Latest News

Monday, July 5, 2021

2021 နွေဦးရာသီမြင်ကွင်းများ (၄၂)


2021 နွေဦးရာသီမြင်ကွင်းများ (၄၂)
(ရွာ ပြာကျခဲ့ပေမယ့် တော်လှန်ရေးမီးညွှန့် တလွန့်လွန့်လွင့်ပျံနေတဲ့လွင်ပြင်)
…….
သူ့ဒေသအနောက်ဘက် မိုင်(၃၀)လောက်အကွာက၊ မင်းတပ်ဗဟိုပြု တောင်ပိုင်းချင်းတောင်တစ်ခုလုံး သေနတ်သံဗုံးသံတွေနဲ့ ပွက်လောရိုက်နေတဲ့အတောအတွင်း ပေါက် လွင်ပြင်ဟာ ငြိမ်သက်နေတယ်။
သူရဲ့မြောက်ဘက်ခြမ်း မိုင်(၅၀)လောက်အကွာက ယင်းမာပင်နယ်ဟာလည်း မြက်ပင်ပါ မကျန် စစ်ဖိနပ်နဲ့ အနင်းခံနေရချိန်လည်း သူဟာ ငြိမ်ဆိတ်လို့။ ခြေသံလုံလုံ၊ နှုတ်လုံလုံနဲ့ ပြင်ဆင်နေကြပုံရပါတယ်။
တကယ်တော့ သူဟာ ဟုန်းဟုန်းတောက်နေတဲ့ တော်လှန်ရေးမီးပုံကြီး၂ခုကြားက လွင်ပြင်လေးပါ။
ဇွန်လဦးပိုင်းမှာတော့ ပခုက္ကူကနေ ချင်းတောင်ကို စစ်ကူတက်သွားတဲ့ ယာဉ်တန်းကို ပေါက်မြို့နယ် ကြည်ငို့တောင်ကြားကနေ မိုင်းခွဲတိုက်ခိုက်ပြီး ဒီဒေသ၊ ဒီလွင်ပြင်မှာ တော်လှန်ရေးသမားတွေရှိတယ်ဆိုတာကို အချက်ပြလိုက်တယ်။ ဒီတိုက်ပွဲမှာ စကစ ဘက်က အကျအဆုံးရှိတယ်လို့ သတင်းတွေမှာ တွေ့ရတယ်။
ဇွန်လ(၈)ရက်မှာတော့ အဲ့ဒီတိုက်ပွဲရဲ့ အကျိုးဆက်အဖြစ် လွင်ပြင်လေးထဲက တပ်ကုန်း ဆိုတဲ့ရွာလေး ဝင်အစီးခံရတယ်။ တစ်ရွာလုံးအမွှေခံရတယ်။
ဇွန်လ(၁၂)ရက်မှာတော့ ဒေသခံတော်လှန်ရေးသမားတွေက ကင်းမရွာရဲ့ အရှေ့ဘက် ၁၂မိုင်လောက်အကွာ၊ ဒီးဒုတ်ကွင်းရွာ အုပ်ချုပ်ရေးမှူးကို သေနတ်နဲ့ပစ်ပြပြီး တုန့်ပြန်တယ်။ ဘယ်သူလာပစ်သွားမှန်းမသိဆိုပေမယ့် ပျက်လို့ ပစ်ထားရစ်ခဲ့ရတဲ့မော်တော်ဆိုင်ကယ်တစ်စင်းဟာ ကင်းမရွာကဖြစ်နေပြီး၊ သဲလွန်စအဖြစ် ကျန်ခဲ့တယ်။
၁၅ရက်နေ့မှာတော့ အဲ့ဒီသဲလွန်စကိုခြေရာခံပြီး၊ ရွာမြောက်ဘက် ၇မိုင်လောက်အကွာက ကိုင်းလယ်ရဲစခန်းက ကင်းမရွာမှာ လူလာဖမ်းတယ်။ ရွာအဝင်မှာ PDF ကင်းတွေနဲ့တွေ့ပြီး တိုက်ပွဲဖြစ်တယ်။ အထိအခိုက်ရှိတယ်။ ရွာထဲဝင်မရဘူး။ အဲ့တော့ စစ်ကူတောင်းတယ်။ ပခုက္ကူ၊ ပေါက်ဘက်က စစ်တပ်တွေနဲ့ ရေပြာရဲစခန်းက ရဲတွေ အင်အားအလုံးအရင်းနဲ့ ရွာပေါက်စလေးဆီ ဆင်းချလာတယ်။ လူ/လက်နက် အင်အားမမျှတော့ PDF တွေက ဆုတ်ရတယ်။ ရွာသူရွာသားအားလုံးလည်း ဘေးလွတ်ရာ တောထဲတောင်ထဲကို ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ကြရတယ်။ အဲ့ဒီမှာ ဒါသူပုန်ရွာကွ ဆိုပြီး ရွာလုံးကျွတ်မီးတင်ရှို့လိုက်တယ်။ ရွာရဲ့ သုံးပုံနှစ်ပုံ မီးလောင်ပြာကျသွားတယ်။ ဒီသတင်းကတော့ နာမည်ကျော်သတင်းဖြစ်ပြီး အားလုံးသိပြီးမို့ မပြောတော့ဘူး။ ခု တင်ပြချင်တာက မနေ့ (၀၅၀၇၂၁)မှာ အဲ့ဒီဒေသမှာ သေနတ်ပေါက်တဲ့အကြောင်း။
ဖေါ်ပြထားတဲ့မြေပုံကိုကြည့်ပြီး VOA က သတင်းလေးကိုဖတ်ကြည့်ရင် မြင်ကွင်းကို ရှင်းရှင်းသိရလိမ့်မယ်ထင်တယ်။ သတင်းက ဒီလိုဗျာ။
………
ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ပေါက် PDF က အခုလိုပြောပါတယ်။
“ပထမဖြစ်တာက ပေါက်မြို့နယ်တောင်ပိုင်း ကျောက်အိုးရွာဘေးနားက လယ်တောပြင်တောင်ကျော လယ်တောရိုးမှာ စဖြစ်တယ်။ ကျနော်တို့တွေက ညဘက်ကတည်းက ဝိုင်းပြီးသူတို့ကို ပိတ်ထားတာပေါ့နော်။ ၆ နာရီ ၅၅ မှာ ကျနော်တို့က မိုင်းခွဲတိုက်ခိုက်တာပေါ့။ သူတို့ ပြန်ဆုတ်တာပေါ့။ ကျနော်တို့ဆီက ၁ ယောက်ကျတယ်။ သူတို့ဆီက မိုင်းခွဲတဲ့နေရာမှာ ၆ ယောက်ကျတယ်။ ကျနော်တို့က အဲ့အနောက်ပေါက်ကို ၁၅ ယောက်နဲ့ ပိတ်ထားတာဆိုတော့ အင်အားမမျှတော့ ပြန်ဆုတ်ပေးလိုက်ရတယ်။ ပြန်ဆုတ်ပေးပြီး ဒီကောင်တွေ သက္ကယ်ကျင်းဘက်ကို ပြန်ဆုတ်တဲ့အချိန် အနောက်က ပြန်လိုက်တာလေ။ ကျောက်လိပ်၊ သက္ကယ်ကျင်း ချောင်းအဖြတ်မှာ ကျနော်တို့ အဖွဲ့တဖွဲ့စောင့်နေတော့ အဲ့မှာ တခါထပ်ဖြစ်တယ်။ ကျနော်တို့လည်း အနောက်က တောက်လျှောက်လိုက်တယ်။ ကျနော်တို့ ဆောနယ်ထဲထိ လိုက်တိုက်တာပေါ့နော်။ ဆောနယ်ထဲထိ လိုက်တိုက်ပြီးတော့ ကျောက်လိပ်-အဲ့ကနေပြီး ငှက်ကြီးဦးဘက်ကို ရောက်သွားပြီ အခုလည်းဖြစ်နေတုန်းပဲ။ တောက်လျှောက်ကထိနေတာ။ ကျနော်တို့က ပစ်ချက်တိုင်းမှာ အပိုင်စောင့်ပစ်တာ။ ပစ်တိုင်းထိတယ်ဆိုတော့ အခုချိန်ထိ အတည်ပြုလို့မရသေးဘူး။ ကျနော်တို့လူတွေနဲ့ လက်ရှိအထိ ချနေတုန်းပဲ။ တိုက်ပွဲအတော်ပြင်းထန်တယ်။ ၆ ကြိမ်လောက်ဖြစ်တဲ့ အချိန်မှာ ပထမဆုံး ကျဆုံးတဲ့ သတင်းပဲရသေးတယ်။ နောက်ပိုင်းက ဘာမှ အတည်ပြုလို့မရသေးဘူး။”
တိုက်ပွဲဖြစ်ပွားနေတဲ့အချိန် စစ်ကောင်စီတပ်ဘက်က သက္ကယ်ကျင်းကျေးရွာသားတဦးကိုလည်း သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ရွာသားသေဆုံးသွားပါတယ်။ ကျေးရွာတွေထဲဝင်ပြီး နေအိမ်တွေထဲက အသုံးအဆောင်တွေနဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခုလိုပေါက်မြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ဗီအိုအေက စစ်တပ်ပြောခွင့်ရကို ဆက်သွယ်မေးထားပေမဲ့ အကြောင်းပြန် ဖြေကြားခြင်း မရှိသေးပါဘူး။
……….
အာဂသတ္တိခဲတွေ၊ ချေမှုန်းရေးရိုင်ဖယ်တွေအပြည့်အစုံကိုင်ထားတဲ့ ရန်သူ့ဆုတ်လမ်းကို ပိတ်တာ၊ တူမီးကိုင်လူ(၁၅)ယောက်တဲ့။ အံ့ရော။
ရန်သူက ထိခိုက်ဒဏ်ရာရထားသူတွေနဲ့ ပြန်ဆုတ် (အလောင်းတောင်ပြန်ကောက်ခွင့်ရရဲ့လားမသိ) တော့၊ ရန်ဆုတ် ငါတက်ပဲ။ တက်လိုက်တာမှ နောက်က တောက်လျှောက်ကို လိုက်တွန်းတာ၊ သူ့လွင်ပြင်နယ်မြေကိုကျော်ပြီး ဆောနယ်ထဲ ရောက်သွားတဲ့ထိပဲ။ နောက်က လိုက်တိုက်တဲ့အဖွဲ့ရှိသလို ရှေ့က ကြိုပြီး ပိတ်ထားတဲ့အဖွဲ့လည်းရှိတယ်ဆိုတော့ လူအင်အားက နည်းမှာတော့မဟုတ်လောက်ဘူး။
ရွာမီးလောင်ပြာကျသွားပေမယ့် တူမီးစစ်သည်တွေရင်ထဲမှာတော့ မီးဟာတဟုန်းဟုန်းတောက်ပြီး အရှိန်ပြင်းပြင်းလောင်ကျွမ်းနေကြတုန်းဆိုတာ ဒီလိုအားထုတ်မှု၊ဒီလိုဇွဲသတ္တိ၊ ဒီလိုနာကျည်းမှုတွေက လှစ်ဟ ပြနေတာပဲ။
မနေ့တစ်နေ့က ဒီပဲယင်းမှာ ပြည်သူဘက်က အကျအဆုံးများစွာနဲ့ တိုက်ပွဲတစ်ပွဲဖြစ်ခဲ့တယ်။
ဒီနေ့ ပေါက်လွင်ပြင်က တိုက်ပွဲပေါ်တယ်။ ပေါ်တာမှ လွင်ပြင်ကိုကျော်ပြီး ဆောနယ်ထဲ ရောက်သွားတဲ့အထိပဲ။
ဒီမြေပုံထဲမှာ မင်းတပ်ဗဟိုပြုပြီး မှတ်ထားတဲ့ပွိုင့်တွေ တွေ့လိမ့်မယ်။ တိုက်ပွဲဖြစ်/ဗုံးကျဲ/ရွာဝင်စီးခံရ/ စကစ အထိုင်ချပြီး လူသူရိက္ခာပိတ်ဆို့ထားတဲ့ရွာ/ စစ်ရှောင်စခန်း စသဖြင့် နွေဦးတော်လှန်ရေးဇာတ်ခုံမှာ ကြုံရာကျရာအခန်းက ဝင်ရောက်ကပြနေကြတဲ့ရွာတွေ၊ နေရာတွေချည်းပါပဲ။
ပြည်သူအပေါင်း ဘေးကင်းကျန်းမာရှိကြပါစေ။
……….
ဆုံး။


 

No comments:

Post a Comment