Latest News

Wednesday, December 14, 2016

"လူငယ်နှင့်ပါတ်ဝန်းကျင်ကောင်း"

"လူငယ်နှင့်ပါတ်ဝန်းကျင်ကောင်း"


မကြာသေးမီကာလများက သတင်းစာဂျာနယ်များတွင်စိတ်မကောင်းဖွယ် သတင်းနှစ်ပုဒ်ကိုဖတ်ရသည် ။

ပထမသတင်းက လပါတ်စာမေးပွဲကျသဖြင့် မိဘကဆူသောကြောင့် ဆယ်တန်းကျောင်းသူတစ်ယောက်မိမိကိုယ်ကို သတ်သေသွားသောသတင်းဖြစ်ပြီး နောက်ထပ်သတင်းတစ်ခုမှာ ရှစ်တန်းကျသောကျောင်းသားတစ်ယောက် စာမေးပွဲကျသောကြောင့်မိမိကိုယ်ကို အဆုံးစီရင်သွားသည့်သတင်းဖြစ်သည် ။

ထိုသတင်းနှစ်ခု အပြင် ရှစ်တန်းကျောင်းသူလေးများ အိမ်မှထွက်ပြေးသောသတင်း ၊ တက္ကသိုလ်ကျောင်းသူတစ်ဦး မဟာဘွဲ့ဆက်တက်ရန်အိမ်မှသဘောမတူသဖြင့် တံတားပေါ်မှမြစ်ထဲသို့  ခုန်ချ သတ်သေသော သတင်းများကို လည်းတုန်လှုပ်စွာဖတ်ရသည် ။

ထိုသတင်းများကိုဖတ်ရသောအခါ လူငယ်အချို့ တွင် အနာဂါတ်ပျောက်ဆုံးနေသောပြသနာကြီးမားစွာဖြစ်ပေါ်နေကြောင်းသတိပြုမိပါသည် ။

မြန်မာနိုင်ငံဝယ် အရိုးစွဲနေသော အယူအဆများလဲရှိရာ အထူးသဖြင့် မိဘများသည် သားသမီးများ၏ ၀ါသနာ နှင့် ဗီဇ IQ  နှင့် EQ များကိုလုံဝထည့်မတွက် ပဲ အရာရာကို သူများနှင့်တပြေးတည်း ဖြစ်လိုသောဆန္ဒဖြစ်သည် ။

သူများသားသမီး အဆင့်တစ်ရလျှင် ကိုယ့် သားသမီ အဆင့်နှစ်ရသည်ကိုမကြေနပ်နိုင် ။ သူများသားသမီး ခြောက်ဘာသာဂုဏ်ထူးထွက်လျှင်ကိုယ့်ကလေးကိုလည်း ငါးဘာသာဂုဏ်ထူးကိုညံ့သည်ဟုထင်သည် ။ သူများကလေးဆေးတက္ကသိုလ်တက်ခွင့်ရလျှင် ကိုယ့်သားသမီး ယဉ်ကျေးမှုတက္ကသိုလ်တက်ခွင့်ရသည် ကို ရှက်စရာဟု ယူဆကြသည် ။

သားတို့ သမီးတို့  ဘာဖြစ်ချင်သည် ၊ ဘာဝါသနာပါသည် ၊ ဘယ်လောက်ဥာဏ်ရည်ဥာဏ်သွေးရှိသည် ၊ ဘယ်ဘာသာရပ်တွင် အားသာချက်ရှိသည် ၊ သူ့ ဘ၀ရည်မှန်းချက်မှာဘာဖြစ်သည်ဆိုခြင်းကိုမိဘများသည် လုံးဝ (သို့မဟုတ်) အနည်းငယ်မျှထည့်၍စဉ်းစားလေ့မရှိပါ ။

ငယ်စဉ်တောင်ကျေးကလေးဘ၀ကပင် သားတို့သမီးတို့ကြီးလာလျှင်ဘာဖြစ်ချင်သနည်းဟူသော ဘ၀ရည်မှန်းချက်များကိုမေးရာတွင်
သားသားကြီးလာရင် စစ်ဗိုလ်ကြီးလုပ်မယ်တို့ 
သမီးကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်တို့ 
သားကြီးလာရင် အင်ဂျင်နီယာကြီးလုပ်မယ်တို့ဖြေလျှင် မိဘများသဘောကျကြသည် ။

သားကြီးလာလျှင်ပန်းချီဆရာကြီးလုပ်မယ်တို့  ၊ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်အောင်လုပ်မည်တို့  ၊ သမိုင်းပညာရှင်တစ်ယောက်ဖြစ်အောင်လုပ်မယ်တို့  ၊ တက္ကသိုလ်ပါမောက္ခကြီးတစ်ယောက်ဖြစ်အောင်ကြိုးစားမယ်တို့  စသည့်အဖြေများထွက်လာလျှင်မကြေမနပ်ဆူပူကြတော့ကာ ထိုအဖြေကိုပေးသည့်ကလေးများမှာလည်း မျက်နှာကောင်းမရကြချေ ။

မြန်မာနိုင်ငံတွင် ကလေးများ၏ရည်မှန်းချက်မှာ ဆရာဝန်၊အင်ဂျင်နီယာ ၊စစ်ဗိုလ် ဤသုံးမျိုးသော ဘောင်ကျဉ်းကျဉ်လေးထဲတွင်တ၀ဲလည်လည်ဖြင့်ပိတ်မိနေလေ့ရှိသည် ။ထိုအလုပ်သုံးမျိုးသည်သာ လူရာဝင်နိုင် ၊ကြီးပွားနိုင်သော အလုပ်များဖြစ်ပြီး ထိုအလုပ်သုံးမျိုးမှသွေဖည်မိသည်နှင့် ကလေးတစ်ယောက်သည် လူမွှေးလူတောင်မပြောင်နိုင်ပဲ ခွေးဖြစ်တော့မည်သဖွယ် ၀ိုင်းဝန်းသတ်မှတ်ခံရသည် ။

လူကြီးများ၏ဝေဖန်ရှုတ်ချခြင်းကိုမခံလိုသောအလိုက်ကန်းဆိုးသိသည့် ကလေးများကလည်း မိဘများထံမှမျက်နှာကောင်းရရန် ၀ါသနာပါပါမပါပါ သားသားကြီးလာရင် ၊မီးမီးကြီးလာရင် ဆရာဝန် ၊ စစ်ဗိုလ် ၊အင်ဂျင်နီယာကြီးလုပ်မယ်ဟု မျက်စေ့စုံမှိတ်အော်ကြသည် ။

တကယ်လည်းဆယ်တန်းအောင်သောအခါ အမှတ်ဖြင့်ဆုံးဖြတ်သောစနစ်ဖြစ်သောကြောင့် အမှတ်မီပါက ၀ါသနာပါပါမပါပါ ဆေးတက္ကသိုလ်သို့ လျှောက်ကာ ဆရာဝန်ဖြစ်ရေးလမ်းကြောင်းပေါ်သို့ လျှောက်တော့သည် ။ တကယ်တန်းမိမိသည်ဆေးကုသခြင်းအလုပ်ကိုတကယ်ဝါသနာပါသလားဟု ကိုယ့်ကိုယ်ကိုဆန်းစစ်သော ကလေး မရှိသလောက်နည်းသလို ကိုယ့်သားသမီး၏၀ါသနာအစစ်အမှန်ကို အလေးထားသောမိဘလည်းမရှိသလောက်များသည် ။

ထိုအခါ ဆေးကျောင်းဆင်း၍ ဆရာဝန်ဖြစ်လာသောအခါမှ ဆေးကုသခြင်းကို မိမိဝါသနာမပါပဲ အခြားဝါသနာပါရာအလုပ်များပေါ်လာသောကြောင့် ဆေးမကုပဲ သီချင်းဆိုသောဆရာဝန်များ ၊ စာရေးဆရာလုပ်နေသူများ ၊ အပြင်စီးပွားရေးလုပ်နေသူများ စသည်ဖြင့် ဆေးကုသခြင်းမှတစ်ပါး အခြားကိစ္စအားလုံးလုပ်သော ဆရာဝန်များကိုလည်းတွေ့ ရတတ်ပေသည် ။

အင်ဂျင်နီယာ ၊စစ်ဗိုလ်စသည့်အလုပ်များမှာလည်း ကိုယ့်သဘောနှင့်မဟုတ်ပဲမိဘရွေးချယ်ပေးသောလမ်းကိုလိုက်ခဲ့သူများမှာ အချိန်တန်မှပြင်မရသောနောင်တကိုရတတ်ပါသည် ။ဝါသနာနှင့်အလုပ်မကိုက်ညီသောအဖြစ်များလည်း ရှိလာတတ်သည် ။

အမှန်တကယ်တော့ မိဘတော်တော်များများသည် သူတို့ငယ်စဉ်ကမဖြစ်ခဲ့သော အိပ်မက်များကို မိမိသားသမီးလက်ထက်ကျမှ အမှန်တကယ်ဖြစ်ပေါ်အောင်ကလေးများကို ပုံသွင်းလေ့ရှိသည် ။ တနည်းအားဖြင့် မိမိ၏ရှုံးနိမ့်မှုများကိုသားသမီး၏အောင်မြင်မှုဖြင့် အာသာဖြေချင်ကြသည် ။ ဆရာဝန်ဖြစ်ဖို့ အရည်အချင်းမပြည့်မီခဲ့သော မိဘသည် သားသမီးဆေးတက္ကသိုလ်မ၀င်လျှင်ကမ္ဘာကြီးပျက်မတတ် ရူးသွပ်ပြလေ့ရှိသည် ။

ဆယ်တန်းမအောင်ခဲ့သော မိဘသည် သားသမီးဆယ်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် မအောင်လျှင်ညံ့ဖျင်းသောသူတစ်ယောက်ဟု သတ်မှတ်ကာဆူပူငေါက်ငမ်းကြသည် ။တခုမေ့နေသည်မှာ ထိုနေရာအဆင့်သို့ သူတို့ ရော စွမ်းဆောင်နိုင်ခဲ့သလားဆိုတာဖြစ်သည် ။

     တကယ်တော့လောကကြီးတွင် သူ့ နေရာနှင့်သူလူတိုင်းအရေးကြီးတာပဲ့ဖြစ်သည် ။ အလုပ်တစ်ခုကအခြားအလုပ်တစ်ခုထက် နေရာတိုင်းကြီးကျယ်မြင့်မြတ်နေတာတော့မဟုတ်ချေ ။

ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်သည်တိုင်းပြည်အတွက်အရေးပါသလို လွှတ်တော်အမတ်တစ်ယောက်သည်လည်း တိုင်းပြည်တည်ဆောက်ရေးကိစ္စတွင် အရေးပါပါသည် ။အင်ဂျင်နီယာတစ်ယောက်သည်လောကကြီးကိုအကျိုးပြုသလို ကျောင်းဆရာတစ်ယောက်သည်လည်းလောကကိုအလှဆင်နိုင်ပါသည် ။ စစ်ဗိုလ်တစ်ယောက်သည် တိုင်းပြည်ကိုကာကွယ်နိုင်သလို သမိုင်းသုတေသနပညာရှင်တစ်ယောက်သည် လည်းမိမိနိုင်ငံ၏သမိုင်းကြောင်းနှင့်ယဉ်ကျေးမှုကိုကာကွယ်နိုင်သည်သာဖြစ်သည် ။

လူတစ်ယောက်သည်ဘာအလုပ်အကိုင်လုပ်သည်ဆိုတာထက် လူ့လောကကောင်းကျိုးအတွက်သူဘယ်လောက်အလုပ်လုပ်ခဲ့သလဲဆိုတာပို၍အရေးကြီးပါသည်။

ထို ကြောင့်အရေးကြီးသည်မှာ လူငယ်တို့အတွက် လွတ်လပ်ပျော်ရွှင်စွာကြီးပြင်းနိုင်မည့်ပါတ်ဝန်းကျင်ကောင်းတစ်ခုကိုလူကြီးမိဘများက ဖန်တီးပေးနိုင်ဖို့ဖြစ်သည် ။ဝါသနာပါရာအလုပ်ကိုပျော်ရွှင်စွာလုပ်နိုင်သောဘ၀သည် အားရကြေနပ်ဖွယ်ရာဘ၀တစ်ခုပင်ဖြစ်သည် ။ မိမိထင်သလိုဖြစ်မလာသော သားသမီးများကို မိဘများသည် ဆူပူကြိမ်းမောင်းပြစ်တင်ခြင်း ၊ဖိအားပေးဆူပူခြင်းထက် ခွင့်လွှတ်စိတ်ဖြင့် ဖေးမကြရမည်ဖြစ်သည် ။

        မြန်မာနိုင်ငံတွင် လူငယ်နှင့်အနာဂါတ် ဟူသောစကားကိုမကြာခနပြောလေ့ရှိသည် ။ လူငယ်များသည်တစ်ချိန်ချိန်တွင်အနာဂါတ်၏ခေါင်းဆောင်များဖ်ြလာမည်ဟုဆိုကြသည် ။သို့ သော်မရောက်သေးသောအနာဂါတ်တွင်သာလူငယ်များကိုနေရာပေးကြပြီး လက်တွေ့ ရောက်နေသော ပစ္စုပ္ဖန်တွင်မူ လူငယ်များကို ချောင်ထိုးထားတာများပေသည် ။ လောလောဆယ်တွင် ပင်နေရာမပေးနိုင်သောလူငယ်များကို အနာဂါတ်တွင်နေရာပေးမည်ဟူသော လူကြီးအချို့၏ အာမခံချက်ကတိက၀တ်ကို သံသယဖြစ်စရာကောင်းသည် ။

အိမ်တစ်အိမ်တွင်လူငယ်တို့ပြောရေးဆိုခွင့်ရှိပါပြီလား ။ အရက်သမားအဖေကို အရက်သောက်တာမကြိုက်ကြောင်း သားသမီးကပြောခွင့်ရပါပြီလား ။ လမ်းတစ်လမ်းတွင် အလှူငွေများကို စာရင်းပျောက်အင်းပျောက်လုပ်နေတာ မကောင်းကြောင်း လူငယ်တို့ပါဝင်ဆွေးနွေးခွင့်ရပါပြီလား ။ ရပ်ကွက်တစ်ခုတွင် ရပ်ကွက်နှင့်ဆိုင်သောဆုံးဖြတ်ချက်များတွင်လူငယ်များ မဲပေးဆုံးဖြတ်ခွင့်ရှိပါပြီလား ။ ကျောင်းတစ်ကျောင်းတွင် ကျောင်းစည်းကမ်းများကို ကျောင်းသားလူငယ်များကိုယ်တိုင်ပါဝင်ဆုံးးဖြတ်ခွင့်ရှိပါပြီလား ။ တက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူများ ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင်ပါဝင်ဆုံးဖြတ်ခွင့်ရှိပါပြီလား ။ နိုင်ငံတော်အဆင့်တွင် လူငယ်ရေးရာဝန်ကြီးဌာနရှိပါပြီလား ( မလေးရှားနှင့်၊စင်္ကာပူမှာတော့ရှိပေသည် ) ။

ထိုအချက်များကိုမေးကြည့်လျှင် ကျွန်တော်တို့နိုင်ငံ၌ မရှိတာများပေသည် ။ သို့ သော် နောင်တစ်ခေတ်ရဲ့ခေါင်းဆောင်များ ၊ အနာဂါတ်ရဲ့မျိုးဆက် ၊ မျိုးဆက်သစ်တို့တိုးတက်ရစ်ဖို့  စသည့်စကားများကိုကား မြန်မာနိုင်ငံထက်ပြောသောနိုင်ငံ ကမ္ဘာပေါ်၌ရှိမည်မထင်ပေ ။

လူကြီးအချို့သည် လူငယ်များကို သူတို့ လိုချင်တာခိုင်း၍ရသောအသုံးချခံ သတ္တ၀ါများအဖြစ်ရှုမြင်နေသမျှ လူငယ်တို့၏အနာဂါတ်သည်လမ်းကြောင်းမှန်ပေါ်ရောက်လာနိုင်မည်မထင် ။ တကယ်တော့လူငယ်ဆိုသည်မှာ ကာယအားသာသန်မြန်ကြသည်မဟုတ် ၊ အတွေးအခေါ်အယူအဆသစ်များနှင့်လည်းပြည့်နေတတ်ပေ၏ ။

ဤကမ္ဘာကြီး၏တီထွင်ဆန်းသစ်မှုတော်တော်များများသည် လူကြီးများပျင်းရိငိုက်မြည်းနေဆဲဝယ် လူငယ်တို့၏ဆန်းသစ်တီထွင်မှုမှထွက်ပေါ်လာခဲ့ခြင်းသာဖြစ်သည် ။ အစဉ်အလာကို ရိုက်ချိုးထွက်တတ်သူများမှာလူငယ်များဖြစ်သည် ။ သူတို့အတွက် အကောင်းဆုံးအကူအညီမှာ ဖိအားပေးခိုင်းစေခြင်း ၊လိုရာပုံသွင်းခြင်းမဟုတ် ။

သူတို့အပေါ်နားလည်ခွင့်လွှတ်ပေးနိုင်ခြင်းနှင့် သူတို့ဝါသနာ စိတ်ကူးစိတ်သန်းများကို အကောင်အထည်ဖော်ခွင့်ပြလိုက်ခြင်းပင်ဖြစ်သည် ။ လူငယ်နှင့်အနာဂါတ် ဟုကြွေးကြော်နေသည်ထက် လူငယ်တွေလက်ထဲ ပစ္စုပ္ဖန်ကိုသာ ယုံယုံကြည်ကြည်ထည့်လိုက်ပါ ။ ကမ္ဘာကြီးသာယာလှပသွားပါလိမ့်မည် ။

သရ၀ဏ်(ပြည်)

Eternal Light မဂ္ဂဇင်း
၂၀၁၆ ဒီဇင်ဘာ

No comments:

Post a Comment