Latest News

Thursday, June 9, 2016

တိုင်းဧရာတွင် လမ်း၊ တံတားများတည်ဆောက်ရန် တင်ဒါခေါ်ယူရာ လေလံကြေး၏ (၁၀)ရာခိုင်နှုန်းကို Show Money ပြရမည်

မျိုးမင်းထွန်း (မြစ်မခ)

ပုသိမ်၊ ဇွန်လ(၇)ရက်။

ဧရာဝတီတိုင်းဒေသကြီးတွင်းရှိ လမ်း၊တံတားများတည်ဆောက်ရန် ၂၀၁၆ ခုနှစ်တင်ဒါခေါ်ယူရာ၌ လေလံကြေး၏ (၁၀)ရာခိုင်နှုန်းကို Show Money (ပုံငွေ)အဖြစ် တင်ပြရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရှိရသည်။

ယခင်နှစ်များက လမ်း၊တံတားများ တင်ဒါခေါ်ယူရာတွင် ကုမ္ပဏီများဘက်မှ မိမိတို့လုပ်ဆောင်လိုသော လမ်း၊ တံတားများ၏ လေလံတင်ဒါကြေး၏ (၀.၂) ရာခိုင်နှုန်းကို စိတ်ဝင်စားကြေးအဖြစ် ကြိုတင်ပေးသွင်းပြီးမှ ၀င် ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး ယခုနှစ်တွင် အဆိုပါ စနစ်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

“ဒီနှစ်မှာ လမ်း၊တံတားတွေ လေလံမှာစိတ်ဝင်စားကြေးတွေ လုံးဝမကောက်ဖို့ ဆုံးဖြတ်တော့ အဲ့ဒီအစား ဘာ လုပ်ရမလဲ ၀ိုင်းစဉ်းစားကြတဲ့အခါ လုပ်ငန်းလုပ်မယ့် ကုမ္ပဏီဘက်ကကြိုတင်ပြီး လေလံတင်ဒါကြေးရဲ့ ၁၀ ရာခိုင်နှုန်းကို မလုပ်ခင်မှာ Show Money (ပုံငွေ)ပြထားရမယ်လို့ပြောင်းလဲလိုက်တာပါ။”ဟု ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

အဆိုပါပုံငွေကို ဘဏ်အကောင့်ဖြင့်တင်ပြနိုင်သဖြင့် အဆင်ပြေသော်လည်း ကုမ္ပဏီများအနေဖြင့်တင်ဒါ အောင် မအောင် မသေချာသည့်အခြေအနေတွင် ဘဏ်အတွင်းသို့(၇)ရက်ခန့် ငွေများမြုပ်နှံထားရမည်ဖြစ်သဖြင့် ၎င်းကို ဆောက်လုပ်ရေးကုမ္ပဏီများအချို့မှ မလိုလားကြောင်း သိရသည်။

“ဒီ Show Money(ပုံငွေ)က တင်ဒါအောင်သွားပြီး စာချုပ်ချုပ်ပြီဆိုကတည်းက အားလုံးကို ပြန်ပေးမှာပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း ကွန်ကရစ်လမ်း ၂၆ မိုင် ၀.၁၁ ဖာလုံ၊ ကတ္တရာလမ်း ၂.၇ ဖာလုံ၊ ကျောက်ချောလမ်း ၆၉ မိုင် ၇.၇၄ ဖာလုံနှင့် မြေသားလမ်း ၃၂ မိုင် ၁.၉၂ ဖာလုံ ဆောင်ရွက်ရန် အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဇွန်လ (၁၇) နောက်ဆုံးထား ဖိတ်ခေါ်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွန်ကရစ်တံတား ၁၈ စင်း၊ သစ်သားတံတား ၂၁ စင်းနှင့် Box-Culvert 25 စင်း ဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဇွန်လ(၁၇)နောက်ဆုံးထား ဖိတ်ခေါ်ထားသည်။
Myitmakha

No comments:

Post a Comment