Latest News

Tuesday, September 20, 2016

ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့်ဆောင်ရွက်မည်


မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ စက်တင်ဘာ(၁၉)ရက်။

ချောင်းသာကမ်းခြေတွင် ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

ချမ်းသာကမ်းခြေ သန့်ရှင်းသာယာရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးအတွက် စက်တင်ဘာလ ၁၆ ရက်မှ ၁၈ ရက် အထိ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ပြီး အဆိုပါ ရလာဒ်ကို အစီရင်ခံစာပြုလုပ်ကာ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စု အဆင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းမှ ပညာရှင် အသီးသီးထံ ပေးပို့ပြီး အကြံဥာဏ်၊ အကူအညီများ တောင်းခံပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

“ချောင်းသာကမ်းခြေ သန့်ရှင်းသာယာလှပ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီကမ်းခြေမှာမှီခိုနေထိုင်သူအားလုံးမှာ တာဝန်ရှိတယ်။ စိတ်ပိုင်းဆိုင်ရာပါ ပြောင်းလဲဖို့လိုတယ်။ အတ္တတွေမများကြဖို့ ကိုယ်ဘက်ကိုယ် မယက်ကြဖို့ တရားဥပဒေ စိုးမိုးဖို့လိုပါတယ်။ ချောင်းသာဒေသတိုးတက်ဖို့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှ အောင်မြင်မယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီက ပြောသည်။

ပျက်စီးယိုယွင်းပြီး သန့်ရှင်းမှုများ တစ်နှစ်ထက်တစ်နှစ် ယိုယွင်းလာနေသော ချောင်းသာကမ်းခြေကို ထိုသို့ ဆောင်ရွက်ရာတွင် ချောင်းသာဒေသရှိ လုပ်ငန်းရှင်များ၊ ဒေသခံများအပြင် ရေကြည်ရာမြက်နုရာ လာရောက်ရှာဖွေ စားသောက်သူများ အားလုံး စိတ်ပိုင်းဆိုင်ရာများပါ ပြုပြင်၍ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဟု ၎င်းက ဆက်ပြောသည်။

ချောင်းသာကမ်းခြေတွင် အချို့သော ဟိုတယ်များသည် ၎င်းတို့ရှေ့သောင်ပြင်များသို့ ခြံခတ်တိုးချဲ့ခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှ ကမ်းခြေတွင် သဲတူးယူခြင်းတို့ကြောင့် ကမ်းခြေသောင်ပြင် ပျက်စီးလာကာ ကမ်းခြေတစ်လျှောက် အပန်းဖြေရန်နေရာ ကျဉ်းမြောင်းလာကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင်ကမ်းခြေဈေးသည်များ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှု၊ အပျော်စီးမြင်းများ၏ အညစ်အကြေးများနှင့် ဒီရေတောများ ခုတ်ထွင်၍ တည်ဆောက်သည့် အိမ်ယာသစ်များမှ စည်းကမ်းမဲ့ စွန့်ပစ်သော အညစ်အကြေးနှင့်  အမှိုက်များမှာ ဒီရေ၀င်ရောက်သည့် ချောင်းများမှ တစ်ဆင့်ကမ်းခြေသို့ ပြန်လည် ရောက်ရှိလာနေကြောင်း အပန်းဖြေသူများထံမှ သိရသည်။

“ကျောက်ဆောင်တွေကို ဖြိုပြီးလမ်းခင်းတာတွေလည်းရှိတော့ ကမ်းခြေတိုက်စားမှု ပိုများလာတာပေါ့။ ရေ ကြည်ရာ မြက်နုရာလာရောက်ပြီး စီးပွားရှာသူတွေရော၊ ဧည့်သည်တွေရော၊ လုပ်ငန်းရှင်တွေရော၊ ဒေသခံတွေ ရော စည်းကမ်းရှိဖို့လိုပါတယ်။ ပြီးတော့ စည်းကမ်းမဲ့ သူတွေကို တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူစေချင်တယ်။”ဟု ချောင်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ချောင်းသာကမ်းခြေတွင် ဟိုတယ် ၂၅ လုံး၊ လိုင်စင်ရှိ တည်းခိုခန်း ၅၀ ကျော်၊ လိုင်စင်မဲ့တည်းခိုခန်းများ၊ ဒေသခံများ၏ နေအိမ်များ၊ ကျောင်းများတွင် ဧည်သည်များတည်းခိုနိုင်ကြပြီး ဟိုတယ်အခန်း ပေါင်း ၁၈၀၀ ကျော်ရှိကာ ၂၀၁၆ ခုနှစ် စက်တင်ဘာလလယ်အထိ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် ၄ သိန်း ဝင်ရောက်ခဲ့ ပြီးဖြစ်ကြောင်း ချောင်းသာကမ်းခြေ ဟော်တယ်ဇုန်လုပ်ငန်းအဖွဲ့မှ သိရသည်။
myitmakhamediagroup

No comments:

Post a Comment