Latest News

Tuesday, May 31, 2016

ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်


ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကျင်းပ


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်အတွင်းရှိ ပင်လယ်ကမ်းခြေတွင် ဒီရေတောများ ဖွဲ့စည်းပေးရန်အတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့သည်။

ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညိုက ယနေ့ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်း ဖြစ်ပြီး ကမ်းရိုးတန်းဒေသများ ပင်လယ်ကမ်း ခြေဒေသများရှိ ပြည်သူများ၏ သဘာဝ ဘေးအန္တရာယ် လုံခြုံရေးနှင့် ဂေဟစနစ်များ မပျက်သုန်းစေရေးအတွက် ဒီရေတော များဖွဲ့စည်းသင့်ကြောင်းကို ထောက်ပြထားသည်။

ထို့ပြင် အစည်းအဝေးတွင် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက် ၏ ကျောက်တံတားမြို့နယ်အတွင်း၌ မဲစာရင်များ မှားယွင်းနေမှု အပေါ် ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် နောင်လာမည့်ရွေးကောက်ပွဲ ကာလ၌ မဲစာရင်း မှန်ကန်နိုင်စေရန် မည်ကဲ့သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က နောင်လာမည့်ရွေးကောက်ပွဲများတွင် မဲစာရင်းမှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင်ပြုစုခဲ့သော မဲဆန္ဒရှင်များအား အခြေခံ၍ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အိမ်တိုင်ရာရောက် မဲဆန္ဒရှင်စာရင်း ကောက်ယူပြီး ပိုမိုပြည့်စုံတိကျ မှန်ကန်စေရေး ဆောင်ရွက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်ပြည်သူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ် ပါကြောင်း ဖြေကြားသည်။

ကချင်ပြည်နယ် မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်း၏ ကချင်ပြည်နယ် မံစီမြို့နယ်တွင် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောတွင်း ကျရောက် လျက်ရှိသော ကျေးရွာများ၊ ကျေးရွာမြေများအား သစ်တောဧရိယာမှ ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လူဦးရေတိုးတက်လာသည်နှင့်အမျှ လူနေအိမ်များ တိုးချဲ့လုပ်ဆောင်နိုင်ရန်နှင့် စိုက်ပျိုးမြေများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် ကြိုးပြင်ကာကွယ်တောဧရိယာများ လျှော့ချပေး ရန် အစီအစဉ်ရှိ၊ မရှိနှင့် ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်၊ မရှိပါက အဘယ်ကြောင့်မရှိသည်တို့ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် သစ်တောကြိုးဝိုင်း(၁၁)ခု၊ ဧရိယာ ၁သိန်းကျော် ကြိုးပြင်ကာကွယ်တော(၉)ခု၊ ဧရိယာ ၃ သိန်းကျော် စုစုပေါင်း သစ်တောမြေ လေးသိန်းငါးသောင်းကျော်ရှိပြီး နယ်မြေလုံခြုံရေး ကောင်းမွန်မှု မရှိ သဖြင့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများတွင် သစ်တောမြေအတွင်း ကျူးကျော်မှု စာရင်းအား မြို့နယ်အတွင်း နေရာအားလုံးတွင် ကောက်ယူနိုင်ခြင်း မရှိခဲ့ပါကြောင်း။

မံစီမြို့နယ်အတွင်း စာရင်းကောက်ယူရရှိသည့် လုံဂျာကြိုးဝိုင်း၏ တစိတ်တ ဒေသဖြစ်သော ကောင်ရာရပ်ကွက်မြေ (၂ ဒသမ ၇၁) ဧက၊ ပြင်ဦးလွင်ရပ်ကွက်မြေ (၇ ဒသမ ၁၅)ဧကနှင့် သာသနာ / အများပိုင်မြေ (၁၈ ဒသမ ၀၄) ဧက စုစုပေါင်း (၂၇ ဒသမ ၉)ဧကအား သစ်တော်မြေမှ ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေ ကောင်းမွန်ပါက ဌာနစုံပါဝင်သော စုပေါင်းအဖွဲ့ဖြင့် စာရင်းကောက်ယူ၍ ကြိုးဝိုင်း /ကြိုးပြင်ကာကွယ်တောများအတွင်း နှစ်အတန်ကြာ ကျူးကျော်နေထိုင် လုပ်ကိုင်လျက်ရှိသော ကျေးရွာများမှ လယ်၊ ရွာမြေ၊ သာသနာ/ အများပိုင်မြေများအား သစ်တောမြေ အဖြစ်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပယ်ဖျက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။
ကရင်ပြည်နယ် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၏ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများပြုလုပ်ရာတွင် မိုးပွင့်စီမံချက်များအတိုင်း မြန်ဆန်စွာ သတ်မှတ် နှုန်းထားအတိုင်း သက်သာသောစရိတ်နှုန်းထားဖြင့် နိုင်ငံသား တိုင်းအပေါ် တပြေးညီ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ကရင်ပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်၌ (NRC)၏ပံ့ပိုးမှုဖြင့် တစ်လလျှင် အနည်းဆုံး တစ်ကြိမ်နှုန်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ အစီအစဉ်ဖြင့် လည်းကောင်း၊ ကျေးရွာတာဝန်ရှိ သူများ၏ ဖိတ်ခေါ်မှုအရ လည်းကောင်း၊ ကျေးရွာအရောက်လုပ်ငန်းများ အခမဲ့ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ဘားအံမြို့နယ်တွင် အိမ်ထောင်စု လူဦးရေစာရင်း (၂၃၀၀)စုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (၉၆၇၈) ဦးအား ဆောင်ရွက်ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။

================

MOI Webportal Myanmar

နေပြည်တော် မေ ၃၀

No comments:

Post a Comment