တစ်လုံး ဝယ်လိုက်တယ်။ ကျွန်တော်ကလေးနှစ်ယောက် လှုပ်ရှားဆော့ကစားလို့ရတဲ့ နေရာရှိအောင်ပေါ့။
.
ရေကူးကန်ပါတဲ့အိမ်မျိုး ကျွန်တော်တစ်ခါမှ မနေခဲ့ဖူးဘူး။ ဒါကြောင့် ရေကူးကန်သန့်ရှင်းရေးလုပ်ဖို့ မိတ်ဆွေတချို့ကိုမေးရတယ်။ အလုပ်အားလပ်ချိန် စနေ၊ တနင်္ဂနွေနေ့မှာ ကျွန်တော် ရေကူးကန်သန့်ရှင်းရေးလုပ်နေခဲ့တယ်။ တော်တော်လေး အင်အားစိုက်ထုတ်ပြီး လုပ်လိုက်ရတယ်။ ရှင်းလင်းပြီးလို့ ရေထည့်လိုက်တော့ ရေကန်တစ်ခုလုံး အောက်ကိုထွင်းဖောက်မြင်ရတဲ့အထိ ကြည်လင်ပြာလဲ့နေခဲ့တယ်။
.
ပင်ပန်းရကျိုးနပ်တဲ့ ကိုယ့်လုပ်အားကို ကိုယ်သဘောကျစွာကြည့်ရင်း ကုလားထိုင်တစ်လုံးကို ရေကူးကန်ဘေး ကျွန်တော်ယူလာခဲ့တယ်။ တစ်မိသားစုလုံး တစ်ဘက်မှာ ရေကူးရင်း တစ်ဘက်မှာ အောင်ပွဲကျင်းပမယ်ပေါ့။ သမီးကြီးက တရုတ်ရေနွေးကြမ်းတစ်အိုး သယ်လာတယ်။ မိန်းမက အထူးကောင်းမွန်တဲ့ အချိုပွဲကြီးတစ်ပွဲ ပြင်ဆင်တယ်။
.
ကလေးတွေရဲ့ပျော်ရွှင်ရယ်မောနေတဲ့ မျက်နှာကိုမြင်တော့ “မင်းတို့ သိပ်ကံကောင်းတာပဲ။ မင်းတို့ အမေနဲ့ငါ တစ်ခါမှ ဒီလိုသက်တောင့်သက်သာရှိတဲ့အိမ်မျိုး မနေခဲ့ဖူးဘူး။ ရေကူးကန်ပါတဲ့အိမ်ဆို ဝေလာဝေးပေါ့” လို့ ကျွန်တော်ပြောလိုက်တယ်။
.
သမီးက ဖေဖေနဲ့မေမေတို့ငယ်ဘဝအကြောင်းကို ပြောပြဖို့ ပူဆာတဲ့အချိန်မှာ ဖုန်းက မြည်လာခဲ့တယ်။ ဖုန်းကို ကျွန်တော်ကောက်ကိုင်ပြီး နားထောင်လိုက်တော့ ပြည်နယ်ရဲဌာနကဆက်တဲ့ ဖုန်းဖြစ်နေတယ်။ Torrington မြို့မှာ မီးရှို့ခံထားရတဲ့ အလောင်းတစ်လောင်းတွေ့တယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ချက်ချင်းလာခဲ့ပါတဲ့။
.
ဖုန်းဆက်လာတဲ့အမှုစစ်ရဲက ကျွန်တော့်ကို လာရာလမ်းကြောင်းတွေ အသေးစိတ်ပြောပြတယ်။ အမှတ်၈ အဝေးပြေးလမ်းကနေ မြောက်ဘက်ကိုမောင်းခဲ့ပါ။ ထွက်ပေါက် ၃၈ရောက်ရင် အဝေးပြေးလမ်းမပေါ်ကဆင်းပြီး ဘယ်ဘက်ကို မောင်းပါ။ အဲဒီမှာ ဓာတ်ဆီဆိုင်တစ်ဆိုင်တွေ့လိုက်မယ်။ အနောက်အရပ်ကို ဆက်မောင်းပြီး တောင်ကုန်းတချို့ကို ဖြတ်လိုက်တာနဲ့ တောအုပ်တစ်ခုကို တွေ့လိုက်မယ်။ အလောင်းက အဲဒီတောအုပ်ထဲမှာ၊ တောအုပ်အပြင်မှာ ကျွန်တော့်ကို သူတို့စောင့်နေမယ်လို့ ပြောတယ်။
.
ရေနွေးကြမ်းခွက်ကို ကျွန်တော်အမြန်ချပြီး ပါးစပ်ထဲ မုန့်တချို့ကောက်ယူထည့်လိုက်တယ်။ ပြီးတော့ အိမ်ကနေ အလျင်စလို ထွက်လာခဲ့တယ်။ မိုးမချုပ်ခင် အခင်းဖြစ်ပွားရာနေရာကို အမြန်ဆုံးသွားရမယ်။
.
မိနစ် ၄ဝကျော်လောက် ကားမောင်းပြီးနောက် တောအုပ်ကြီးတစ်ခုကို ကျွန်တော်တွေ့လိုက်တယ်။ ဒါပေမယ့် အဲဒီတောအုပ်ဘေးမှာ စောင့်နေတဲ့ရဲကားကို မတွေ့ခဲ့ဘူး။ အခင်းဖြစ်ရာနေရာကို ထိန်းသိမ်းနေရလို့ လူလွတ်ပြီး ကျွန်တော်ကို လာမကြိုတာထင်တယ်လို့ခန့်မှန်းရင်း တောအုပ်ထဲဝင်ပြီး သူတို့ကိုရှာဖို့ ကားပေါ်ကနေ ကျွန်တော်ဆင်းလိုက်တယ်။
.
ကောင်းကင်အရောင်က တဖြည်းဖြည်းမှိန်လာနေခဲ့ပြီ။ ထူထပ်တဲ့တောအုပ်ထဲဝင်တော့ အလင်းရောင်က ပိုပြီး ဖျော့သွားတယ်။ ပတ်ဝန်းကျင်တစ်ခွင်လုံး တိတ်ဆိတ်နေတယ်။ လူအရိပ်အယောင်မတွေ့ရဘူး။ “ဟေ့… လူရှိလား” လို့ တောအုပ်ထူထူဘက် ကျွန်တော်အော်ခေါ်တယ်။ တောအုပ်က အသေကောင်လို ဘာသံမှ ပြန်မပြုဘူး။ ကျွန်တော်ဆက်တိုက် အော်ကြည့်ပေမယ့် ဘာသံမှ ပြန်မကြားရဘူး။
.
ကားရှိရာဆီ ကျွန်တော်အမြန်ပြန်လာတယ်။ ကားပေါ်ရောက်တော့ ရဲတွေအသုံးပြုတဲ့ ကြိုးမဲ့လေဒီယိုက “ဝဝ၇… ကြားလား… ဝဝ၇ မင်းဘယ်မှာလဲ”လို့ အော်နေတယ်။
.
အဲဒီအော်သံတွေကို ကျွန်တော်ဂရုမစိုက်အားဘူး။ ကျွန်တော့်ကိုဆက်သွယ်ခဲ့တဲ့ ရဲဝန်ထမ်းကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး “ကျွန်တော်က ဒေါက်တာလီပါ။ Torringtonမြို့တောအုပ်က မီးရှို့ခံထားရတဲ့ အလောင်းတစ်လောင်းကို စစ်ဆေးပေးဖို့ ခင်ဗျားတို့အကြောင်းကြားခဲ့တယ်။ တောအုပ်ဘေးမှာ စောင့်နေမယ်လို့လည်း ဆိုတယ်။ အခု ကျွန်တော်တောအုပ်နားရောက်နေပြီ။ ဒါပေမယ့် ခင်ဗျားတို့ကို မတွေ့ဘူး။ အခင်းဖြစ်တဲ့နေရာက ဘယ်နားမှာလဲ…”။
.
“ဝဝ၇… ခင်ဗျားကို ကျွန်တော်တို့ အဆက်အသွယ်ရပြီ။ ခင်ဗျားတစ်ခုခုဖြစ်နေလားလို့ ကျွန်တော်တို့စိုးရိမ်နေတာ” လို့ တစ်ဘက်က ဝမ်းသာအားရပြောတယ်။
.
ဘာလဲ… ဝဝ၇ ဆိုတာ ကျွန်တော့်ကိုခေါ်တာလား…
.
ဓာတ်ခွဲခန်းညွှန်ကြားရေးမှူးအဖြစ် ကျွန်တော်တာဝန်စထမ်းဆောင်တော့ ရဲဌာနက ကျွန်တော့်ကို ၂ဝ၅၆ ဆိုတဲ့ ကိုယ်ပိုင်နံပါတ်တစ်ခုပေးတယ်။ အဲဒီနံပါတ်ကို ကျွန်တော်မှတ်မထားခဲ့ဘူး။ ရဲဌာနက ဆက်သွယ်ရေးပုဂ္ဂိုလ်တွေ စကားပြောမြန်တော့ ၂ဝ၅၆ ကို သူတို့ခေါ်တဲ့အချိန် တခြားဝန်ထမ်းကိုခေါ်တယ်လို့ ကျွန်တော်အမြဲထင်ခဲ့လို့ သူတို့အခေါ်ကို ဂရုမစိုက်ခဲ့မိဘူး။ နောက်ပိုင်း သူတို့နဲ့အတူ အမှုကြီးတချို့ ကျွန်တော်စုံစမ်းစစ်ဆေးနိုင်ခဲ့တော့ ကျွန်တော့်ကို သူတို့အော်မကြား ခေါ်မကြားမှာစိုးလို့ ဝဝ၇ လို့ခေါ်မယ်လို့စနောက်ခဲ့ကြတယ်။
.
“ကျွန်တော်တို့အခု တောအုပ်ထဲမှာပါ။ တောအုပ်ဘေးမှာ ခင်ဗျားကိုစောင့်ဖို့ လူလွတ်လိုက်တာပဲ။ ဘယ်လိုလုပ် ကျွန်တော်တို့ကို ရှာမတွေ့ရတာလဲ” လို့ တစ်ဘက်က ပြန်ပြောတယ်။
.
“ကျွန်တော်လည်း အခု တောအုပ်ထဲမှာပဲ”
.
“ဘယ်တောအုပ်မှာလဲ…”
.
“ထွက်ပေါက် ၃၈ ဘယ်ဘက်မနီးမဝေးနားက တောအုပ်လို့ ခင်ဗျားတို့ပြောတယ်လေ…”
.
“ဟာ.. ဒုက္ခပဲ.. ကျွန်တော်တို့ အပြောမှားသွားတယ်။ ၃၈မဟုတ်ဘူး… ထွက်ပေါက်နံပါတ် ၃၉ပါ။ ခင်ဗျားအခု ဘယ်မှ မသွားနဲ့… ကျွန်တော်တို့ ချက်ချင်းလူလွတ်ပြီး အခင်းဖြစ်ရာနေရာဆီ ပို့ပေးမယ်”
.
၅မိနစ်အကြာမှာ အရေးပေါ်အချက်ပြမီးတလက်လက်နဲ့ ရဲကားတစ်စီးက ကျွန်တော်ကိုဦးဆောင်ခေါ်သွားတယ်။ ရဲကားနဲ့အတူ ထူထပ်တဲ့တောအုပ်ကိုဖြတ်ပြီး အခင်းဖြစ်ရာနေရာဆီ ရောက်သွားခဲ့တယ်။
အခင်းဖြစ်ရာရောက်တော့ မိုးချုပ်နေခဲ့ပါပြီ။ ဒါပေမယ့် သတင်းထောက်တချို့နဲ့ စိတ်ဝင်စားတဲ့ပြည်သူတချို့က ရပ်ကြည့်နေသေးတယ်။ အမှုစစ်ရဲနှစ်ယောက်နဲ့ ရဲဌာနက ရဲဝန်ထမ်းတချို့က အရပ်လေးမျက်နှာ သွားလာလှုပ်ရှားနေကြတယ်။ ဒုက္ခပဲ… အခင်းဖြစ်ရာနေရာ ခြေရာလက်ရာအဖျက်ခံရပြန်ပြီထင်တယ်လို့ ကျွန်တော်တွေးလိုက်တယ်။
.
အခြေခံအားဖြင့်ပြောရရင် လူသတ်မှုကို စူးစမ်းရှာဖွေဖော်ထုတ်တဲ့အလုပ်ကို အမှုစစ်ရဲကတာဝန်ယူရတယ်။ သာမန်ရဲဝန်ထမ်းတွေက ကင်းလှည့်တဲ့အလုပ်ကိုလုပ်တယ်။ ဝန်ထမ်းသက်ကြာမှ၊ ပြစ်မှုတွေ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အတွေ့အကြုံရှိလာမှသာ အမှုစစ်ရဲအဖြစ် ရာထူးတိုးတယ်။ အမှုစစ်ရဲက အမှုကိုစစ်ဆေးပြီးနောက် အမှုကိုစုံစမ်းဖော်ထုတ်ဖို့ တာဝန်ယူရတယ်။ သက်သေနဲ့ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းရတယ်။ နောက်ဆုံး တရားရုံးထိ သက်သေထွက်ဆိုရတယ်။ မှုခင်းဆေးပညာဝန်ထမ်းက အခင်းဖြစ်ပွားတဲ့နေရာမှာ သက်သေခံပစ္စည်းတွေကို ရှာရတယ်။ ဓာတ်ခွဲစစ်ဆေးပြီး ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရွေးထုတ်ရတယ်။ သဲလွန်စအသစ် ပေးရတယ်။ စုံစမ်းစစ်ဆေးဖို့ လမ်းညွှန်ရတယ်။ သင်္ကာမကင်းသူကို အတည်ပြုပြီး သူကျူးလွန်တဲ့ပြစ်မှုကို သက်သေပြရတယ်။ အမှုတစ်ခု အောင်အောင်မြင်မြင်ဖော်ထုတ်နိုင်ဖို့ အမှုစစ်ရဲနဲ့ မှုခင်းဆေးပညာဝန်ထမ်းတို့ဟာ နီးနီးကပ်ကပ် အတူလက်တွဲလုပ်ဆောင်ဖို့လိုအပ်တယ်။
.
ဒီအမှုကိုတာဝန်ယူတဲ့ အမှုစစ်လူဖြူရဲနှစ်ယောက်ကို ကျွန်တော်သွားနှုတ်ဆက်တဲ့အခါ သူတို့ထဲကကော်ဖီခွက်ကိုင်ထားတဲ့ White လို့ခေါ်တဲ့ အမှုစစ်ရဲတစ်ယောက်က ဟိတ်ကြီးဟန်ကြီးနဲ့ ရှေ့တက်ပြီး “လူတွေကို လိုက်သတ်နေတဲ့ လူသတ်သမားသတ်တာဖြစ်နိုင်တယ်။ ဘယ်သူလုပ်တယ်ဆိုတာ ငါတို့သိထားပြီ။ အထက်က ခင်ဗျားကိုခေါ်ပြီး လာကြည့်ခိုင်းရုံလေးပါပဲ” လို့ဆိုတယ်။
.
ကျွန်တော်က ရယ်ပြပြီး “စိတ်မပူပါနဲ့.. ထပ်ပြောကြတာပေါ့” လို့ဆိုလိုက်တယ်။
အလောင်းဘေးကို ကျွန်တော်သတိထားပြီး ကပ်သွားတယ်။ မြေပြင်ပေါ်မှာ မတူတဲ့ခြေရာတွေ အများကြီးရှိနေခဲ့တယ်။ အလောင်းရဲ့ ဦးခေါင်းနဲ့ အဝတ်အစားတွေ ထိတွေ့ကိုင်တွယ်ထားကြပြီးပြီ။ ကျွန်တော် စိတ်တိုမိတယ်။ ဘာဖြစ်လို့ အခင်းဖြစ်ပွားတဲ့နေရာကို တားဆီးထိန်းသိမ်းတာတွေ မလုပ်တာလဲလို့ နယ်ခံရဲကို မေးလိုက်တယ်။ လူသတ်မှုဖြစ်ပွားတဲ့နေရာကို တစ်ခါမှ မဖြေရှင်းဖူးတဲ့ရဲနှစ်ယောက်က ဟိုလိုလို ဒီလိုလိုနဲ့ ဘာမှပြန်မပြောနိုင်ခဲ့ကြဘူး။
.
--------------- ဆက်ပါဦးမယ်...

ပျောက်ဆုံးသွားတဲ့ကောင်မလေး (၃)
----------------------------------
အခင်းဖြစ်ပွားရာနေရာကို တားဆီးထိန်းသိမ်းတာဟာ အမှုတစ်ခုကိုစုံစမ်းဖော်ထုတ်နိုင်ဖို့ အရေးအကြီးဆုံးအချက်ဖြစ်တယ်။ ခြေရာလက်ရာမပျက်ထိန်းသိမ်းထားတဲ့ အခင်းဖြစ်ရာနေရာမှာ ပြစ်မှုကျူးလွန်သူရဲ့ လက်ဗွေရာ၊ ခြေရာ၊ အမွှေးအမျှင်တွေကို မှုခင်းဆေးဝန်ထမ်းတွေက ရနိုင်မှာဖြစ်တယ်။ ဒီလိုလက်ဗွေရာ၊ ခြေရာနဲ့ သက်သေခံပစ္စည်းတချို့က သာမန်မျက်စိနဲ့ မြင်ချင်မှမြင်နိုင်တယ်။ ဒါပေမယ့် ဓာတုဆေးတချို့၊ လေဆာ ဒါမှမဟုတ် ကိရိယာတချို့နဲ့ ဒီလိုဖုံးကွယ်နေတဲ့အရာတွေကို မြင်နိုင်၊ ရယူနိုင်တယ်။ အခင်းဖြစ်ရာက အိမ်ပြင်ပဆိုရင် ဖိနပ်ရာ အတိမ်အနက်နဲ့ ဦးတည်ရာကိုကြည့်ပြီး ပြစ်မှုကျူးလွန်သူရဲ့ ကိုယ်အလေးချိန်၊ သွားလာတဲ့လမ်းကြောင်းကို ရယူနိုင်တယ်။
.
အခင်းဖြစ်ရာနေရာကို ထိန်းသိမ်းဖို့ အရေးအကြီးဆုံးအချက်က ခြေရာလက်ရာမပျက်ထိန်းသိမ်းတာပါပဲ။ အခင်းဖြစ်ရာနေရာကို အရင်ဆုံးရောက်တဲ့ရဲဝန်ထမ်းက အဲဒီနေရာကို ဘယ်သူမှဝင်လို့မရအောင်၊ သက်သေခံပစ္စည်းတွေ ဖျက်ဆီးမိတာမျိုးတွေမဖြစ်အောင် စည်းတားထားရတယ်။ အမှုစစ်ရဲ ဒါမှမဟုတ် မှုခင်းဆေးဝန်ထမ်းတွေကလည်း အခင်းဖြစ်ရာနေရာထဲမဝင်ခင် အခင်းရဲ့အခြေအနေကို အကြမ်းဖျင်းနားလည်ထားရတယ်။ ဒါမှ စည်းစနစ်ကျကျ သက်သေခံပစ္စည်းတွေကို သိမ်းဆည်းနိုင်မှာဖြစ်တယ်။  
.
သာမန်အားဖြင့်ပြောရရင် သဘာဝနေရောင်က အခင်းဖြစ်ရာနေရာကိုစစ်ဆေးဖို့အတွက် အကောင်းဆုံးအလင်းရောင်ဖြစ်တယ်။ မှုခင်းဆေးပညာဝန်ထမ်းတွေက အချိန်နဲ့အမြဲ အပြိုင်ပြေးရတယ်။ အိမ်ပြင်ပအခင်းဖြစ်ရာနေရာကို ညအချိန်မှာစစ်ဆေးလို့ရမရ အခြေအနေပေါ်မူတည်ပါတယ်။ အချိန်အပြောင်းအလဲက သက်သေခံပစ္စည်းတော်တော်များများကို ပျောက်ကွယ်သွားစေနိုင်ပါတယ်။ ဥပမာ-- နှင်းရေ၊ အပင်ရဲ့ကြီးထွားမှု၊ တိရစ္ဆာန်တွေရဲ့လှုပ်ရှားသွားလာမှု စတာတွေက သက်သေခံပစ္စည်း ဒါမှမဟုတ် ခြေရာလက်ရာတွေကို ပျက်စီးစေနိုင်ပါတယ်။
.
သာဓကအနေနဲ့ပြောရရင် မြက်ခင်းပြင်ပေါ်ကပ်နေတဲ့ သွေးစက်တွေဟာ အမြန် အရောင်ပြောင်းသွားတတ်ပြီး ရှာဖွေမရဖြစ်တတ်ပါတယ်။ မိုးတစ်ပြိုက်ရွာလိုက်ရင်လည်း သွေးစက်တွေကိုဆေးကြောပစ်နိုင်ပါတယ်။ တခြား သက်သေခံပစ္စည်းတွေဖြစ်တဲ့ ဥပမာ-- ဆံပင်၊ သုတ်ပိုးကွက်၊ ကျင်ငယ်ကွက်၊ မစင်၊ နှပ်ချီး၊ အရေပြားတစ်ရှုးနဲ့ ဦးနှောက်တွေဖြစ်တယ်။ ခြောက်သွေ့လို့ ဒါမှမဟုတ် ရေစီးရေလာကြောင့်လည်း ပျောက်ပျက်သွားတတ်ပါတယ်။ ပိုးမွှားတွေ ကျင်လည်ကျက်စားတဲ့ရာသီအချိန်အခါဆိုရင် ဒီလိုသက်သံပစ္စည်းတွေက ပိုးမွှားတွေစားပစ်လိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။
.
အခင်းဖြစ်ရာနေရာကို သေချာမထိန်းသိမ်းတဲ့အပြင် သေးငယ်တဲ့သက်သေခံပစ္စည်းတွေက ရှာဖွေရမလွယ်ကူနိုင်တာမို့ ညတွင်းချင်းစစ်ဆေးဖို့ ကျွန်တော် အမြန်လှုပ်ရှားဆုံးဖြတ်လိုက်တယ်။ မြက်တွေကြားကအလောင်းကိုစစ်ဆေးဖို့ ကျွန်တော်ထိုင်ချလိုက်ချိန် အလောင်းဟာလောင်ကျွမ်းနေပြီဆိုပေမယ့် ခြေရော လက်ပါ ကြိုးနဲ့အတုပ်ခံထားရတဲ့အရာ ထင်နေတာကို သတိထားမိလိုက်တယ်။ ခန္ဓာကိုယ်ပေါ်က ရေကူးဝတ်စုံဟာ အချွတ်ခံထားရပြီး မျက်နှာကိုအုပ်ထားပါတယ်။ ရင်ဘတ်ပိုင်း ဗလာကျင်းနေပါတယ်။ ရေကူးဝတ်စုံနဲ့ မျက်နှာက မီးလောင်ခံထားရလို့ ပျက်စီးနေပါပြီ။ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ လက်နှစ်ဘက်လည်း လောင်ကျွမ်းခံထားရပါတယ်။
.
လူ့ခန္ဓာကိုယ်က သူ့အလိုလို လောင်ကျွမ်းတဲ့အမျိုးမဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူကိုစုံစမ်းဖော်ထုတ်ရေးပညာရပ်ရဲ့ ထုံးတမ်းစဉ်လာအရ လောင်ကျွမ်းဖို့ရာ လောင်စာ၊ အောက်ဆီဂျင်နဲ့ အပူစွမ်းအင်တို့ လိုအပ်ပါတယ်။ ၈ဝခုနှစ်က “လိုအပ်ချက်လေးရပ်” သီအိုရီမှာ လောင်ကျွမ်းဖို့ လောင်စာ၊ အောက်ဆီဂျင်၊ အပူစွမ်းအင်နဲ့ မော်လီကျူးချိတ်ဆက်တုန့်ပြန်မှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မီးလောင်ခံထားရတဲ့အလောင်းကို စစ်ဆေးရာမှာ “လိုအပ်ချက်ငါးရပ်” သီအိုရီကို အသုံးပြုပါတယ်။ “လိုအပ်ချက်လေးရပ်”ထဲပါဝင်တဲ့ အချက်လေးရပ်အပြင် လောင်ကျွမ်းရတဲ့အခြေအနေထဲမှာ လောင်ကျွမ်းဖို့အကူပေးတဲ့ပစ္စည်းလည်း ပါဝင်ပါတယ်။
.
အခြေခံအားဖြင့် အမှုအခင်းဖြစ်တဲ့နေရာမှာ အောက်ဆီဂျင်၊ အပူစွမ်းအင်နဲ့ မော်လီကျူးချိတ်ဆက်တုန့်ပြန်မှုတွေက မမြင်နိုင်တဲ့ ဒြပ်မဲ့တွေဖြစ်တယ်။ ဒီလိုဆိုရင် ဖြစ်ပွားရာနေရာမှာ မြင်နိုင်တဲ့အရာနှစ်ခုကို စစ်ဆေးရပါတယ်။ တစ်ခုက လောင်စာနဲ့ လောင်ကျွမ်းဖို့အကူပေးတဲ့ပစ္စည်းဖြစ်တယ်။
.
အလောင်းအောက်က မြေကြီးတချို့နဲ့ အကြွင်းအကျန်တချို့ကို ကျွန်တော်တို့ကောက်သိမ်းလိုက်ပါတယ်။ စစ်ဆေးမှုအရ အကူပေးတဲ့လောင်စာက ခဲမပါတဲ့ဓာတ်ဆီ (Un-Leaded Petrol) ဆိုတာကို သိလိုက်တယ်။ နေအိမ်တွင်းထဲမီးလောင်ခံရရင် ဝါယာကြိုးရှော့ဖြစ်လို့၊ မီးဖိုအပူလွန်ကဲလို့ စတဲ့အကြောင်းတရား အခု၂ဝကျော်ရှိနိုင်ပေမယ့် အိမ်ပြင်ပတောအုပ်မှာ မီးလောင်ခံရတာဟာ လောင်ကျွမ်းဖို့အကူပေးတဲ့ပစ္စည်း ၉ဝ%လောက်က ဓာတ်မီးခြစ် ဒါမှမဟုတ် မီးခြစ်ဆံပဲဖြစ်မယ်ဆိုတာ သေချာနေပါတယ်။
.
ရဲဝန်ထမ်းနဲ့ ရဲအကူဝန်ထမ်းတွေက လူစုခွဲပြီး တောအုပ်ထဲရှာဖွေနေကြတယ်။ ကျွန်တော်နဲ့ အမှုစစ်ရဲနှစ်ယောက်က အလောင်းဘေးမှာ သက်သေခံပစ္စည်းတွေသိမ်းနေကြတယ်။  တခြားအမှုစစ်ရဲတွေက ဘေးမှာနေပြီး ခါးကုန်းလိုက်၊ လက်ထဲမှာ လင်းအားကြီးဓာတ်မီးကိုကိုင်ပြီး တစ်ဆင့်ချင်းထိုင်စစ်နေတဲ့ ကျွန်တော်တို့ကို ရပ်ကြည့်နေကြတယ်။ လောင်ကျွမ်းခံထားရတဲ့ မြက်ခင်းပြင်ကို ကျွန်တော်စစ်ဆေးချိန်မှာ မြက်တွေကြားထဲကနေ တစ်ဝက်တစ်ပျက်အလောင်ခံထားရတဲ့ မီးခြစ်ဆံတစ်ခုကို တွေ့လိုက်တယ်။ ဇာဂနာကိုအသုံးပြုပြီး မီးခြစ်ဆံကို ကျွန်တော် ဂရုတစ်စိုက်ညှပ်ပြီး ဓာတ်ခွဲစစ်ဆေးဖို့ သက်သေခံပစ္စည်းသေးလေးတွေသိမ်းတဲ့ ဘူးထဲထည့်လိုက်တယ်။
.
မီးခြစ်ဆံကိုသုံးရင် မီးခြစ်ဆံဘူးရှိရမယ်လို့ ကျွန်တော်တွေးလိုက်တယ်။ ဒါကြောင့် အမှုစစ်ရဲတွေကို မီးခြစ်ဆံဘူးလို မသင်္ကာတဲ့သက်သေခံပစ္စည်းတွေ အရပ်လေးမျက်နှာမှာရှာကြည့်ဖို့ ကျွန်တော်ပြောလိုက်တယ်။ တကယ်ပဲ အလောင်းနဲ့ ၁၅မီတာအကွာမှာ ကပ်ထူပြားခေါက်မီးခြစ်ဆံဘူးတစ်ခုကို တွေ့လိုက်တယ်။ ဒါပေမယ့် မီးခြစ်ဆံဘူးက အလောင်ခံထားရပြီမို့ ဘူးပေါ်ကစာလုံးတွေကို သာမန်မျက်စိနဲ့ မမြင်နိုင်ခဲ့တော့ပါဘူး။
.
ခန္ဓာကိုယ်ကိုဝပ်ချပြီး အလောင်ခံထားရတဲ့မြက်ခင်းအနံ့ကို ကျွန်တော်နမ်းလိုက်ကြည့်တယ်။ ပြီးတော့ အလောင်ခံထားရတဲ့ပြာကို အခင်းဖြစ်ရာနေရာစမ်းသပ်တဲ့စက်နဲ့ စမ်းကြည့်လိုက်တော့ ခဲမပါတဲ့ဓာတ်ဆီဖြစ်ဖို့များတယ်ဆိုတာကို တွေ့လိုက်တယ်။
.
ကျွန်တော့်ဘေးမှာရပ်ကြည့်နေပြီး အသံမထွက်ဘဲမြက်ခင်းကိုလျှောက်မွှေနေတဲ့ အမှုစစ်ရဲWhite က ကျွန်တော့်ဆီလျှောက်လာပြီး “ဘာအကူလောင်စာနဲ့ ရှို့လိုက်တာလဲ” လို့မေးတယ်။
.
“ဓာတ်ဆီဖြစ်မယ်… ခဲမပါတဲ့ဓာတ်ဆီတစ်မျိုးဖြစ်မယ်” လို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။
.
ကျွန်တော့်အဖြေကိုကြားတော့ White က “တကယ်ပဲ ခဲမပါတဲ့ဓာတ်ဆီဆိုတာ ခင်ဗျားသေချာပြီလား၊ ဘာတံဆိပ်လဲဆိုတာ ကျွန်တော့်ကို ခင်ဗျားပြောပြနိုင်လား” လို့ မေးတယ်။
.
“အခုချိန်မှာ ဘာတံဆိပ်လဲဆိုတာ ခန့်မှန်းရခက်သေးပေမယ့် ဒါဟာ ခဲမပါတဲ့ဓာတ်ဆီဆိုတာ ကျွန်တော်တပ်အပ်ပြောနိုင်ပါတယ်” လို့ ကျွန်တော်ပြန်ဖြေပါတယ်။
.
အလောင်းက မြင်မကောင်းအောင် အရှို့ခံထားရပြီဆိုပေမယ့် ဂျိုအမ်နာရဲ့သွား၊ လက်ဗွေမှတ်တမ်းတွေကနေတဆင့် သေဆုံးသူဟာ ဂျိုအမ်နာအမှန်တကယ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။
.
အခြေခံအားဖြင့် မှုခင်းဆေးပညာရပ်မှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဖော်ထုတ်နိုင်တဲ့နည်း ၁၆မျိုးရှိတယ်။ ဥပမာ-- လက်ဗွေ၊ သွား၊ မျက်နှာဦးခေါင်းခွံ စတာတွေဖြစ်တယ်။ တကယ်လို့ ဒီသက်သေပြနိုင်တဲ့အရာတွေ အဖျက်ဆီးခံရရင် သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းဖော်ထုတ်ရခက်ပါတယ်။ ပြစ်မှုကျူးလွန်သူက ခန္ဓာကိုယ်အောက်ပိုင်းကို မီးရှို့ဖျက်ဆီးတာဟာ အဓမ္မကျင့်ပြီးသတ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ လူသတ်သမားက သုတ်ပိုးသက်သေကို ဖျက်ဆီးဖို့ကြံစည်တာဖြစ်တယ်။ ယနေ့ခေတ်မှာ သိပ္ပံပညာရပ် ထွန်းကားနေပြီမို့ ခွဲခြားဖော်ထုတ်ဖို့ ပိုလွယ်ကူနေပါပြီ။
.
လူခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အပိုင်းတွေ လောင်ကျွမ်းဖျက်ဆီးခံရပေမယ့် ကျွန်တော်တို့မှာ လက်ဗွေတွေကိုယူနိုင်တဲ့နည်းတွေ ရှိပါတယ်။ ဥပမာ-- လက်ဖဝါးအပြင်အရေပြား လောင်ကျွမ်းခံထားရလည်း အထဲဒုတိယအလွှာအရေပြားကနေ လက်ဗွေတွေကို ရယူနိုင်ပါတယ်။ ဦးခေါင်းခွံကို ကွန်ပျူတာနဲ့ နဂိုသဏ္ဍာန်ဖြစ်အောင် လုပ်နိုင်ပါတယ်။
.
--------- ဆက်ပါဦးမယ်..
.
( ဒီလိုရေးနည်းနဲ့ဆိုအပိုင်း ၁၅ပိုင်းလောက်ရှိသွားမလား မပြောတတ်ဘူး။ ဘယ်လိုသတ်၊ ဘာကြောင့်သတ်၊ တရားခံကိုဘယ်လိုဖမ်းမိဆိုပြီး စာရေးဆရာက တိုတိတိရေးထားတာမဟုတ်တော့ စာကရှည်တယ်။ စာရေးဆရာက စုံစမ်းစစ်ဆေးနည်း၊ သက်သေခံပစ္စည်းရှာဖွေနည်း၊ ဖော်ထုတ်နည်းတွေအပြင် တခြားဗဟုသုတရစေမယ့်အကြောင်းအရာတွေကိုပါ ထည့်ရေးထားတော့ စိတ်ရှည်ရှည်နဲ့ စောင့်မျှော်ဖတ်ရှုကြပါလို့။ ကျွန်မလည်း အချိန်အားတာနဲ့ ထိုင်ရေးနေပါတယ်။ မြန်မာစာအသုံးအနှုန်းတချို့ အချိန်ယူစဉ်းစားနေရတာကလွဲလို့ ဘာသာပြန်ရအခက်အခဲမရှိပေမယ့် ခုရေးခုတင်တာကြောင့် ဖတ်ရတာ အဆင်မချောတာတွေရှိပါလိမ့်မယ်။ စာအုပ်ထုတ်ဖြစ်တဲ့အခါ အဆင်ချောပြီး ဝါကျမှန်တဲ့စာသားတွေအဖြစ် ဖတ်ကြရမှာပါ။ စောင့်မျှော်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့... ;) )

#NineNineSaNay
.

No comments:

Post a Comment