Latest News

Tuesday, October 4, 2016

ရုံးအကူအမျိုးသမီးတစ်ဦးမှ လိမ်ညာထွက်ပြေးခဲ့သဖြင့် ပုသိမ်အဝေးသင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့် စာမေးပွဲဖြေဆိုခွင့်မရဖြစ်နေ


မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ အောက်တိုဘာ(၄)ရက်။

၂၀၁၅-၁၆ ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာန)ခွဲမှ ၀င်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၂၀၀ ခန့်မှာ ၎င်းတို့အား ကျောင်းအပ်ပေးရန်နှင့် နှစ်ဝက်စာစဉ်အဖြေလွှာများ အစားဖြေဆိုပေးရန် ငွေယူထားသော ရုံးအကူအမျိုးသမီးတစ်ဦးမှ လိမ်ညာထွက်ပြေးခဲ့သဖြင့် စာမေးပွဲဖြေဆိုရန် အခက်အခဲ ဖြစ်နေကြောင်း သိရှိရသည်။

ကျောင်းအပ်ပေးရန်နှင့် နှစ်ဝက်စာစဉ်အဖြေလွှာများ အစားဖြေဆိုပေးရန် ကျောင်းသား/သူတစ်ဦးလျှင် ငွေကျပ် (၄၂၀၀၀)ပေးထားရခြင်းဖြစ်သည်။

အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာန)ခွဲတွင် တာဝန်ထမ်းဆောင်နေသော ရုံးအကူ မစုနန္ဒာလှိုင်မှာ ကျောင်းသူ ကျောင်းသားများကို ကျောင်းအပ်မပေးခြင်း၊ နှစ်ဝက်စာစဉ်အဖြေလွှာများ အစားဖြေဆိုပေးရန် ပျက်ကွက်ခဲ့ သည့်အတွက် ၎င်းအားငွေပေး တာဝန်လွှဲအပ်ပေးထားသည့် ကျောင်းသူကျောင်းသားများ စာမေးပွဲဖြေဆိုရန် အခက်အခဲကြုံတွေ့နေခြင်းဖြစ်ကြောင်း ကာယကံရှင်ကျောင်းသားကျောင်းသူများထံမှ သိရသည်။

“ကျွန်မတို့က ရေတစ်တန်ကုန်းတစ်တန် လာရတော့ အခေါက်ခေါက်အခါခါမလာနိုင်ဘူး။ ပထမနှစ်စ တက်တာဆိုတော့ အရင်တုန်းက အဝေးသင်ကျောင်းသား၊ ကျောင်းသူတော်တော်များများ လုပ်နေကျအတိုင်း ရုံးဝန်ထမ်းကိုပဲ ကျောင်းအပ်ဖို့နဲ့ အာလုံးအပြီးအစီးအတွက် ငွေပေးပြီး လုပ်ခိုင်းခဲ့တာပါ။” ဟု အဝေးသင်တက္ကသိုလ် အင်္ဂလိပ်စာပထမနှစ် ကျောင်းသူ ဟိုင်းကြီးကျွန်းမှ မအေးပြည့်စုံက ပြောသည်။

စာမေးပွဲဖြေဆို ခွင့်မရဖြစ်နေသော ကျောင်းသားကျောင်းသူများမှာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်ကြားထားပြီး ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် လူမှုရေးနှင့် ကျန်းမာရေးကော်မတီဝင်များ ပါဝင်သော စစ်ဆေးရေးအဖွဲ့သည် အောက်တိုဘာ(၄)ရက်နေ့က ပုသိမ်တက္ကသိုလ်မှ တာဝန်ရှိသူများကို သွားရောက် စစ်ဆေးခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ သိရသည်။

အဝေးသင်တက္ကသိုလ်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ကျောင်းသို့ပေးသွင်းရန်ရှိသည့် မည့်သည့်ငွေကြေးကိုမဆို ကိုယ်တိုင်ပေးဆောင်ရန်၊ ကျောင်းအပ်ခြင်း၊ ကျောင်းပြောင်းရွှေ့ခြင်း၊ ထောက်ခံစာ တောင်းခြင်းတို့ကို ကိုယ်တိုင် ဆောင်ရွက်ရန် တက္ကသိုလ်မှ မည်သည့်ဝန်ထမ်းကို မဆို ၀န်ဆောင်ခပေးခြင်း၊ ကိုယ်စားလှယ်လွှဲခပေး၍ လုပ်ဆောင်းခြင်းမျိုးမလုပ်ရန် စည်းကမ်းချက်များ ထုတ်ပြန်ထားကြောင်း အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာနခွဲ)မှ သိရသည်။

“ဒီကိစ္စမှာ ကျောင်းသားကျောင်းသူတွေ ကိုယ်တိုင်လည်း ကိုယ်လိုက်နာရမယ့် စည်းကမ်းတွေကို ချိုးဖောက်ထားတာ တွေ့ရတယ်။ နောက်ထပ်ပြီးကျောင်းကို လာရောက်စုံစမ်းတာတွေ တစ်ခါမှမလုပ်ဘဲနဲ့ အခုစာမေးပွဲဖြေနေတဲ့ အချိန်ရောက်နေပြီ၊ ကျောင်းကမအပ်ရသေးဘူး ဆိုတာဖြစ်နေတယ်။ ဆရာမကြီးတို့ အနေနဲ့က ၀န်ထမ်းကိုအရေးယူလို့ရတယ်။ ရှိတဲ့ ကျောင်းသားကျောင်းသူ စာရင်းအတိုင်းဖြေနေရတဲ့ စာမေးပွဲကို ဖြေဆိုခွင့်ပေးနိုင်ဖို့ တတ်နိုင်သမျှ လုပ်ဆောင်ပေးသွားပါ့မယ်။”ဟု ပုသိမ်တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဝေေ၀ညွန့်ကပြောသည်။

မစုနန္ဒာလှိုင်မှာ ယခင်ကကျောင်းအပြောင်းအရွှေ့ကိစ္စတစ်ခုအတွက် ငွေကြေးအရှုပ်အရှင်းရှိခဲ့၍ ရုံးစာရေး အဖြစ်မှ ရုံးအကူအထိ ရာထူးတစ်ဆင့်လျှော့ချခံခဲ့ရသူဖြစ်ပြီး ယခုဖြစ်ရပ်အတွက်လည်း ၎င်းအား ပုသိမ်တက္ကသိုလ်သို့ လာရောက်ဖြေရှင်းပေးရန် ၃ ကြိမ်အထိ ခေါ်ယူခဲ့သော်လည်း ပျက်ကွက်နေသဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်ရန်အဝေးသင်တက္ကသိုလ် ဌာနသို့အကြောင်ကြားထားကြောင်း သိရသည်။

လက်ရှိ ဖြစ်ရပ်အတွက်လည်း အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာနခွဲ)သို့ တရားဝင် လာရောက် တိုင်ကြားသူ ပထမနှစ်အင်္ဂလိပ်စာကျောင်းသူတစ်ဦးနှင့် ဒုတိယနှစ်အင်္ဂလိပ်စာ ကျောင်းသူတစ်ဦးတို့ရှိကြောင်း  ၎င်းက ဆက်ပြောသည်။

၂၀၁၅-၁၆ ခုနှစ်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်(ပုသိမ်ဌာနခွဲ)တွင် သိပ္ပံဘာသာအထူးပြု ကျောင်းသားကျောင်းသူ နှစ်ထောင်ကျော်နှင့် ၀ိဇ္ဇာဘာသာအထူးပြု ကျောင်းသားကျောင်းသူ သုံးသောင်းခန့် ၀င်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ပုသိမ်အဝေးသင် တက္ကသိုလ် စာရင်းများအရ သိရသည်။
myitmakhamediagroup

No comments:

Post a Comment