ပြည်ထောင်စုကို ခြေရာကောက်ခြင်း
ဥသြ(နိုင်ငံရေးသိပ္ပံ)
အပိုင်း(၂)
အပိုင်း(၁)မှာက ကိုလိုနီခေတ် မတိုင်ခင် လူမျိုးစုများနဲ့ ဗမာပြည်မအကြား လူမျိုးရေးနဲ့ နိုင်ငံရေးအခြေအနေကို တင်ပြခဲ့ပြီး ဖြစ်လို့ အခု အပိုင်း(၂)မှာ ကိုလိုနီခေတ် အခြေအနေများကို တင်ပြလိုပါတယ်။
၁၈၂၄ခုနှစ်က စပြီး အင်္ဂလိပ် နယ်ချဲ့ အင်ပါယာဟာ မြန်မာနိုင်ငံကို သုံးကြိမ် ကျူးကေျာ်စစ် ဆင်နွှဲပြီး ၁၈၈၅ခုနှစ်မှာ ကုန်းဘောင်ခေတ် မင်းနေပြည်တော် မန္တလေးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပထမအင်္ဂလိပ် မြန်မာစစ်ပွဲ(၁၈၂၄-၁၈၂၆)မှာ ရခိုင်နဲ့ တနင်္သာရီဒေသကို အင်္ဂလိပ်က သိမ်းပိုက်ခဲ့ပြီး ဒုတိယအင်္ဂလိပ် မြန်မာစစ်ပွဲ(၁၈၅၂)မှာ မြန်မာနိုင်ငံအောက်ပိုင်း တစ်ခုလုံးကို သိမ်းပိုက်ခဲ့ပါတယ်။ တတိယအင်္ဂလိပ်မြန်မာစစ်ပွဲ (၁၈၈၅)ခုနှစ်မှာတော့ ကုန်းဘောင်မင်းဆက် အုပ်စိုးတဲ့ ဒေသအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အင်္ဂလိပ်တွေဟာ သီပေါဘုရင်ကို နန်းချကာ ကုန်းဘေင်နေပြည်တော်ကို သိမ်းပိုက်စဉ်က ကြီးမားတဲ့ ခုခံတိုက်ခိုက်ခြင်းမျိုး မကြုံတွေ့ခဲ့ရပေမယ့် သိမ်းပိုက်ပြီးချိန်မှာ နေရာအနှံ့ ပုန်ကန် ထကြွမှုများကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် အိန္ဒိယက စစ်သည်အမြောက်အများကို ခေါ်ယူပြီး နိုင်ငံတည်ငြိမ်ရေး ပြည်တွင်းလုံခြုံရေးကို အသားပေး လုပ်ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေးအတွက် ဆောင်ရွက်နေတဲ့ တပြိုင်နက်မှာဘဲ နှစ်ရာပေါင်းများစွာ ကျင့်သုံးလာတဲ့ သက်ဦးဆံပိုင် ဘုရင်အုပ်ချုပ်မှု ပုံစံအစား ခေတ်သစ်ဗျူရိုကရေစီ အုပ်ချုပ်မှုပုံစံကို အစားထိုးဖို့ လုပ်ဆောင်ခဲ့ပါတယ်။
ရှိရင်းစွဲအုပ်ချုပ်မှုပုံစံကို ဖယ်ရှားပြီး ကုန်းဘောင်မင်းများ အုပ်စိုးခဲ့တဲ့ ဒေသတွေကို အိန္ဒိယရဲ့ ပြည်နယ် တစ်ခုအဖြစ် ထားရှိပြီး အင်မတန် တင်းကြပ်ဖိနှိပ်တဲ့ တိုက်ရိုက် အုပ်ချုပ်မှု ပုံစံတစ်ခုကို ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလို တိုက်ရိုက်အုပ်ချုပ်မှုဟာ ဗမာပြည်မ(ministerial Burma) (ဝါ) ကုန်းဘောင်မင်းဆက်အုပ်စိုးခဲ့တဲ့ ဒေသများကိုသာ သက်ရောက်ပါတယ်။ ဗမာမဟုတ်တဲ့ တောင်တန်းလူမျိုးစုဒေသတွေကိုတော့ သူတို့ရဲ့ ရိုးရာ ခေါင်းဆောင်များဖြစ်တဲ့ စော်ဘွားများ၊ ဒူးဝါးများကတစ်ဆင့်သာ အုပ်ချုပ်ပါတယ်။ အဆိုပါ တောင်တန်းဒေသများတွင် ကချင်တောင်တန်းဒေသ၊ ရှမ်း ပြည်ထောင်စုနဲ့ ချင်းလူမျိုးများ အဓိကနေထိုင်တဲ့ ဒေသများ ပါဝင်ပါတယ်။
အင်္ဂလိပ်တို့ရဲ့ တောင်တန်းဒေသနဲ့ ဗမာပြည်မတို့အပေါ် အုပ်ချုပ်ပုံမှာ အင်မတန် ကွဲပြားပါတယ်။ ၁၉၂၀ခုနှစ်များက စပြီး အင်္ဂလိပ်ဟာ ဗမာပြည်မမှာ ခေတ်မီဗျူရိကရေစီ စနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကဲ့သို့ ပြင်းထန်သော တိုက်ရိုက်အုပ်ချုပ်ခြင်းမျိုးဖြင့် အုပ်ချုပ်ခဲ့ပါတယ်။ ဗြိတိသျှ အင်္ဂလိပ်တို့ဟာ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ ရှမ်း၊ကချင်နဲ့ ချင်းခေါင်းဆောင်များကို ၄င်းတို့ သြဇာခံယူဖို့ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပါတယ်။ ထိုသို့ စည်းရုံးနိုင်ခဲ့ခြင်း အကြောင်းတရားကတော့ လူမျိုးစု ခေါင်းဆောင်များက အင်္ဂလိပ်တို့ကို ၄င်းတို့နယ်မြေအတွင်း လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်ခွင့်ပေးခဲ့ပြီး အင်္ဂလိပ်ကလည်း လူမျိုးစုဒေသများရဲ့ ဒေသန္တရ နိုင်ငံရေးနဲ့ ရိုးရာဓလေ့ထုံးထမ်းများကို ကန့်သတ်စွက်ဖက်ခြင်း မရှိဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့် ပေးအပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။
ဗြိတိသျှတို့ဟာ လူမျိုးစုဒေသများရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ထိပါးခြင်းထက် ဗြိတိသျှအစိုးရဲ့ အုပ်ချုပ်မှု ပြယုဂ်ကို သိသောစေဖို့ ရံဖန်ရံခါ စစ်ရေးပြခြင်းမျိုးနဲ့ ဆန့်ကျင်မှုများကို အပြစ်ပေးရန်ဆိုတဲ့ ကတိကဝတ်ပြုခြင်းမျိုးသာ ရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်အခြေအနေနှင့် ကြည့်မယ်ဆိုရင် ရှမ်းပြည်နယ်စော်ဘွားများနှင့် ဗြိတိသျှအာဏာပိုင်တို့အကြား ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ရှမ်းလူမျိုးစုများက အင်္ဂလိပ်တို့ အုပ်ချုပ်ကြခြင်းဖြင့် ဗမာမင်းများ လာရောက်ကျူးကျော် တိုက်ခိုက်မှုများသာမက ရှမ်းလူမျိုးစုအချင်းချင်းအကြား တိုက်ခိုက်မှုများကိုပါ လျော့ချနိုင်တာကြောင့် ဗြိတိသျှ အုပ်ချုပ်စဉ်ကာလကို “ရွှေခေတ်” အဖြစ် တင်စားအမှတ်ရကြောင်း ရှမ်းပညာရှင် Chao- Tzang Yawnghweက ဆိုပါတယ်။
အင်္ဂလိပ်တို့ဟာ ကချင်တောင်တန်းဒေသအတွက် “Kachin Hills Tribes Regulations(1893)”ကိုလည်းကောင်း၊ ချင်းတောင်တန်းဒေသအတွက် “Chin Hills Regulations(1896)”ကိုလည်းကောင်း၊ ပြည်ထောင်စု ရှမ်းပြည်အတွက် “Federated Shan States Act(1922)” ကိုလည်းကောင်း အသီးသီး ပြဌာန်းပြီး သီးခြားအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၁၈ခုနှစ်တွင် ကုန်းဘောင်မင်းများ အုပ်စိုးခဲ့တဲ့ ဒေသများကို အိန္ဒိယပြည်ကနေ ခွဲထုတ်ပြီး ဗမာပြည်မ(Ministerial Burma)အဖြစ် “1935 Burma Act” ဖြင့် အုပ်ချုပ်ခဲ့ပါတယ်။
ထိုစဉ်အင်္ဂလိပ်ခေတ်က ဗမာပြည်မ(Ministerial Burma)တွင် မန္တလေး၊ တနင်္သာရီ၊ စစ်ကိုင်းတိုင်းရဲ့ အစိတ်အပိုင်း တော်တော်များများ၊ ရခိုင်၊ မွန်၊ ကရင်ပြည်နယ် အစိတ်အပိုင်း အများစုတို့ ပါဝင်ပါတယ်။ နယ်စပ်တောင်တန်းဒေသ(Frontier Area)မှာတော့ ကချင်၊ ရှမ်းနဲ့ ချင်းပြည်နယ်အပါအဝင် အိန္ဒိယနယ်စပ် နာဂတောင်တန်းဒေသနဲ့ ထိုင်းနယ်စပ် သံလွင်ဒေသတို့ ပါဝင်ပါတယ်။
အထက်ပါ ဗမာပြည်မနဲ့ နယ်စပ်တောင်တန်းဒေသမှာ မပါဝင်တာတော့ ကရင်နီပြည်(ယခု-ကယားပြည်နယ်)ဘဲ ဖြစ်ပါတယ်။ ၁၈၇၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ မတိုင်ခင်မှာ မင်းတုန်းမင်းနဲ့ ဗြိတိသျှတို့က ကရင်နီပြည်ကို လွတ်လပ်သော ဒေသအဖြစ် သတ်မှတ်လက်ခံသော စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါကြောင့် ကရင်ပြည်နယ်ဟာ ဘယ်သောအခါကမှ လွတ်လပ်ရေး မဆုံးရှုံးခဲ့ဘဲ သီးခြားလွတ်လပ်သော ဒေသတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ပါတယ်။
အထက်ပါ ကိုလိုနီခေတ် မတိုင်ခင်နဲ့ အင်္ဂလိပ်ကိုလိုနီခေတ်များက အချက်အလက်များကို ချိန်ထိုးသုံးသပ်ရရင် နယ်စပ်တောင်တန်း လူမျိုးစုဒေသများဟာ လွတ်လပ်သော ဒေသများဖြစ် သီးခြားရပ်တည်ခဲ့သလို အင်္ဂလိပ်ကလည်း ဗမာပြည်မနှင့် သီးခြားသိမ်းပိုက်ကာ သီးခြားအုပ်ချုပ်ခဲ့တာဟာ အင်မတန် ထင်ရှားပါတယ်။ ကရင်နီပြည်ဟာဆိုရင်လည်း လွတ်လပ်ရေး မဆုံးရှုံးခဲ့သလို သီးခြားလွတ်လပ်သော ဒေသအဖြစ် အင်္ဂလိပ်ကိုလိုနီခေတ်မှာ ရပ်တည်ခဲ့တယ်ဆိုတာဟာ ထင်ရှားပါတယ်။
လူမျိုးစုများရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဆွေးနွေးကြရာမှာ အထက်က အချက်အလက်တွေက မဖြစ်မနေ ထည့်သွင်းစဉ်းစားကြရမယ်ဆိုတာ မလွဲမသွေ ဖြစ်ပါတယ်။
Reference:
“ပြည်ထောင်စုကို ခြေရာကောက်ခြင်း” အခန်းဆက်ဆောင်းပါးရှည်ကို Hanns Seidel Foundationက ၂၀၁၉ခုနှစ်မှာ ထုတ်ဝေပြီး Michael Seignerရေးသားတဲ့ “In Search of The Panglong Spirit: The Role of Federalism in Myanmar’s Peace Discourse” သုတေသနစာတမ်း၊ နယ်ခြားဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ ၁၉၄၇ခုနှစ်က တိုင်းပြုပြည်ပြုလွှတ်တော်ညီလာခံကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၂၀၁၈ခုနှစ်မှာ ထုတ်ဝေတဲ့ “ပင်လုံ လက်စွဲ: ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း” စာအုပ်နဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးနဲ့ သုတေသနအသင်းက ၂၀၁၆ခုနှစ်က ထုတ်ဝေပြီး ဆလိုင်းလျန်မှုန်းနဲ့ စိုင်းမော(န်) ရေးသားတဲ့ “ပြည်ထောင်စုစစ်စစ်မူ: ၁၉၆၂ အာဏာသိမ်းမှုကို ဖြစ်ပေါ်စေသည့် ဖက်ဒရယ်လှုပ်ရှားမှု မှတ်တမ်းများ” စာအုပ်တို့ကို အဓိက ကိုးကားရေးသားပါတယ်။
No comments:
Post a Comment