Latest News

Wednesday, July 1, 2020

အဆင့်မြှင့်တင်မှုတွေ ပြီးစီးတော့မယ် ရန်ကုန်မြို့ပတ်ရထားဘူတာရုံတွေ

အဆင့်မြှင့်တင်မှုတွေ ပြီးစီးတော့မယ် ရန်ကုန်မြို့ပတ်ရထားဘူတာရုံတွေ


ဆှေဦးဝေ

ကားလမ်းကိုဖြတ်ပြီးဘူတာရုံဘက်ကို ချိုးကွေ့လိုက်တာ နဲ့  သန့်ရှင်းသပ်ရပ်တဲ့ မြို့ပတ်ဘူတာရုံကို  တွေ့မြင်လိုက် ရပါတယ်။ ဆေးရောင်သစ်သစ်လွင်လွင်နဲ့ အဆင့်မြှင့်တင် ထားတဲ့ မြို့ပတ်ဘူတာရုံလေးဟာ ကိုလူမောင်ရဲ့  စိတ်အာရုံ ကို    ဖမ်းစားလိုက်သလိုပါပဲ။  အခုတလော   ကိုဗစ်- ၁၉   ကြောင့်   YBS ဘတ်စ်ကားတွေလည်း   မစီးဖြစ်၊  ရန်ကုန် မြို့ပတ်ရထားလည်း မစီးဖြစ်ဘဲ ရုံးကို ဖယ်ရီကားနဲ့သာ  နေ့စဉ်အသွားအပြန်လုပ်နေတဲ့ ကိုလူမောင်တစ်ယောက်       သူမကြာခဏ ရောက်ရှိကာ  မြို့ပတ်ရထား  စောင့်စီးနေကျ ဘူတာရုံလေးဟာ အခုတော့ ပြောင်းလဲမှုတွေဖြစ်နေတာကို သတိမထားမိခဲ့။ ရန်ကုန်မြို့ပတ် ဘူတာရုံတွေ အဆင့်မြှင့် တင်မှု ပြုလုပ်နေတာဟာ အခုနှစ်  လာမယ့်ဒီဇင်ဘာမှာ  မြို့ပတ်ဘူတာအားလုံးပြီးစီးအောင်   ဆောင်ရွက်နေတယ် ဆိုတာကိုတော့  ကိုလူမောင်  သိရှိထားပါတယ်။
ရန်ကုန်မြို့နေပြည်သူတွေဟာ   နေ့စဉ်အလုပ်အကိုင် ကိစ္စ၊  စီးပွားရေးနဲ့  အရောင်းအဝယ်ကိစ္စတွေအပါအဝင်   ပညာရေး၊ ကျန်းမာရေး စတဲ့လူမှုကိစ္စ အဝဝအတွက် သွားလာတဲ့အခါ  YBS  ဘတ်စ်ကားတွေနဲ့ မြို့ပတ်ရထား ခရီးစဉ်တွေကိုပဲ အဓိက အားကိုးအားထား စီးနင်းသွားလာ နေကြတာ ဖြစ်ပါတယ်။ ဒီလိုသွားလာတဲ့အခါ နိုင်ငံတော် အစိုးရကလည်း   ခရီးသည်တွေ   စီးနင်းသွားလာရေး အဆင်ပြေစေဖို့အတွက်   YBS   ယာဉ်လိုင်းတွေရော၊    မြို့ပတ်ရထား ခရီးစဉ်တွေကိုပါ ပိုမိုကောင်းမွန်အောင်   ဖြည့်ဆည်းနေတာ ကိုလူမောင်တို့ ကြားသိနေပါတယ်။ အခက်အခဲတွေ၊ အဖုအထစ်တွေရှိနေပေမယ့် တတ်နိုင် သမျှ ကောင်းမွန်အဆင်ပြေအောင် ဖြည့်ဆည်းပေးနေတာ ကိုလည်း သတိပြုမိနေပါတယ်။
အခုလည်း ရန်ကုန်မြို့ပတ်ဘူတာတွေကို လာမယ့်ဒီဇင် ဘာလအတွင်းမှာ   အကုန်လုံး အဆင့်မြှင့်တင်နိုင်ဖို့ မြန်မာ့ မီးရထားနဲ့ JICA တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတာဟာ ၂၀၂၀ ပြည့်နှစ်    ဇွန်လအထိ   မြို့ပတ်ဘူတာပေါင်း ၂၅ ဘူတာကို အဆင့်မြှင့်တင်ပြီး ဖြစ်ပါတယ်။
ဒီလိုအဆင့်မြှင့်တဲ့အခါ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်မှာ မြို့ပတ်ဘူတာပေါင်း ၃၇ ဘူတာ ရှိနေတာဖြစ်ပြီး  အဲဒီထဲက  ၂၅   ဘူတာကို အဆင့်မြှင့်တင်ထားတာဖြစ်ကာ   ရန်ကုန် ဘူတာကြီးကတော့ အဲဒီမြို့ပတ်ဘူတာ အရေ အတွက်ထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။ ဘူတာကြီးပါ ထည့်ပြီး ရေတွက်ရင်တော့ ၃၈ ဘူတာရှိမှာပါ။
“ရန်ကုန်မြို့ပတ်   ရထားဘူတာရုံတွေ အဆင့်မြှင့်တင်မှုအပိုင်းမှာ အခုဆိုရင် ဘူတာ ၁၂ ဘူတာ  ကျန်နေသေးတယ်။  ဒါကိုလည်း အဆင့်မြှင့်တင်မှုလုပ်ငန်းတွေ   ဆောင်ရွက် နေပါတယ်။  လာမယ့်  ဒီဇင်ဘာမှာ အားလုံး ပြီးစီးဖို့   မျှော်မှန်းလုပ်ကိုင်နေပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး    မြန်မာ့မီးရထား လက်ထောက်မန်နေဂျာ   ဦးကျော်မျိုးလွင်က ပြောပါတယ်။
ဒီလိုမြို့ပတ်ဘူတာရုံတွေ အဆင့်မြှင့်တင် တဲ့အခါ ဘူတာရုံအဆောက်အအုံကိုသာမကဘဲ ဘူတာပလက်ဖောင်း       စင်္ကြံတွေလည်း အဆင့်မြှင့်တင်မှသာ ခရီးသည်တွေ မြို့ပတ် ရထားတွဲတွေအပေါ်         တက်ရောက်ရင် အဆင်ပြေပြေဖြစ်မှာပါ။   အခုလို   ဘူတာ ရောက်တဲ့အခါ   ဘူတာပလက်ဖောင်းစင်္ကြံ ကို   အဆင့်မြှင့်တင်ထားတာ   ကိုလူမောင် တွေ့ရှိရပါတယ်။        ပလက်ဖောင်းစင်္ကြံ အခင်းတွေကောင်းပြီး သပ်ရပ်သန့်ရှင်းနေတာ တွေ့ရသလို   အရင်ကထက်   ပလက်ဖောင်း စင်္ကြံအမြင့် ပြုလုပ်ထားတာလည်း ကိုလူမောင် သတိပြုမိနေပါတယ်။
မြို့ပတ်ဘူတာရုံ  ၁၇ ဘူတာရှိ
တကယ်တော့ဘူတာရုံတွေ၊    ပလက် ဖောင်းစင်္ကြံတွေ အဆင့်မြှင့်တင်မှုသာမကဘဲ မြို့ပတ်ရထားသံလမ်းတွေ၊   ရထားလမ်းကူး ခုံးကျော်တံတားတွေ၊ ရထားနဲ့ ကားလမ်းဆုံရာ နေရာတွေ၊ အချက်ပြစနစ်တွေကအစ အားလုံး ဟန်ချက်ညီညီ    ဆောင်ရွက်နေတာဖြစ်ပြီး ဒီလိုဆောင်ရွက်မှလည်း     လုပ်ငန်းစဉ်တွေ အောင်မြင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ပတ် ဘူတာရုံပေါင်း ၃၇ ခုရှိတဲ့နေရာမှာ ရန်ကုန် ဆင်ခြေဖုံးအရပ်မှာရှိတဲ့     မြို့ပတ်ဘူတာရုံ ပေါင်းက ၁၇ ဘူတာ ရှိပါတယ်။ ဘယ်မြို့ပတ် ဘူတာရုံကပဲဖြစ်ဖြစ် ရထားစီးခရီးသည်တွေ အတက်အဆင်းပြုလုပ်ရာမှာ လွယ်ကူအဆင် ပြေစေဖို့ အရေးကြီးပါတယ်။
ရန်ကုန်မြို့ပတ်ရထားခရီးစဉ်မှာ ခရီးမိုင် က ၂၉ ဒသမ ၅ မိုင်ရှိပေမယ့် ရထားသံလမ်း အရှည်ကတော့ ၅၉ မိုင် ရှိနေပါတယ်။ အဲဒီမြို့ပတ်ရထားခရီးစဉ်တစ်လျှောက်မှာ ဘူတာကြီး အပါအဝင် မြို့ပတ်ဘူတာရုံပေါင်း ၃၈ ရုံရှိနေပြီး အခုလို ကိုဗစ်- ၁၉ ကာလမဟုတ်ဘဲ အရင် ပုံမှန်အခြေအနေကဆိုရင်  မြို့ပတ်လိုင်းမှာ ရထားကြီး   ၁၅  ဆိုင်း၊  RBD ၁၀ ဆိုင်းနဲ့ စုစုပေါင်းအဆိုင်း ၂၅ ဆိုင်းနဲ့ အခေါက်ရေ ၂၂၁ ခေါက်ကို နံနက် ၅ နာရီမှ ည ၁၁ နာရီအထိ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။
အခုလို   ကိုဗစ်- ၁၉   ကာလမှာတော့ ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ် ဧပြီလမှာ ခရီးစဉ် ၁၂ ခုသာ ပြေးဆွဲ ခဲ့ပေမယ့်  အခုဇွန်လမှာတော့ မြို့ပတ်ရထား ခရီးစဉ်ပေါင်း ၅၂ ခုအထိ ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။  နေ့စဉ်   မြို့ပတ်ရထားစီးတဲ့ ခရီးသည်တွေအနေနဲ့  အရင်က  လူဦးရေ ၇၃၀၀၀  ခန့် စီးနေပေမယ့်   အခုအခြေအနေ မှာ  လျော့ကျနေပါတယ်။ ဒါပေမယ့်လည်း အခုဆိုရင် ပုံမှန်ခရီးသည်စီးမှုကို တဖြည်းဖြည်း  ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
ကိုလူမောင်တို့လို အခြေခံဝန်ထမ်းတွေ၊ ပြည်သူတွေအတွက်ကတော့ ရန်ကုန်မြို့မှာ ခရီးသွားလာရင်  အဓိကအားထားရတဲ့ YBS ယာဉ်တွေနဲ့ မြို့ပတ်ရထားတွေကိုသာ အားကိုး နေတာမို့ အခုလိုမြို့ပတ်ဘူတာရုံတွေ အဆင့် မြှင့်တင်မှု ပြုလုပ်နေတာတွေ့ရတော့ ဝမ်းသာ မိတာ အမှန်ပါပဲ။
အလိုအလျောက် အချက်ပြစနစ်
ဒီလိုမြို့ပတ်ဘူတာရုံတွေ အဆင့်မြှင့်တင်မှု အပြင် မြို့ပတ်ရထားလမ်းနဲ့ ကားလမ်းဖြတ် ဆုံရာ  ၂၅  နေရာကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေတာဟာ  အခုဆိုရင် ၂၀၂၀ ပြည့်နှစ် ဇွန်အထိ    ငါးခုသာ   ကျန်ရှိတော့တယ်လို့ သိရပါတယ်။  ဒီလိုရထားနဲ့ ကားဖြတ်လမ်း တွေမှာ    ဂိတ်မောင်းတံတွေကအစ  ပြုပြင် ပြောင်းလဲပြီး အလိုအလျောက် အချက်ပြစနစ် တွေလည်း  ပြောင်းလဲမှုပြုလုပ်လျက် ရှိနေ ပါတယ်။
ဒါ့အပြင်   ရန်ကုန်မြို့ပတ်ရထားလမ်း တစ်လျှောက်မှာ      လူကူးခုံးကျော်တံတား အသစ် ၃၅ စင်း တည်ဆောက်နေတာလည်း အခုဆိုရင် ၁၀ စင်း ပြီးစီးနေပြီဖြစ်ကြောင်း သိရပါတယ်။   ကျန်နေသေးတဲ့  ရထားလမ်း လူကူးခုံးကျော်တံတားသစ်တွေကို ဆက်လက် တည်ဆောက်လျက်ရှိပါတယ်။        ဒီလို တည်ဆောက်မှလည်း    ရထားလမ်းတွေကို ဖြတ်ကူးနေကြတဲ့     ပြည်သူတွေအတွက် ဘေးအန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။
ဒီလို ရထားလမ်းကူး ခုံးကျော်တံတားသစ် တွေအပြင်    ရန်ကုန်မြို့ပတ်   ရထားလမ်း တစ်လျှောက် ရထားသံလမ်းအရှည် ၅၉ မိုင်ရဲ့ ဝဲယာမှာ    အကာအရံတွေ   ပြုလုပ်ဖို့လည်း အစီအစဉ်တွေ့ရှိကြောင်း သိရပါတယ်။ မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ပြီးရင် မြို့ပတ် ရထားတွေရဲ့ မောင်းနှင်မှုနှုန်းဟာလည်း ပိုမို မြန်ဆန်လာမှာဖြစ်တာမို့     နေရာမျိုးစုံက ဖြတ်ကူးနေတဲ့ ပြည်သူတွေ ဘေးကင်းအောင်နဲ့ မလိုလားတဲ့ဖြစ်ရပ်တွေ   မကြုံတွေ့ရအောင် အကာအရံပြုလုပ်နေတာ ဖြစ်ပါတယ်။
ကိုလူမောင် ဒီလိုအတွေး တွေဝေနေတုန်း မြို့ပတ်ရထားတစ်စင်း   ဆိုက်ရောက်လာတဲ့ အခါ ရထားစီးမယ့်သူတွေရော၊ ဆင်းတဲ့သူတွေ ပါ   ပလက်ဖောင်းစင်္ကြံပေါ်  အဆင်ပြေစွာ  ဆင်းတက်နေကြတာ  တွေ့မြင်နေရပါတယ်။ အရင်ကထက် ဘေးအန္တရာယ်ကင်းပြီး ရထား ပေါ် အတက်အဆင်း ပြုလုပ်နေကြတာပဲ။ ဒီလို သာဆိုရင် မြို့ပတ်ရထားဘူတာတွေအားလုံး အဆင့်မြှင့်တင်ပြီးရင်တော့   ခရီးသည်တွေ အတွက် ပိုမိုကောင်းမွန်တဲ့ ရထားစီးသွားလာမှု အခြေအနေ    ခံစားရတော့မှာဖြစ်တယ်လို့ ကိုလူမောင် မျှော်လင့်နေမိပါတော့တယ်။    ။

No comments:

Post a Comment