Latest News

Sunday, July 4, 2021

ပြည်ထောင်စုကို ခြေရာကောက်ခြင်း

ပြည်ထောင်စုကို ခြေရာကောက်ခြင်း

ဥသြ(နိုင်ငံ‌ရေးသိပ္ပံ)
အပိုင်း(၁)

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပေါ်လာခဲ့တဲ့ လူမျိုးစုလက်နက်ကိုင် ပဋိပက္ခကို မှန်ကန်စွာ နားလည်နိုင်ရန်မှာ ယခုလက်ရှိ မြန်မာနိုင်ငံကို ဘယ်လို ပြည်ထောင်စုခဲ့ကြသလဲဆိုတဲ့ အချက်ကို အခြေခံကျကျ သိရှိရန် အရေးကြီးလှပါတယ်။ ပြည်ထောင်စုခဲ့ကြပုံကို နားလည်ရန်ကလည်း ယခင်ဗမာမင်းများ အုပ်စိုးစဉ်ကာလက ဗမာပြည်မနှင့် တောင်တန်းဒေသက လူမျိုးစုများအကြား ဆက်ဆံ‌ရေးအခြေအနေ၊ ကိုလိုနီခေတ် ဆက်ဆံရေးအခြေအနေ၊ အောင်ဆန်း-အက်တလီစာချုပ်၊ ပင်လုံညီလာခံနှင့် ပင်လုံစာချုပ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူမျိုးစုများအပေါ် ပေးအပ်ခဲ့တဲ့ ကတိစကားများ၊ နယ်စပ်ဒေသ စုံစမ်းစစ်ဆေးရေး ကော်မတီရဲ့ အစီရင်ခံစာ၊ လူမျိုးစုများရဲ့ ကြောင့်ကြခဲ့မှု၊ လွတ်လပ်ရေးရပြီး ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုအခြေအနေအပါအဝင် ပြည်‌ထောင်စုစစ်စစ်ဖြစ်ရန် လူမျိုးစုများရဲ့ ကြိုးပမ်းမှုများ စတာတွေအားလုံးကို ခြုံငုံသိရှိထားရန် လိုအပ်ပါတယ်။
စာရေးသူတို့ အခြေခံပညာမူလတန်းနှင့် အလယ်တန်း ကျောင်းသင်္ခန်းများတွင် မြန်မာ(ဝါ) ဗမာမင်းများ တန်ခိုးထွားခဲ့တဲ့ ပထမမြန်မာနိုင်ငံတော် ပုဂံမင်းဆက်(၁၀၄၄-၁၂၈၇)၊ ဒုတိယမြန်မာနိုင်ငံတော် တောင်ငူမင်းဆက်(၁၄၈၆- ၁၇၅၂)၊ တတိယမြန်မာနိုင်ငံတော် ကုန်းဘောင်မင်းဆက်(၁၇၅၂-၁၈၈၅) တို့ကိုသာ အဓိက အသားပေး သင်ကြားခဲ့ကြပါတယ်။ ဒါကြောင့် တောင်တန်းဒေသလူမျိုးစုများကို ပထမမြန်မာနိုင်ငံတော် ပုဂံခေတ်ကတည်းက မြန်မာများရဲ့ လက်အောက်ခံများအဖြစ် အရိုးစွဲ မှတ်ယူခဲ့ကြပါတယ်။
အမှန်ဆိုရရင် ကိုလိုနီခေတ် မတိုင်ခင် ကာလများတွင် လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ကိုယ်ပိုင် လက္ခဏာနှင့် သရုပ်သကန်များဟာ ခိုင်မာမှု မရှိသေးပါဘူး။ ထိုကာလများက အင်အားကြီးသော ဘုရင့်နိုင်ငံက အင်အားငယ်သော နိုင်ငံကို တိုက်ခိုက်သိမ်းပိုက် အုပ်စိုး(ဝါ) ပဏ္ဏာဆက်နိုင်ငံအဖြစ်ထားသည့် အားကြီးသူသာ နိုင်စတမ်းအခြေအနေဖြင့် အပြန်ပြန် အလှန်လှန် တိုက်ခိုက် သိမ်းပိုက်လျက် ရှိခဲ့ကြပါတယ်။ ဒါကြောင့် ထိုခေတ်က နိုင်ငံများနှင့် ပြည်သူများဟာ ဘုရင့်နိုင်ငံများအကြား ဖြစ်တဲ့ စစ်ပွဲတွေနဲ့ အစဉ်အမြဲ ကြုံတွေ့ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။
ထိုစဉ်က နိုင်ငံတော်များဟာ ဗဟိုချက်မ တစ်နည်း မင်းနေပြည်တော်အပေါ်မှာသာ အခြေတည်ပြီး နယ်နိမိတ်များ သီးသီးသန့်သန့် သတ်မှတ်ထားခြင်းမျိုး မရှိပါဘဲ အလွယ်တကူ ဝင်ထွက်သွားလာခြင်းမျိုးများသာ ရှိပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးအင်အား ကြီးမားလေလေ ထိုအုပ်စုရဲ့ ဘာသာရေးနဲ့ လူမျိုးရေး သရုပ်သကန်ကို လူမှုအသိုက်အဝန်းနဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းဆီက လက်ခံကျင့်သုံးရလေလေသာ ဖြစ်ပါတယ်။ စစ်ရေးနဲ့ နိုင်ငံရေးအင်အား ကြီးမားရေး အစဉ်တစိုက် ကြိုးပမ်းလေ့ရှိတဲ့ သက်ဦးဆံပိုင် ဘုရင့်တိုင်းပြည်များအကြား အစဉ်အမြဲ စစ်ပွဲများ ဖြစ်ပွားလေ့ရှိသဖြင့် ဘာသာရေးနဲ့ လူမျိုးရေးသရုပ်သကန်ဟာ အစဉ်အမြဲ ပြောင်းလဲနေလေ့ ရှိပါတယ်။
ထိုကဲ့သို့ ဘုရင့်မင်းနိုင်ငံများ အချင်းချင်း အစဉ်အမြဲတိုက်ခိုက်နေကြတဲ့ အခြေအနေကို ရှမ်းပညာရှင် Chao- Tzang Yawnghweက
“မွန်နိုင်ငံ ထူထောင်ဖို့ မွန်အချင်းချင်း တိုက်ခိုက်ခဲ့ကြတယ်။ ဗမာနဲ့ ရှမ်းလည်း ဒီလိုဘဲ တိုက်ခိုက်ခဲ့ကြတာပါဘဲ။ နောက်ပြီး ဗမာနိုင်ငံက မွန်ကို တိုက်ပြီး မွန်ကတစ်ဖန် ရှမ်းကို တိုက်ခိုက်ကာ ရှမ်းကလည်းဘဲ ဗမာကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင်ကို ဗမာအချင်းချင်း၊ ရှမ်းအချင်းချင်း တိုက်ခိုက်ချင်းမျိုးလည်း များစွာ ရှိခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဒါကြောင့် ထိုစဉ်က လူမျိုးရေးနှင့် ဘာသာရေးရာ သရုပ်သကန်သတွေဟာ ဆွေစဉ်မျိုးဆက် ကျင့်သုံးကိုင်စွဲခဲ့ကြခြင်းထက် နိုင်ငံရေးနဲ့ စစ်ရေးအင်အားပေါ်မူတည်ပြီး အင်အားအကြီးမားဆုံး အုပ်စုရဲ့ လူမျိုးရေးနဲ့ ဘာသာ‌ရေးသရုပ်သကန်ကိုသာ လိုက်ပါ ကျင့်သုံးကြရတယ်လို့ ဆိုပါတယ်။
ထူးခြားချက်အနေနဲ့က အင်အားကြီးမားခဲ့တဲ့ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းမင်းတရားလက်ထက်များမှာ အိန္ဒိယ အရှေ့မြောက်ပိုင်း၊ လာအိုနဲ့ ထိုင်းနိုင်ငံများအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းမျိုးတော့ ရှိခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်နိုင်ခဲ့ပေမယ့် မြန်မာမင်းများဟာ ပြည်မ မြေပြန့်လွင်ပြင်ဒေသကိုသာ ဝန်ကြီးများနှင့် ကောင်းစွာ အုပ်ချုပ်နိုင်ပြီး နယ်စပ်ဒေသများစွာကို တိုက်ရိုက်အုပ်ချုပ်နိုင်စွမ်းငှာ မတတ်သာသဖြင့် လူမျိုးစုများရဲ့ သားစဉ်မြေးဆက်အုပ်ချုပ်သူများကသာ အဓိက အုပ်ချုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ရှမ်းစော်ဘွားများ၊ ကချင်ဒူးဝါးများ၊ ကရင်နဲ့ ချင်းအကြီးကဲများ စတာတွေဟာ မြန်မာမင်းများကို တစ်ခါတစ်ရံ လက်ဆောင် ပဏ္ဏာဆက်သခြင်းမျိုး ရှိပေမယ့် မြန်မာမင်းများရဲ့ အုပ်ချုပ်ခံများ အဖြစ် တိုက်ရိုက်စီမံခံခဲ့ရခြင်းမျိုး မရှိခဲ့ကြပါဘူး။မင်းနေပြည်တော်ရဲ့ အာဏာအပေါ် စစ်ရေးအရ ခြိမ်းခြောက်လာခြင်း မရှိသ၍ နယ်စပ်တောင်တန်းဒေသများဟာ သူတို့ဘာသာ သီးသန့်ကိုယ်ပိုင်အုပ်ချုပ် စီမံခန့်ခွဲခဲ့ကြပါတယ်။ သို့သော်လည်း နယ်စပ်တောင်တန်းဒေသများက မြန်မာမင်းနေပြည်တော်ကို စစ်ရေးအရ ပုံမှန်တိုက်ခိုက် စိန်ခေါ်မှုမျိုးတော့ အစဉ်အမြဲ ရှိခဲ့ပါတယ်။
ဒါကြောင့် ကိုလိုနီခေတ် အင်္ဂလိပ်မသိမ်းပိုက်မီကာလများဟာ သက်ဦးဆံပိုင် ပြည်ထောင်များအကြား အချင်းချင်း အပြန်ပြန် အလှန်လှန် စစ်ရေးနဲ့ နိုင်ငံရေးအရ ပြိုင်ဆိုင် တိုက်ခိုက် အင်အားချဲ့ထွင်ခြင်များကြောင့် အားကြီးသူသာ နိုင်စတမ်း ဖြစ်လာကာ ထိုအားကြီးသူတို့ ကိုင်စွဲတဲ့ လူမျိုးရေးနဲ့ ဘာသာရေး သရုပ်သကန်ကိုသာ အားလုံးက လက်ခံကျင့်သုံးရပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်က လူမျိုးရေးနဲ့ ဘာသာရေး သရုပ်သကန်ဟာ သားစဉ်မြေးဆက် လက်ခံကျင့်သုံးခြင်းထက် စစ်ရေးနဲ့ နိုင်ငံရေးအင်အားအပေါ်မှာသာ အဓိက မှီတည်ခဲ့ပါတယ်။

 

No comments:

Post a Comment