Latest News

Monday, June 28, 2021

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (ဗဟိုပီဒီအက်ဖ်) people defense army

 


၂၈ ဇွန် ၂၀၂၁
ဇွန်လကုန်တော့မယ်ဆိုတော့ စစ်အာဏာသိမ်းကာလဟာ ၅လကို ချဥ်းကပ်လာပါပြီ။ လက်ရှိ အနေအထားအရ သတိပြုမိတဲ့ အခြေအနေ၂ခုကို တင်ပြချင်တယ်။
လိုကယ်ပီဒီအက်ဖ်
ဒေသတခုစီအတွင်းမှာရှိနေတဲ့ အင်အားစုတွေကို ဒေသတွင်းကာကွယ်ရေးတပ် (Local PDF) တွေလို့ ဆိုလိုတာဖြစ်တယ်။ NUG ဘက်က ဒါကို ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေလို့ သုံးတာလည်း သတိထားမိတယ်။ အဲဒီအဖွဲ့တွေကို NUG ဘက်ကသူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့တွေလို့ အသိအမှတ်ပြုတယ်ဆိုပေမယ့် သူတို့လက်အောက်မှာရှိနေတဲ့အဖွဲ့အစည်းတွေလို့တော့ ပြောတာ သတိမထားမိဘူး။ နောက်ထပ်ရှိနေသေးတာက SDF လို့ခေါ်တာပါ။ SDF ကို အရှည်ဘယ်လို သတ်မှတ် သလည်း မသိ။ အစောပိုင်းသုံးတာသတိထားမိပြီး နောက်ပိုင်း ဘယ်သူမှဒီအသုံးကို မပြောကြတော့ ။ သူတို့က သီးခြားလွတ်လပ်တဲ့ အဖွဲ့တွေဖြစ်ပြီး NUG ရဲ့ PDF နဲ့ကို ဆက်စပ်လုပ်ကိုင် ဆောင်ရွက်နေတာမျိုး မဟုတ်။
လူများစု နားလည်ထားတဲ့ ဒီ၃မျိုးကို ပြန်ခွဲပြောရရင်
၁။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တပ်က (ဗဟိုပီဒီအက်ဖ်)၊ တော်လှန်ရေး အောင်မြင်ပြီးသွားရင် တရားဝင်ပေါ်လာမယ့် စစ်တပ်။
၂။ ဒေသတွင်းကာကွယ်ရေးတပ် (လိုကယ်ပီဒီအက်ဖ်)
၃။ ပျောက်ကြားတပ်ဖွဲ့တွေ ဆိုပြီးတော့ရှိပါမယ်။
ပြောမယ်ဆို နံပတ်၁ တပ်က စနစ်တကျဖွဲ့စည်းတည်ဆောက်နေတာတွေ့ရတယ်။ သို့သော် တိုက်ပွဲ မဝင်ဖူးသေးဘူး။ မင်းတပ်မှာ၊ ဒီမောဆိုးမှာ ပဲခူးမှာ ကလေးမှာ ပုံတောင်ပုံညာမှာ စသည်ဖြင့် တိုက်နေတဲ့ ဒေသကာကွယ်ရေးတပ်တွေက နံပါတ်၂အမျိုးအစား။ လက်ရှိအနေအထားမှာ သူတို့ကို ဗဟိုက ထောက်ပံ့ဖို့ အကူအညီပေးဖို့လိုအပ်နေပေမယ့် ထိရောက်တဲ့ ကူညီပံ့ပိုးမှုမျိုး မရသေး။ ဒါပေမယ့် ၁ နဲ့ ၂ က မိတ်ဘက်တပ်တွေလို့ တော့ပြောနိုင်တယ်။
နံပါတ်၃ကတော့ သီးခြားအင်အားစုဖြစ်တယ်။ သူတို့ဟာ နယ်စပ်မှာဖြစ်စေ တခြားနေရာဒေသတွေမှာဖြစ်စေ စစ်သင်တန်းအချိန်တိုတက်ရောက်ထားသူတွေဖြစ်ပုံရတယ်။ သူတို့အဓိကပစ်မှတ်ထားတာတွေက ဒလန်တွေ၊ ရဲကင်းတွေ စသည်ဖြင့်တွေ့ရတယ်။ ဒီအင်အားစုက စကစ တပ်တွေနဲ့ တောထဲတောင်ထဲမှာ ရင်ဆိုင်တိုက်ပွဲဝင်ဖို့ဆိုတာမျိုး မဟုတ်ဘူး။ နံပါတ်၂ကတော့ မြို့နယ်ရဲစခန်းသို့မဟုတ် မြို့နယ်အုပ်ချုပ်ရေး တခုလုံးကို ထိမ်းချုပ်ဖို့ကျိုးစားရင်း စကစ စစ်တပ်တွေနဲ့ တိုက်ပွဲဝင်ရတာမျိုးရှိတယ်။
အကြမ်းဘက်ဆိုင်းဘုတ်
ဒါနဲ့ပတ်သက်လို့ ဇွန်လအတွင်းမှာ The Interpreter မှာပါတဲ့ ဆောင်းပါးတပုဒ်ကို အနှစ်ထုတ်ပြောပါ့မယ်။ ဆောင်းပါးနာမည်က မြန်မာ၊ အကြမ်းဘက်ဝါဒနဲ့ နိုင်ငံတကာနိုင်ငံရေးတောင်းဆိုချက်များ (Myanmar, terrorism and the demands of international politics) ဆိုတာပါ။
၁၉၇၀ နဲ့ ၈၀ပြည့်နှစ်တွေမှာ နိုင်ငံတကာမှာ အကြမ်းဘက်ဝါဒနဲ့ပတ်သက်ပြီး ဖွင့်ဆိုရှင်းလင်းတာတွေ လုပ်ကြတယ်။ နိုင်ငံရေးအကြမ်းဘက်မှု (Political Violence) ဆိုတာကို ဘယ်လိုသတ်မှတ်ကြမလည်း ဆိုတာပေါ့။ သို့သော် တကမ္ဘာလုံးမှာ အားလုံးသဘောတူအကျုံးဝင်တဲ့ သတ်မှတ်ချက်မျိုးတော့မရခဲ့ဘူး။ ဒီသတ်မှတ်ချက်နဲ့ ဆွေးနွေးငြင်းဆိုမှုတွေဟာ ဖေဖော်ဝါရီလ မြန်မာမှာစစ်အာဏာသိမ်း ပြီးကတည်းက တခါပြန်ပြီး‌ပြောစရာဖြစ်လာတယ်လို့ ဆောင်းပါးရှင် အင်ဒရူးဆဲ့လ် (Andrew Selth) ဖော်ပြထားတယ်။
ဆောင်းပါးရှင်ဟာ အာရှနိုင်ငံရေးအထူးပြုလေ့လာသူတဦးဖြစ်ပြီး မြန်မာနိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်၂ အုပ်ရေးခဲ့သူဖြစ်တယ်။ တအုပ်က စစ်ထောက်လှမ်းရေးပြိုကွဲတဲ့အကြောင်းနဲ့ နောက်ဆုံးထုတ်က မနှစ်က ဒီဇင်ဘာကမှထွက်တဲ့စာအုပ်ဖြစ်တယ်။ မြန်မာကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ ဆယ်စုနှစ်တခုကြာစီစစ်ချက် (Interpreting Myanmar: A decade of analysis) ဆိုတဲ့ စာအုပ်ပါ။ ဆိုတော့ မြန်မာနိုင်ငံရေးကို တကယ်လေ့လာထားသူတဦးဖြစ်တယ်။ ခရီးသွားဟန်လွှဲရေးတာမဟုတ်ဘူးဆိုတာ သိသာစေတယ်။
ပါမောက္ခဆဲ့လ် ‌ပြောတာကတော့ မြန်မာအရေးအခင်းမှာ စကစရော NUG ရော နှစ်ဘက်စလုံးက တဘက်ကိုတဘက် အကြမ်းဘက်သောင်းကျန်းသူတွေလို့ တံဆိပ်ကပ်ဖို့ကျိုးစားနေကြတာဖြစ်တယ်။ အဲဒီလိုလုပ်ရတာဟာ နှစ်ဘက်စလုံးကနိုင်ငံတကာထောက်ခံမှုကိုရဖို့ရည်ရွယ်လုပ်နေကြတာပဲလို့ သူက သတ်မှတ်တယ်။ ဆောင်းပါးရှင်က မြန်မာလူထုရဲ့ စစ်အာဏာသိမ်းအုပ်စုအပေါ်မှာရှိတဲ့ ဒေါသနဲ့ နာကျည်းချက်တွေဟာ နားလည်ပေးလို့ရပါတယ်တဲ့။ လူပေါင်း ၈၄၅ ဦးသတ်ခံရပြီး ၄၅၀၀ကျော် ဖမ်းဆီးချုပ်နှောင်ခံထားတာဟာ (မှတ်ချက်။ ဆောင်းပါးက ဇွန်၁၅ရက်နေ့ကဖြစ်လို့ စာရင်းက အနည်းငယ်ကွဲလွဲနိုင်တယ်) ပြန်လည်တုန့်ပြန်ဖို့ လုံလောက်တာထက်ကိုပိုနေတဲ့သဘောပါ။ ပြီးတော့ နိုင်ငံတကာလူ့အဖွဲ့အစည်း နဲ့ အသင်းအပင်းတွေကလည်း ဒါတွေကိုတုန့်ပြန်ဖို့ပျက်ကွက်နေကြဆဲ ဖြစ်တယ်လို့ သူကထောက်ပြတယ်။
ဒါပေမယ့် မြို့ပြမှာ တရားမဝင် (ထင်သလိုကိုဆိုလိုတယ်) လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ ဗုံးခွဲတိုက်ခိုက်မှု တွေကတော့ အကြမ်းဘက်မှုလို့ပြောနိုင်တဲ့ဘောင်ထဲကို ကျရောက်တယ်လို့ သတိပေးတယ်။ သူထောက်ပြတာက အနောက်ဒီမိုကရေစီနိုင်ငံတွေနဲ့ ကုလသမဂ္ဂဟာ အကြမ်းဘက်မှုပုံစံ တခုခု မြောက်တယ်လို့ မြင်ရင် ဘယ်လောက်ကြီးကျယ်မြင့်မြတ်တဲ့ တော်လှန်ရေးကိုမှ ထောက်ခံပံ့ပိုးမယ် မဟုတ်ပါဘူးတဲ့။
ဂလိုဘယ်နဲ့ ဗဟိုတလိုင်း၊ လိုကယ်နဲ့ပျောက်ကြားတလိုင်း
အပေါ်ကပြောခဲ့တာတွေပြန်ကောက်တော့ NUG ဟာ အကြမ်းဘက်တံဆိပ်ကပ်ခံရလို့ရှိရင် သူတို့သွားနေတဲ့ နိုင်ငံတကာနဲ့ သံတမန်ခင်းကိစ္စတွေကိုထိခိုက်ဖို့ရှိတယ်။ ဒါကြောင့် သူတို့မှာ နံပါတ်၃ ပျောက်ကြားတွေနဲ့ ထိတွေ့ဆက်ဆံလိုတဲ့ မူရှိချင်မှရှိပါလိမ့်မယ်။ သူတို့ဟာ ဗဟိုပီဒီအက်ဖ်ကိုမွေးမြူရင်း အင်အားတည်ဆောက် နေချိန်ဖြစ်တယ်။ မြန်မာလူထုကတော့ ကိုယ်တိုင်ခံစားရ၊ မျက်မြင်ကြုံတွေ့ခဲ့ရတာတွေကြောင့် စစ်အာဏာသိမ်းဘက်ကတပ်တွေနဲ့ ထောက်ခံသူတွေ၊ သတင်းပေးဒလန်တွေကို ဘယ်လိုပုံစံနဲ့မဆို ပြန်လည်တုန့်ပြန်တာဟာ တရားတယ်လို့သတ်မှတ်ထားကြတယ်။ ဒါဟာ နိုင်ငံတကာနိုင်ငံရေးသုံးသပ်မှုနဲ့ မြန်မာနိုင်ငံရေးခံစားချက်တုန့်ပြန်ချက်ကြားက ကွာဟမှုပါပဲ။
ဒါကို တံတားထိုးနိုင်ဖို့က လူထုပစ်မှတ်တွေကို ရှောင်ကြဖို့လိုတယ်။ ဥပမာ ဆေးရုံ၊ ကျောင်း၊ စျေး စတာတွေ၊ လူစုလူဝေးတွေ၊ လူသွားလူလာများတဲ့နေရာတွေကို မတိုက်ခိုက်ဖို့ပါ။ စကစ ဘက်ကတော့ စျေးတွေကိုမီးရှို့၊ ဘာသာရေးဆိုင်ရာအဆောက်အဦတွေကိုဖျက်ဆီးဝင်ရောက်၊ မြို့ပေါ်လူနေအိမ်ခြေတွေကို လုယက်တိုက်ခိုက်တာ တွေကို လုပ်ခဲ့ပြီး သက်သေခံအချက်အလက်တွေကိုလည်း နိုင်ငံတကာက ရရှိခဲ့ပြီး ဖြစ်တယ်။ နံပါတ်၃ နဲ့ပါတ်သက်ပြီး NUG ရဲ့ သဘောထားကို နားလည်ပေးဖို့လိုပါလိမ့်မယ်။ သို့သော် အရေးကြီးတဲ့ နောက်တခုက နံပါတ် ၂ ‌ဒေသတွင်းကာကွယ်ရေးတပ်တွေပါ။ ဒီအစုအဖွဲ့တွေဟာ အခုအချိန်အထိ NUG နဲ့ သေချာတဲ့ချိတ်ဆက်မှုမရှိသေးတာတွေ့ရတယ်။ မန္တလေးလုပ်ဇတ်တွေဟာ ဒီလစ်ဟာမှုအတွင်းကနေထွက်ပေါ်လာတာဖြစ်တယ်။
NUG မှာဒီစုစည်းမှုအတွက် သဘောတရားပိုင်းဆိုင်ရာဘာအခက်အခဲရှိသလည်းမသိရ။ သို့သော် သူတို့မလုပ်ရင် (မလုပ်နိုင်ရင်၊ မလုပ်လိုရင်) အဲဒီပြန့်ကျဲမှုကို စုစည်းမယ့်အဖွဲ့အစည်းအသစ်တခုလိုမယ်။ မဟုတ်ရင် ဒီပါဝါကွက်လပ်ဟာ လွင့်မျောနေပါလိမ့်မယ်။ NUG နဲ့ မဆန့်ကျင်တဲ့ အင်အားစုအသစ်တခု ပူးပေါင်းဖွဲ့စည်းပြီး ဒေသတွင်းပီဒီအက်ဖ်တွေကို စုစည်းဖို့နဲ့ အဲဒီ စုစည်းမှုဖြစ်စဥ်ကို လူထု (ပြည်တွင်းပြည်ပ) က ငွေအားလူအားနဲ့ ကူညီပံ့ပိုးကြဖို့လိုတယ်။
လွတ်လပ်စွာကူးယူနိုင်တယ်။Kyaw zaww khaing


No comments:

Post a Comment