Latest News

Thursday, June 9, 2016

တိုင်းဧရာအတွင်း မသန်စွမ်းကလေးငယ်များ ပညာသင်ကြားနိုင်မှုနည်းပါးနေ

မျိုးမင်းထွန်း (မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းနေ အရွယ် မသန်စွမ်းကလေးငယ်များ ပညာသင်ကြားနိုင်မှု အလွန်နည်းပါးနေကြောင်း မသန်စွမ်းကလေး မိဘများထံမှ သိရှိရသည်။

မသန်စွမ်းကလေးငယ်များကို အခြေခံပညာကျောင်းများတွင် သွားရောက်အပ်နှံရာ အခက်အခဲများ ဖြစ်ပေါ်နေပြီး၊ ကျောင်းအပ်နှံမှုအဆင်ပြေသည့် ကလေးငယ်များမှာလည်း ရုပ်ပိုင်းဆိုင်ရာအတားအဆီးများ စိတ်ပိုင်းဆိုင်ရာ အဖြစ်ခွဲခြားဆက်ဆံခံရမှုများကြောင့် ပညာ မသင်ယူနိုင်မှုများဖြစ်ပေါ်နေကြောင်း မသန်စွမ်းကလေး မိဘများက ဆိုသည်။

“သားလေးက ဦးနှောက်ကနားလည်တယ်။ ဒါပေမယ့် ခြေတွေလက်တွေ မသန်တော့စာရေးတာမှာရော သွားတာမှာပါ နောက်ကျတာတွေရှိတယ်။ အခုနှစ်တတိယတန်းအောင်တော့ စတုတ္ထတန်း ဆက်တက်ဖို့ကို လှေကားအတက်အဆင်း အဆင်မပြေ တော့ကျောင်းဆက်ထားလို့ မရဖြစ်နေတယ်၊ သူကလည်း ကျောင်းတက်ချင်တော့ အိမ်မှာနေ့တိုင်းငိုနေတယ်”ဟု ပုသိမ်မြို့၊ပါဠိတက္ကသိုလ်လမ်းနေ အသက် ၁၅ နှစ်အရွယ် မသန်စွမ်းကလေးငယ် မောင်မျိုးဇင်းဦး၏ မိခင်မခင်မျိုးဝေက ပြောသည်။

သာမန် မသန်စွမ်းသူများနှင့် ပြင်းထန်မသန်စွမ်းသူများ နှစ်မျိုးရှိရာ  သာမန် မသန်စွမ်းသူများအား သီးသန့်ကျောင်းများထားပါက ခွဲခြားဆက်ဆံသကဲ့သို့ဖြစ်၍ လူ့အခွင့်ရေးဆိုင်ရာအရ အားလုံးအကျုံး ၀င်ပညာရေးစနစ်မှာ အလွန်အရေးကြီးကြောင်း မသန်စွမ်းသူများ အကျိုးဆောင်ရွက်နေသော အဖွဲ့များထံက သိရသည်။

ပြင်းထန် မသန်စွမ်းသူများအတွက် သီသန့် ကျောင်းများလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လိုအပ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်း မသန်စွမ်းသူများ အကျိုးဆောင်ရွက်နေသော The Leprosy Myanmar အဖွဲ့မှ တာဝန်ခံ ဦးစိုးနိုင်က ပြောသည်။

မသန်စွမ်းကလေးများတွင် ဦးနှောက်ဥာဏ်ရည်မသန်စွမ်းသောကလေးနှင့် ကိုယ်လက်အင်္ဂါမသန်စွမ်း သောကလေးဟူ၍ (၂)မျိုးရှိပြီး တစ်ဦးနှင့် တစ်ဦး ဖွံ့ဖြိုးမှုအပိုင်း မတူညီကြကြောင်း ၎င်းတို့၏ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အနေအထားကို မူတည်ပြီးဆရာ၊ ဆရာမများမှ စဉ်းစားလုပ်ကိုင်ကြရန် ညွန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

“ကျွန်တော်တို့ကတော့ လက်မခံရဘူးဆိုတာ တော့မရှိဘူး။ ခက်တာက ဆရာဆရာမတွေလည်း ဒီလိုကလေး နှစ်ယောက် သုံးယောက်ကို တစ်မျိုးသင်ရမယ် တခြားကလေးတွေကို တစ်မျိုးသင်မယ်ဆိုတော့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်နေတယ်။”ဟု ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး (စီမံ) ဦးမန်းသိန်းကျော်က ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူပေါင်း ၂၁ သိန်းကျော်ရှိနေကြောင်း ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းပါ အချက်အလက်များအရ သိရသည်။
Myitmakha

No comments:

Post a Comment