Latest News

Tuesday, September 20, 2016

သတ်ကြ၊ ဖြတ်ကြသည် အထိ ရှုပ်ထွေးနေတဲ့ လယ်ယာမြေ ပြဿနာ


တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ကို အောက်ခြေက ခရိုင်အဆင့် မြို့နယ်အဆင့်က ၀န်ထမ်းတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် မဖြေရှင်းလို့ ခုလို့ ပြဿနာ ဖြစ်တာလို့ မူလလက်ငုတ် လယ်သမားက ဆိုပါတယ်။
သို့သော် အစိုးရအဖွဲ့မှာ တာဝန်ရှိသလားဆိုတဲ့ မီဒီယာတွေရဲ့မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားမှု မရှိဘဲ ခေတ်အဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဆိုးမွေးလို့သာ ဆိုပါတယ်။

သတ်ကြ၊ ဖြတ်ကြသည် အထိ ရှုပ်ထွေးနေတဲ့ လယ်ယာမြေ ပြဿနာ

မျိုးမင်းပိုင် MESSENGER JOURNAL
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် လွှဇာအုပ်စု ရွှေကျွန်းသာ သစ်တောကြိုးဝိုင်းမြေမှာ လက်ရှိလုပ်ကိုင်ခွင့်ရသူ လယ်သမားများနှင့် မူလလက်ငုတ် လယ်သမားများ စကားများ ရန်ဖြစ်ကြရာ လက်ရှိလယ်ယာမြေ လုပ်ကိုင်နေသူ ကိုဝင်းရွှေမှာ မှိန်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
မူလ လက်ငုတ်တောင်သူဖြစ်တဲ့ ဦးထွန်းရီလည်း ဓားခုတ်ခံရပြီး လပွတ္တာ သုံးမိုင်မြို့သစ် ဆေးရုံမှာ ဆေးကုသမှု ခံနေရသလို၊ နှစ်ဖက်တောင်သူလေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရွှေကျွန်းသာဒေသမှာ မြေသိမ်းခံ မူလပိုင်ရှင် လယ်သမားများနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားများအကြား မြေယာအငြင်းပွားမှုများ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး၊ ကျွဲကျောင်းသည့် ကိစ္စကို အကြောင်းပြုပြီး စက်တင်ဘာလ (၃) ရက် နံနက် (၈) နာရီခွဲခန့်က မူလလယ်သမား နှင့် လက်ရှိလုပ်ကိုင်နေသော လယ်သမားများအကြား အုပ်စုလိုက် ပဋိပက္ခ ဖြစ်ပွားခဲ့ကြတာပါ။
သက်ဆိုင် ရာရဲဝန်းထမ်းများနဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် လုံခြုံရေး ကြီးကြပ်မှု ဆောင်ရွက်နိုင်ခြင်း မရှိသလို၊ ကျူးကျော်စိုက်ပျိုးတဲ့ လယ်ယာမြေ လုပ်ကိုင်နေသူများ ညွန်ကြားချက်ကို လိုက်နာခဲ့ခြင်း မရှိခဲ့လို့ လူသေဆုံးမှု အထိ ဖြစ်လာရတာလို့ ရွှေကျွန်းသာ လယ်ယောမြေ စုံစမ်းစစ်ဆေးရေး ကော်မတီ ဒုဥက္ကဋ္ဌ အစိုးရအဖွဲ့ စည်ပင်သာယာရေး ၀န်ကြီးဦးကျော်မြင့်က ဆိုပါတယ်။
““တာဝန်ရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းနဲ့ တာဝန်ရှိသူတွေ ကလည်း ကွင်းဆင်းကြီးကြပ် စစ်ဆေးတဲ့ကြားက စိုက်တဲ့သူကလည်း ခိုးဝှက်စိုက်တယ်။ ဒီအပ်ါမှာ အုပ်ချုပ်ရေး အဖွဲ့တွေ နိုင်နင်းအောင် မတားမြစ်နိုင်ဘူးလို့၊ မတားမြစ်နိုင်ဘူးဆိုတဲ့ အကြောင်းကလည်း စိုက်တဲ့သူတွေ အင်အားက အရမ်းများတဲ့ အပိုင်းလည်းပါတယ်””လို့ ၄င်းကဆိုပါတယ်။
ရဲတပ်ဖွဲ့ကတော့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နယ်မြေကို ဧရာဝတီတိုင်း ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်ကို စေလွှတ်ကာ လပွတ္တာခရိုင် ရဲတပ်ဖွဲ့ကို အနီးကပ် ကွပ်ကဲကာ ပဋိပက္ခများကို တားဆီးထိမ်းသိမ်းရန် တာဝန်ပေးထားကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၇) ရက်နေ့အထိ မူလလယ်သမားများဘက်မှ (၈) ဦးနဲ့ လက်ရှိလုပ်ကိုင်ခွင့်ရတဲ့ လယ်သမားသုံးဦး စုစုပေါင်း(၁၁) ဦးကို လပွတ္တာရဲစခန်းက ဖမ်းဆီးထားပါတယ်။
ရွေကျွန်းသာ လယ်ယောမြေသည် ၁၉၆၂ ခုနှစ်နောက်ပိုင်း လယ်ယာမြေ ဖော်ထုတ်ရေး စီမံကိန်းအရ လယ်မဲ့ယာမဲ့များကို ဖော်ထုတ် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်မှာတော့ သစ် တောဦးစီဌာနက ဒီရေတောစီမံကိန်း ဖြင့် သိမ်းဆည်းလိုက်ပြီးနောက်ပိုင်း မှာ လက်ရှိလုပ်ကိုင်သူတွေက ဆက် လက်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။
““ဘာလို့ သူတို့လုပ်ကိုင်ခွင့်ရလဲဆို မြို့နယ်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကသူတွေ တစ်နိုင်တစ်ပိုင် ၀င်ရောက်လုပ်ကိုင်ကြသလို တချို့အကျင့်ပျက် သစ်တောဝန်ထမ်းတွေ ကလည်း ရောင်းစားကြတယ်””လို့ မူလလယ်သမားဖြစ်သူ ဦးဝင်းနိုင်က ဆိုပါတယ်။
လက်ရှိလုပ်ကိုင်နေတဲ့ လယ်သမားများကတော့ သစ်တောဝန်ထမ်းတွေနဲ့ အဆင်ပြေအောင် ဆောင်ရွက်ပြီး တစ်စဉ် တစ်ဆက်တည်း လုပ်ကိုင်လာတာ (၁၈) နှစ်ခန့်ရှိပြီလို့ ဆိုပါတယ်။
““အစ်မအခုလုပ်နေတဲ့လယ်က လယ်သမားဟောင်းလို့ဆိုပြီး တောင်းဆိုနေတဲ့ သူတွေဆီက ၀ယ်ပြီးလုပ်တာ။ ခုပြန်တောင်းဆိုနေတဲ့ သူတွေထဲမှာလည်း သူတို့ကိုယ်တိုင် ပြန်ရောင်းစားထားတဲ့ သူတွေကိုယ်တိုင်ပါတယ်”” လို့ လက်ရှိလုပ်ကိုင်နေသူ မဇင်လဲ့မွန်က ပြောပါတယ်။
လတ်တလောမှာ အငြင်းပွားနေတဲ့ မြေကဧကရှစ်ထောင်ကျော် ရှိပြီး မူလပိုင်ဆိုင်သူ လယ်သမား (၃၀၀) ကျော်ရှိကာ လက်ရှိလုပ်ကိုင်ခွင့်ရသူ လယ်သမား(၄၂၀) ကျော် လုပ်ကိုင်နေပါတယ်။
၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေသစ် ပေါ်ထွက်လာပြီးနောက်မှာတော့ မူလပိုင်ဆိုင်ခဲ့သည်ဟု ဆိုသူများက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ တင်ပြတောင်းဆိုခဲ့ကြပါတယ်။
၂၀၁၂ ခုနှစ်က စတင်ပြီး ယခုအချိန်အထိ လယ်မြေများကို သူပိုင်ကိုယ်ပိုင် ပြောဆိုရင်း တစ်ဖက်နဲ့တစ်ဖက် စကားများ ရန်ဖြစ်မှုတွေ ဖြစ်နေခဲ့တာကို အစိုးရနဲ့ တာဝန်ရှိသူတွေ ထိထိရောက်ရောက် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။
၂၀၁၅ ခုနှစ် ဧပြီလမှာတော့ လက်ရှိလုပ်ကိုင်ခွင့် ရရှိထားသော လယ်သမားများက လူစုလူဝေးဖြင့် ၀င်ရောက် ရိုက်ခတ်မှုများကြောင့် အသက်(၂၇) နှစ် အရွယ်ရှိ မူလလယ်ပိုင်ရှင်သား ဒုတိယနှစ်ကျောင်းသား ကိုထွန်းထွန်းလင်း လှံထိုးမိတဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
ဒီလိုလူသေမှုအထိ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါ့ကြောင့် မူလလယ်သမားများက အစိုးရသစ် လက်ထက်မှာ အမြန်ဆုံး ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ၀န်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ကို တင်ပြခဲ့ကြပါတယ်။
ပဋိပက္ခ ဖြစ်ပွားနေသည်များကို ဥပဒေနှင့်အညီ ဖြေရှင်းပေးပါရန် နိုင်ငံတော်သမ္မထံ တင်ပြစာကို လက်ခံရရှိကြောင်းနဲ့ လိုအပ်သလို ဆက်လက် စိစစ်ဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ ဇွန်လ(၁) ရက်နေ့မှာ အကြောင်းပြန်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ် ဇွန်လ (၉)ရက် နေ့မှာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ပြဿနာ ဖြစ်ပွားတဲ့ နေရာတွေမှာ ၀င်ရောက်စိုက်ပျိုး ထွန်ယက်ခြင်း တဲထိုးခြင်းများ မပြုလုပ်ရန် ပြုလုပ်ပါက ခြေချုပ်ဥပဒေဖြင့် အရေးယူမည်ဟု နှစ်ဖက် လယ်သမားများကို ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းခရိုင် မြို့နယ်မှ ရပ်ကျေး အုပ်ချုပ်ရေး အထိ အဆင့်ဆင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်သော်လည်း လက်ရှိလုပ်ကိုင်နေသူများက ဆက်လက် လုပ်ကိုင်ခဲ့ကြပြီး အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်က အသက်မ၀င်ခဲ့ပါဘူး။
လက်ရှိလုပ်ကိုင်ခွင့်ရသူ တောင်သူများကတော့ မိသားစု စားဝတ်နေရေး အခြေနေကြောင့် တားမြစ်ချက်ကို ကျော်လွန်ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။
““ပျိုးကြဲပြီးသွားပြီ၊ လူငှားကလည်း သွင်းပြီးပြီ။ စရိတ်ကလည်း အကုန်ကျခံထားတော့ ဒီမှာရပ်လိုက်ရင် စားဝတ်နေရေး ရှိတယ်။ အကြွေးတွေရှိတယ်။ သမချေးငွေလည်း ထုတ်ထားတော့ ဒီတစ်နှစ် ဆက်လုပ်ပါရစေဆိုပြီး စာပို့တယ်၊ တောင်းပန်တယ်၊ ဆက်လုပ်ဖြစ်တယ်။ အဲဒီတော့ ၀န်ကြီးနှစ်ပါး လာတွေ့ပြီး မေးခွန်း ဆယ်ချက်မေးပေမယ့် အခုအချိန်အထိ ဘာမှ ညှိနှိုင်းဆောင်ရွက်မပေးဘူး””လို့ လက်ရှိလုပ်ကိုင်ခွင့်ရသူ တောင်သူများက ပြောပါတယ်။
အစိုးရအဖွဲ့က ဒီဖြစ်စဉ်ကို ကွင်းဆင်း လေ့လာဆောင်ရွက်ဖို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန သစ်တောဦးစီးဌာနနဲ့ နယ်မြေရဲတပ်ဖွဲ့တွေကို တာဝန်ပေးခဲ့သော်လည်း အောက်ခြေမှာ ညွန်ကြားချက်အတိုင်း နှစ်ဖက်လယ်သမားများ လိုက်နာ ဆောင်ရွက်နေပြီး မည်သည့်ပြဿနာ တစ်စုံတစ်ရာမှ မရှိဘူးလို့ အစိုးရအဖွဲ့ထံ တင်ပြခဲ့ကြပါတယ်။
““ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ သစ်တောဦးစီးနဲ့ ရဲဝန် ထမ်းတွေ ပါပါတယ်။ သူတို့ မြေပြင်ဆင်းစစ်တဲ့အခါ ထွန်ယက်စိုက်ပျိုးနေတာ မတွေ့ရဘူးလို့ အစီရင်ခံစာ အကြိမ်ပေါင်းများစွာ ပြန်တက်တော့ ကျွန်တော်တို့ကလည်း ဒီအစီရင်ခံစာတွေသာ ဖတ်ရပြီး တကယ့်လက်တွေ့ မြေပြင်မှာ ခိုင်းထားတဲ့ အဖွဲ့အစည်းတွေက အဲဒီလိုစစ်ဆေး ပြီး တင်ပြလာတဲ့ အပေါ် လိုအပ်ချက်တွေ ရှိလာတာပဲ””လို့ ဦးကျော်မြင့်က ဆိုပါတယ်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားချက်ကို အောက်ခြေက ခရိုင်အဆင့် မြို့နယ်အဆင့်က ၀န်ထမ်းတွေ တာဝန်ရှိသူတွေကို ထိထိရောက်ရောက် မဖြေရှင်းလို့ ခုလို့ ပြဿနာ ဖြစ်တာလို့ မူလလက်ငုတ် လယ်သမားက ဆိုပါတယ်။
သို့သော် အစိုးရအဖွဲ့မှာ တာဝန်ရှိသလားဆိုတဲ့ မီဒီယာတွေရဲ့မေးမြန်းမှုကိုတော့ ပြန်လည်ဖြေကြားမှု မရှိဘဲ ခေတ်အဆက်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ဆိုးမွေးလို့သာ ဆိုပါတယ်။
လက်ရှိအငြင်းပွားနေတဲ့ မြေယာများဟာ သစ်တောမြေအဖြစ်သာ တည်ရှိနေပြီး မည်သူမျှ မပိုင်ဆိုင်ဘူးလို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီဝင်တစ်ဦးက ပြောပါတယ်။
လက်ရှိလုပ်နေတဲ့ သူတွေကလည်း တစ်ဝက်ပေနိုင်လား ဆိုတော့လည်း မပေးနိုင်ဘူး။ တောင်းဆိုတဲ့ သူကလည်း တစ်ဝက်သို့ တစ်ဝက်ထက်ပိုမှ လက်ခံမယ့် အနေအထား ရှိနေတော့ လိုချင်သူတွေက လောဘတွေ များနေတော့ တိုင်းဒေသကြီး အစိုးရလည်း ဘယ်လိုဖြေရှင်းရမယ် ဆိုတာတောင် မသိရအောင် ဖြစ်နေပြီး၊ ဆက်ပြီး အဖြေတစ်ခုရအေင် ညှိနှိုင်းရမယ်””လို့ ၄င်းကဆက်ပြောပါတယ်။
““ဒီလောက်လုပ်နေတဲ့ကြားက လုံလောက်မှု မရှိတာကို လုံလောက်မှု ရှိအောင် နိုင်ငံတော်ကို တင်ပြပြီးကို လုပ်သွားမယ့် အစီအစဉ် ရှိပါတယ်””လို့ စည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က ပြောပါ တယ်။
လယ်ယာမြေ အငြင်းပွားမှုများမှ အစပြုကာ ယခုကဲ့သို့သော အခြေနေမျိုး မဖြစ်အောင် ဆောင်ရွက်ရန်လည်း အစိုးရအဖွဲ့မှာ တာဝန်ရှိနေတယ်လို့ လယ်ယာမြေအရေးလိုက်ပါ ဆောင်ရွက်နေသူများက ပြောပါတယ်။
(၇၀) ရာခိုင်းနှုန်း လယ်ယာမြေ လုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်း ဒေသကြီးမှာ အငြင်းပွားနေတဲ့ လယ်ယာမြေ ပဋိပက္ခပေါင်းများစွာ ရှိနေပြီး ဧရာဝတီတိုင်း ဒေသကြီးမှာ အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများမှ သိမ်းဆည်းထားသော လယ်ဧက တစ်သန်းနီးပါး ရှိနေပါတယ်။
အစိုးရအဖွဲ့အနေနဲ့ လယ်ယာမြေ ပြဿနာများကို ထိထိရောက်ရောက် ကိုင်တွယ်ရမှာ ဖြစ်သလို အမြန်ဆုံးနဲ့ အမှန်ဆုံး ဖြေရှင်းပေးသင့်ပြီး ကိုယ်လမ်းညွန်တဲ့ အောက်ခြေ အဖွဲ့အစည်း ကလည်း တကယ်လိုက်နာ ဆောင်ရွက်လားဆိုတာ ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။
““အောက်ခြေက တိတိကျကျ မဆောင်ရွက်သလို တရားဥပဒေလည်း စိုးမိုးမှုမရှိတော့လို့ မိသားစုတွေ ဘ၀ပျက်ကြရတယ်။ သတ်တဲ့သူကလည်း ထောင်ထဲမှာ နေနေရသလို၊ ခံရလို့ သေသွားတဲ့ မိသားစုအတွက် သားသမီးတွေ အတွက် ဘ၀တွေပျက်ကြရတယ်။ အဲဒီတော့ အစိုးရက အမြန်ဆုံး ဖြေရှင်းပေးသင့်ပါတယ်။
နောက်နောင် ဒါမျိုးတွေ ဆက်ဖြစ် မယ်ဆိုရင်တော့ ကြားလို့လည်း မကောင်းဘူး။ တာဝန်ရှိသူတွေလည်း သမိုင်းတရားခံ ဖြစ်သွားမယ်”” လို့ မူလလယ်သမား ဦးတင်ဦးက ပြောသည်…။

No comments:

Post a Comment