Latest News

Saturday, August 20, 2016

ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး နိုင်ငံတော်အစိုးရမှ အစွမ်းကုန် ကူညီပေးသွားမည်

ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် ကြုံတွေ့လာရမည့် အခက်အခဲများကို နိုင်ငံတော် အစိုးရမှ တတ်နိုင်သမျှ ကူညီပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပုသိမ်မြို့ရှိ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် ပြည်ထောင်စုအစိုးရအဖွဲ့မှာ သြဂုတ်လ ၁၉ ရက်နေ့က ပုသိမ်မြို့သို့ လာရောက်ပြီး ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ၅၀၀ ခန့်ကို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

“နောက်ပိုင်း နေရာပြန်လည်ချထားရေးအပိုင်းမှာ မိမိတို့အိမ်ပြန်ကြလို့ အခက်အခဲတွေ ကြုံတွေ့လာရတဲ့ အခါကျရင်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး အာဏာပိုင်အဖွဲ့တွေကနေပြီးတော့ အကူအညီတွေ တောင်းလာရင် နိုင်ငံတော်အနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးဖြည့်ဆည်းပေးပါ့မယ်”ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောသည်။

မိမိအနေဖြင့် ဒုသမ္မတကို စေလွှတ် တာဝန်ခွဲဝေပေး၍ ဧရာဝတီတိုင်းဒေသကြီးအတွက် ရေဘေး ကယ်ဆယ်ရေး လုပ်ဆောင်စေခဲ့ကြောင်း၊ ဧရာဝတီတိုင်းသို့ ယခုမှ လာရောက်နိုင်သည့်အတွက် ခွင့်လွှတ်စေလိုပါကြောင်း ပုသိမ်မြို့ရှိ ရေဘေးသင့်ပြည်သူများကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆက်လက်ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ ယခုခရီးစဉ်သည် ဧရာဝတီတိုင်းဒေသကြီးသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ နယ်စပ်ဒေသ၀န်ကြီး ဗိုလ်ချုပ်ကြီး ရဲအောင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ပြန်ကြားရေး ၀န်ကြီး ဒေါက်တာဖေမြင့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးနှင့် အခြားသော အစိုးရအရာရှိကြီးများ လိုက်ပါလာခဲ့ကြသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ရေဘေးသင့်ပြည်သူများအတွက် သြဂုတ်(၁၉)ရက်တွင် ဆန်အိတ် ၁၃၇ အိတ်၊ ငါးသေတ္တာ ၁၀၂၉ ဘူး၊ ဆီ ၁၇၁ ပိသာ၊ ရေသန့် ၁၀၀ ကဒ်နှင့် ဆေးဝါးများ ပေးအပ် ကူညီခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်မှာ သြဂုတ် ၁၉ ရက်နေ့က သာပေါင်း၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ပုသိမ်မြို့ရှိ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ ကယ်ဆယ်ရေးပစ္စည်းများ ကူညီထောက်ပံ့ခဲ့ပြီး ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ ရန်ကုန် - ပုသိမ်ကားလမ်း ပျက်စီးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

MMK
The Ladies News

No comments:

Post a Comment