ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ကြိုးတံတားအနီးရှိ ယုဇနအအေးခန်းတွင် သြဂုတ်လ ၁၉ ရက်နေ့လည် ၂ နာရီခန့်က ငါးပုဇွန်များအား အအေးခံထုတ်ပိုးသည့် အခန်းအတွင်း အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်ခဲ့ခြင်းကြောင့် ရူရှိုက်မိသူ အမျိုးသမီး လုပ်သား ၇ ဦးကို ပုသိမ်ဆေးရုံကြီးသို့ တင်ပို့ကုသနေရကြောင်း သိရှိရသည်။
ဓာတ်ငွေ့ယိုစိမ့်သည့် အခန်းအတွင်း အမျိုးသမီးလုပ်သား ၁၄၀ ဦးခန့် အလုပ်လုပ်ကိုင်နေရာမှ အအေးခန်း အတွင်း ပုံမှန်မဟုတ်သည့် အနံ့ရလာသဖြင့် အလုပ်သမားအများစု အခန်းအပြင်သို့ ထွက်ခဲ့သော်လည်း နောက်ဆုံးကျန်ခဲ့သူ ၇ ဦးမှာ အသက်ရှူလမ်းကြောင်း ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သဖြင့် ဆေးရုံသို့တင်ပို့ထားရခြင်း ဖြစ်ကြောင်း ပုသိမ်မြို့မရဲစခန်းမှ သိရသည်။
“လက်ရှိတော့ စိုးရိမ်စရာမရှိတော့ဘူး၊ နှစ်ယောက်ကို မျက်လုံးပြထားရတယ် ဆိုပေမယ့် သူတို့က စိုးရိမ်လို့ပြတာ၊ ကျန်တဲ့လုပ်သား အားလုံးကိုလည်း မြို့နယ်ကျန်းမာရေးဌာနမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်၊ လောလောဆယ် အအေးခန်းကိုတော့ ခဏပိတ်ထားတယ်” ဟု ပုသိမ်မြို့မရဲစခန်းမှ ရဲအုပ်ဇော်မင်းထွန်းက ပြောသည်။
စက်ရုံအတွင်းမှ အမိုးနီးယားဓာတ်ငွေ့များ စတင်ယိုစိမ့်ခဲ့သည့် မျက်နှာကြက်အပေါ်တွင် တပ်ဆင်ထားသည့် အအေးခံရန် အသုံးပြုသည့် ပိုက်လိုင်းများကို ပြန်လည်ပြင်ဆင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဆေးရုံတင်ပို့ခဲ့ရသူများမှာ ပုသိမ်မြို့နယ် ကိုးဆူကျေးရွာနေ မချိုဇင်ငြိမ်း (၂၅)နှစ်ခန့်၊ ရှမ်းကွင်းရွာနေ မမြတ်သူကျော်(၂၀)နှစ်ခန့်၊ ၀ါးယားချောင်းကျေးရွာနေ မသူဇာလွင်အသက် (၁၈)နှစ်ခန့်၊ အငူကြီးရွာနေ မမျိုးချယ်ရီဦး(၂၅) နှစ်ခန့်၊ ကန်ကြီးထောင့်မြို့နယ် ဒရယ်ချောင်းကျေးရွာနေ မစန်းစန်းမော် (၁၈)နှစ်ခန့်၊ အိမ်မဲမြို့နယ် ရှမ်းစုရွာနေ သင်ဇာလှိုင်(၁၈)နှစ်ခန့်နှင့် ငပုတောမြို့နေ မဝေနှင်းဟန်(၁၈)နှစ်ခန့်တို့အား ပုသိမ်ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း ပုသိမ်မြို့မရဲစခန်းမှသိရသည်။
MMK
The Ladies News
Saturday, August 20, 2016
ပုသိမ်ယုဇန အအေးခန်းမှ အမျိုးသမီးလုပ်သား ၇ ဦး ဓါတ်ငွေယိုစိမ့်မှုကြောင့် ဆေးရုံသို့ တင်ပို့ကုသနေ
ပုသိမ်ယုဇန အအေးခန်းမှ အမျိုးသမီးလုပ်သား ၇ ဦး ဓါတ်ငွေယိုစိမ့်မှုကြောင့် ဆေးရုံသို့ တင်ပို့ကုသနေ
Reviewed by timeayeyar
on
12:28 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment