Wednesday, June 8, 2016
စတုတ္ထတန်းကျောင်းသားကို မောင်းထုတ်ဟုဆိုကာ ကျောင်းသားမိဘများက ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံတိုင်
ပုသိမ်၊ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် သပြေချောင်းကျေးရွာအုပ်စု အခြေခံပညာ မူလတန်း ကျောင်းအုပ်ဆရာမကြီးနှင့် လက်ထောက် ဆရာမက စတုတ္ထတန်း ကျောင်းသားတစ်ဦးကို အတန်းပြင် မောင်းထုတ်သည်ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဇွန်လ ၇ ရက်နေ့က ကျောင်းသားမိဘများက တိုင်ကြားခဲ့ကြောင်း အစိုးရ အဖွဲ့ဝင်များထံမှ သိရသည်။
စတုတ္ထတန်းကျောင်းသား မောင်ပြည့်စုံကို ရှေ့ဆုံးတန်း စာသင်ခုံ၌ ကျောင်းသူနှစ်ဦးနှင့်အတူ နေရာချပေးသည်ကို လက်မခံနိုင်ကြောင်း ငြင်းဆိုသည်ကို ဆရာမကြီးနှင့် လက်ထောက်ဆရာမက မောင်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘ ဦးထွန်းထွန်းဦးက ပြောကြားသည်။
''ကျွန်တော့် အမျိုးသမီးကလည်း အဲဒီကျောင်းက လုပ်သားတစ်ဦးပါ။ ကျွန်တော့်သားရဲ့ စာတွေကို စစ်မပေးဘူးလို့ သားကပြောတယ်။ ကျွန်တော့သား မနေချင်တဲ့နေရာထားလို့ ငိုတာကို တုတ်ကိုင်ပြီး မောင်းထုတ်တာတော့ မလုပ်သင့်ဘူး''ဟု တိုင်ကြားရခြင်းနှင့် ပတ်သက်၍ ၎င်းကရှင်းပြသည်။
စတုတ္ထတန်းကျောင်းသား မောင်ပြည့်စုံက ''မိန်းခလေးတွေ ရှိတဲ့အတန်းမှာ မနေချင်ဘူး။ နောက်တန်းမှာပဲ ထိုင်မယ် ပြောတာကို မနေချင်ရင် ထွက်သွားဆိုပြီး ဆရာမကြီးက မောင်းထုတ်တယ်။ အခန်းဝကို ရောက်တော့ ဆရာမကြီးက တုတ်ကိုင်ပြီးထွက်လာလို့ ထွက်ပြေးတာ လယ်ကွင်းတွေထဲအထိ ရောက်တယ်။ သား စာသင်ချင်ပါတယ်''ဟု ပြောဆိုသည်။
ကျောင်းသား၊ ကျောင်းသူများ စာသင်ရာ၌ အဆင်ပြေစေရန် အရပ်ပုသူများကို ရှေ့တန်းစာသင်ခုံ၌ ထားလေ့ရှိကြောင်း၊ စာသင်ခန်းနှင့် ထိုင်ခုံ အခက်အခဲကြောင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း၊ ဖြောင့်ဖျပြောဆို၍ မရသောကြောင့် မိခင်ဖြစ်သူ ကျောင်းလုပ်သားကို သွားခေါ်ခိုင်းခြင်းသာဖြစ်ကြောင်း တိုင်ကြားခံရသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းလှက The Voice သို့ ပြောကြားသည်။
''ကျွန်မအနေနဲ့ တစ်ဖက်အခန်းမှာ စာသင်ပေးရမှာမို့ စာစစ်တာကို ရပ်ထားခဲ့တာပါ။ မောင်ပြည်စုံ တစ်ယောက်တည်းကို စစ်မပေးတာ မဟုတ်ပါဘူး။ ခွဲခြားဆက်ဆံတာလည်း မလုပ်ပါဘူး။ ကျွန်မတို့က ပညာသင်ကြားရေးရော စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်ပေးရသူတွေပါ''ဟု တိုင်ကြားခံရသူ လက်ထောက်ဆရာမ ဒေါ်မေစိုးထိုက်က ရှင်းပြသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဝါးခယ်မမြို့နယ် ပညာရေးမှူး ဒေါ်သိန်းငွေထံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေး ရှိသောကြောင့် မဖြေကြားနိုင်သေးကြောင်း ပြောကြားပြီး ဖုန်းနံပါတ် ဝ၄၂-၆ဝ၄၃၈ ထံမေးမြန်းရန် လမ်းညွှန်သောကြောင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေကြားခြင်း မရှိပေ။
The Voice Weekly
စတုတ္ထတန်းကျောင်းသားကို မောင်းထုတ်ဟုဆိုကာ ကျောင်းသားမိဘများက ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံတိုင်
Reviewed by timeayeyar
on
9:06 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment