Latest News

Saturday, June 6, 2020

ကူးစက်ကပ်ရောဂါ၊ လူသားတို့၏စိုးရိမ်မှုနှင့် New Normal

ကူးစက်ကပ်ရောဂါ၊ လူသားတို့၏စိုးရိမ်မှုနှင့် New Normal


အောင်မြင့်မြတ်

လက်ရှိဖြစ်ပွားနေသော     ကမ္ဘာ့ကပ်ရောဂါကြီးသည်   လူသားတို့၏အမူအကျင့်ဟောင်းများကို ပြောင်းလဲပစ်ရန် တွန်းအားပေးလျက်ရှိနေပါသည်။ နိုင်ငံအစိုးရများအတွက်  လည်း ခေါင်းခဲစရာများ ဆက်လက်ပေးအပ်ထားလိမ့်မည် ဖြစ်သည်။    ကပ်ရောဂါကြီးကြောင့်    ပိတ်ထားသည့် ခရီးသွားလုပ်ငန်းများ၊ စက်ရုံအလုပ်ရုံများ၊ တက္ကသိုလ် များ၊  စာသင်ကျောင်းများ   မဖြစ်မနေ ပြန်လည်ဖွင့်လှစ် ရမည်ဖြစ်ရာ   အလုပ်သမားများနှင့်   ကျောင်းသား  ကျောင်းသူများသည်       သက်ဆိုင်ရာလုပ်ငန်းခွင်၊ ကျောင်းများသို့    နည်းလမ်းသစ်၊   ပုံစံသစ်များဖြင့်  ဝင်ရောက်ရတော့မည်ဖြစ်သည်။    လူမှုဆက်ဆံရေး၊  ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၌    ဖြစ်ပေါ်လာနိုင်မည့်  လူအချင်းချင်းဆက်ဆံမှုပုံသဏ္ဌာန်အသစ်များ၊ အစိုးရက ချမှတ်လာမည့်    လူအချင်းချင်း    ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်း၊ စည်းကမ်းအသစ်များကို ပညာရှင်များက New  Normal ဟု  နာမည်တပ်လာကြသည်။   ဆိုလိုရင်း မှာ ယခင်ပြုမူလုပ်ကိုင်နေသည့်   လူမှုဆက်ဆံရေးဆိုင်ရာ  အမူအကျင့်များနေရာ၌     နည်းလမ်းသစ်တစ်မျိုးဖြင့် အစားထိုးလုပ်ကိုင်စေခြင်းပင် ဖြစ်သည်။

ယခင်က တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစဉ်နှုတ်ဆက်ရန်  အတွက် လက်ကမ်းပေးချိန် ပြန်လည်လက်ဆွဲနှုတ်ဆက် ခြင်းမပြုလုပ်ပါက  ရိုင်းပျသည်ဟူသော ယူဆချက်များ  ပျောက်ကွယ်ကုန်သည်။ လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ် ကြတော့။ အချင်းချင်းနှုတ်ဆက်သည့်  ပုံစံသစ်တစ်မျိုး ပြောင်းလဲကျင့်သုံးလာခဲ့သည်။  ယခင်က  လူတောထဲ သွားချိန်  နှာခေါင်းစည်းတပ်ထားသူများကို    လူထူး လူဆန်း၊    တမင်တကာအပိုလုပ်သည်ဟု     ပြောကြား ခဲ့သည်။   ယခုအချိန်၌   နှာခေါင်းစည်းမတပ်သူများကို လူထူးလူဆန်းတစ်ဦး၊      ယဉ်ကျေးမှုမရှိသူတစ်ဦးဟု    သတ်မှတ်လာကြသည်။    ပုံမှန်လုပ်နေကျ  လူ့တန်ဖိုးနှင့် ကျင့်ဝတ်များ   ပြောင်းလဲကုန်သည်။    ပုံစံအသစ်များ ထွက်ပေါ်လာသည်။ ယခင်က လုံခြုံရေးဆိုင်ရာ စစ်ဆေး ရေးဂိတ်များ၌  မျက်နှာကို  တစ်ခုခုနှင့် ကာကွယ်လာပါက လုံခြုံရေးအရ  စစ်ဆေးရန်အတွက်  မျက်နှာဖုံးကိုချွတ်ခိုင်း  ခဲ့သော်လည်း      ယခုမူ       တာဝန်ရှိသူများကိုယ်တိုင်က    ဖြတ်သန်းသူများကို      တမင်နှာခေါင်းစည်းတပ်ပြီးမှ     ဖြတ်သန်းခြင်း လုပ်ဆောင်ခိုင်းနေရသည်။

 New  Normal ပုံစံတစ်ရပ်၏ ရှေ့ပြေး

နိုင်ငံတကာနှင့်  ပြည်တွင်းလေကြောင်းလိုင်းများ ရပ်နားထားခြင်းကြောင့်          နိုင်ငံအစိုးရအချင်းချင်း၊ နိုင်ငံအတွင်းရှိ ဌာနအချင်းချင်းကြား  မျက်နှာချင်းဆိုင် တွေ့ဆုံရန်    အခက်အခဲများဖြစ်လာရာ  ဆွေးနွေးမှုများ၊  နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုခြင်းများ  လုပ်ဆောင်ရန် အခက်အခဲများဖြစ်လာသည်။    သို့သော်ရပ်နားထား၍ မဖြစ်။ အွန်လိုင်းအစည်းအဝေးများ လုပ်ဆောင်လာကြ သည်။ အွန်လိုင်းမှတစ်ဆင့် နှစ်နိုင်ငံသဘောတူညီချက် များ လက်မှတ်ရေးထိုးနိုင်ရေး  ပြင်ဆင်လာခဲ့ကြသည်။  ဥပမာအနေဖြင့်       ဇွန်လအစောပိုင်းက    အိန္ဒိယနှင့်  ဩစတြေးလျနှစ်နိုင်ငံဝန်ကြီးချုပ်များအကြား    စစ်ဘက် ဆိုင်ရာ အပြန်အလှန် ထောက်ပံ့ရေး သဘောတူညီချက် အပြင် အခြားသောအရေးကြီးသည့် သဘောတူစာချုပ် များကို အွန်လိုင်းထိပ်သီးဆွေးနွေးပွဲပြုလုပ်ပြီး လက်မှတ် ရေးထိုးနိုင်ရေး    ပြင်ဆင်ဆောင်ရွက်နေသည်။   ၎င်း သည်ပင်     နိုင်ငံအချင်းချင်းဆက်ဆံရေးနှင့်  အစိုးရအဖွဲ့ အစည်းများအကြားဆက်ဆံရေး၌   New  Normal   ပုံစံ တစ်ရပ်၏ ရှေ့ပြေးဖြစ်လာသည်။

ကမ္ဘာပေါ်၌ ရှိသမျှသော သာမန်လူပုဂ္ဂိုလ်၊ အဟိတ် တိရစ္ဆာန်တို့သည် ကမ္ဘာဦးအစကတည်းက စိုးရိမ်စိတ် များဖြင့်  ရှင်သန်လာခဲ့သူများဖြစ်ကြသည်။  စားစရာမရှိမှာ စိုးရိမ်ကြသည်။ နေစရာမရှိမှာစိုးရိမ်ကြသည်။ ချစ်ခင်မယ့်သူ မရှိမှာ စိုးရိမ်ကြသည်။ သေမှာစိုးရိမ်ကြသည်။ ဆင်းရဲမှာ စိုးရိမ်ကြသည်။ ရပြီးသားစည်းစိမ်များဆုံးရှုံးသွားမှာ  စိုးရိမ် ကြသည်။ မိမိပိုင်ဆိုင်မှုများ သူတစ်ပါးလုယူသွားမှာ စိုးရိမ် ကြသည်။    မိမိတို့ပိုင်နက်နယ်မြေအတွင်း   တိုင်းတစ်ပါး သားတို့ ကျူးကျော်ဝင်ရောက်လာမည်ကို စိုးရိမ်ကြသည်။

တရိပ်ရိပ်တက်လာ

ယခုလည်း  ကမ္ဘာ့ကပ်ရောဂါကြီးကြောင့်  လူသား များ၏ စိုးရိမ်မှုများ ပိုမိုကြီးထွားခဲ့ရသည်။  ကပ်ရောဂါကြီး သည်      စတင်ဖြစ်ပွားကတည်းက   လက်ရှိအချိန်အထိ လပေါင်းများစွာတိုင်အောင်  သတင်းစာများ၊  ဂျာနယ်များ၊ ရေဒီယိုများ၊ တီဗွီသတင်း channel များနှင့် ဆိုရှယ်မီဒီယာ များပေါ်၌  နေရာယူကြီးစိုးထားသည်။ အဆိုပါအရာများသည် လူသားများနှင့်  နေ့စဉ်နီးပါးထိတွေ့နေသည့်   အရာများ ဖြစ်ရာ    နေ့စဉ်လူအများအပြားသေဆုံးနေသည်နှင့်အမျှ  လူတို့၏စိုးရိမ်စိတ်မှာလည်း တရိပ်ရိပ်တက်လာနေခဲ့သည်။

လူ့စိတ်သဘောသဘာဝအရ စိုးရိမ်စိတ်သည် ရန်လို သောစိတ်အဖြစ်သို့  ပြောင်းလဲရန် လွယ်ကူမှုရှိသည်။ ရောဂါ  ကူးစက်ခံရသောသူများ  သို့မဟုတ်  စောင့်ကြည့်ခံရသော သူများကို   လူသားချင်းစာနာထောက်ထားမှုဖြင့်   ကူညီ ထောက်ပံ့မှုများ လုပ်ဆောင်ခြင်းနှင့် မိမိကို  အကူးမခံ ရအောင် သတိဖြင့် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရမည့်အစား  ရာဇဝတ်သားတစ်ဦးလို    သတ်မှတ်ဆက်ဆံလာကြတော့  သည်။ လူတို့၏အကြောက်တရားမှာ  လုပ်ကြံသတင်းများ အရှိန်အဟုန်မြင့်ပျံ့နှံ့လာသည်နှင့်အမျှ လိုတာထက်  ပိုမို ပြင်းထန်လာခဲ့သည်။ လက်ရှိကပ်ရောဂါကြီးကြောင့် လူများ သေဆုံးနေကြသည့်ပုံများ၊ လူနာများ၌ အသက်ရှူအထောက် အကူပစ္စည်းတပ်ထားသည့်ပုံများ လူမှုမီဒီယာများ၌ အလျှံ အပယ်   ပေါ်ထွက်လာခဲ့ရာ   ချောင်းမဆိုး၊   နှာမချေရဲ လောက်အောင်   ကြောက်လာကုန်ကြသည်။    ထို့အပြင်  အဆိုပါကပ်ရောဂါကြီးကြောင့် စားသောက်ကုန်လုပ်ငန်းများ ရပ်ဆိုင်းကုန်မည်စိုးသဖြင့်    ကုန်တိုက်ကြီးများ၌    အလု အယက် ဈေးဝယ်ကြသည့် သတင်းများမှာလည်း လူသား များ၏     အစားအစာလုံခြုံရေးအတွက်     အကြီးမားဆုံး  ခြိမ်းခြောက်မှုများဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့်  စိုးရိမ်  ထိတ်လန့်မှုများ လွန်ကဲလာပြီး အပြိုင်အဆိုင်ဝယ်ယူကြရာ  ပစ္စည်းပြတ်လပ်မှုများ ဖြစ်ကုန်သည်။

စိတ်ပိုင်းဆိုင်ရာပညာရှင်များ၏   လေ့လာတွေ့ရှိမှုများ အရ     လက်နက်ကြီးကျည်များ   အဆက်မပြတ်ကျရောက်  ပေါက်ကွဲနေသောနေရာအနီး     နေထိုင်သောသူများသည်  ကြောက်လန့်စိုးရိမ်စိတ်များပြင်းထန်လာလေ့ရှိပြီး စိတ်ပိုင်း ဆိုင်ရာ ထိခိုက်ဒဏ်ရာရနိုင်သည်ဟုဆိုကြသည်။ သို့သော်  တစ်စုံတစ်ခု၏ ခြိမ်းခြောက်မှုအောက်ကျရောက်နေသော သူသည် တစိမ့်စိမ့်တွေးပြီးကြောက်ရွံ့လျက်ရှိရာ  ၎င်း၏ စိတ်၌လက်နက်ကြီးပေါက်ကွဲမှုဒဏ်ခံရသည့်သူထက် ပိုမို ဆိုးရွားသော  အတွင်းစိတ်ဒဏ်ရာ   ရသွားလေ့ရှိသည်ဟု ဆိုသည်။

ဆက်လက်ကိန်းအောင်းနေနိုင်ဖွယ်

လူသားတို့သည် သမိုင်းမတင်မီခေတ်ကတည်းကပင်  အုပ်စုလိုက်ရွှေ့ပြောင်းနေထိုင်သော အလေ့အထရှိကြသည်။ တစ်စုံတစ်ယောက်တည်း သီးခြားခွဲနေပါက လူထူးလူဆန်း သဖွယ်သတ်မှတ်လေ့ရှိကြသည်။  သို့သော်လည်း   လက်ရှိ ကပ်ရောဂါကြီးက   အုပ်စုဖွဲ့နေတတ်သော   လူသားတို့ကို သီးခြားစီခွဲခြားနေထိုင်ရန်      တောင်းဆိုလာခဲ့ကြသည်။ လူသားတစ်ဦးနှင့်တစ်ဦးအကြား     မယုံကြည်မှုများ၊ သံသယများ တိုးပွားလာစေရေး  လုပ်ဆောင်လျက်ရှိသည်။  အဆိုပါ ကပ်ရောဂါကြီးပျောက်ကင်းသွားသည့်တိုင် လူသား များ၏   စိတ်ထဲတွင်    သူစိမ်းဆန်ဆန်နေထိုင်ရေးသည်    မိမိကျန်းမာရေးအတွက်         လုံခြုံစိတ်ချရသည်ဟူသော  အယူဝါဒများ ဆက်လက်ကိန်းအောင်းနေနိုင်ဖွယ်ရှိသည်။

New Normal ပုံစံအသစ်များ ထပ်မံထွက်ပေါ်

ထို့အပြင်    ကပ်ရောဂါကြီးသည်    လူသားတို့၏ ဘာသာရေးဆိုင်ရာ ယုံကြည်သက်ဝင်မှုများ၊    ယဉ်ကျေးမှု  ထုံးတမ်းဓလေ့များကိုလည်း    ဒုက္ခဝင်ပေးသွားသည်။ နှစ်စဉ်နှစ်တိုင်း  မဖြစ်မနေပြုလုပ်ရမည့်   (ယုံကြည်မှုအရ    အဆိုပါပွဲတော်  မပြုလုပ်ပါက   အမှားအယွင်းတစ်ခုခု ဖြစ်နိုင်သည်ဟု ယူဆထားသော) ဘုရားပွဲများ၊ ဘာသာရေး ဝတ်ပြုဆုတောင်းပွဲများ   အကုန်ရပ်နားထားရသည်။ ဘာသာရေးပွဲတော်များ၊ ရှိခိုးဆုတောင်းပွဲများ  ပုံစံအသစ် ဖြင့် ထွက်ပေါ်လာခဲ့သည်။    လူပေါင်းများစွာပါဝင်ဆင်နွှဲ သော ဘာသာရေးပွဲတော်များသည်  ကူးစက်ရောဂါ၏ ဗဟိုချက်တစ်ခုဖြစ်လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ  ဖြစ်ပေါ်စေခဲ့ရသည်။  ထို့ကြောင့်     သက်ဆိုင်ရာဘာသာရေး  ပွဲတော်များ၊  ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအတွက် New Normal   ပုံစံအသစ်များ   ထပ်မံထွက်ပေါ်လာမည် ဖြစ်သည်။

New Normal ပုံစံများ  လိုက်နာကျင့်သုံးမှုနှင့်အတူ  အွန်လိုင်းအသုံးပြုမှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ယခင် ရုံးခန်းသို့သွားအလုပ်လုပ်နေရာမှ    နေအိမ်မှနေပြီး အွန်လိုင်းဖြင့် အလုပ်လုပ်သူများ ဆက်လက်ရှိနေနိုင် သည်။  နေအိမ်မှ ပညာသင်ကြားသူများအတွက်  ပိုမို ကောင်းမွန်သော  အင်တာနက်ဆက်သွယ်ရေး   လိုအပ် လာသည်။ လူသားတို့သည် အနားယူအပန်းဖြေမှုအတွက်  ရုပ်ရှင်ကြည့်ရှုခြင်းလုပ်ဆောင်လေ့ရှိရာ    ရုပ်ရှင်ရုံများ ပိတ်ထားသဖြင့် အိမ်တွင်း၌ပင် အင်တာနက်မှတစ်ဆင့် ရုပ်ရှင်ကြည့်လာကြသည်။  နောက်ပိုင်း    ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်သည့်တိုင် ကူးစက်ရောဂါကို ကြောက်ရွံ့ သည့်  အခံရှိသဖြင့်  အိမ်၌ပင်  ရုပ်ရှင်ကြည့်ခြင်းများ ဆက်လုပ်လာနိုင်သည်။     ၎င်းသည်ပင်    လူသားများ အပန်းဖြေမှုအတွက်  New Normal   ပုံစံသစ်တစ်မျိုး ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။

New Normal   ပုံစံသည်   ကူးစက်ကပ်ရောဂါ  ပျောက်ကင်းနိုင်မှု အတိုင်းအတာပေါ်မူတည်ပြီး ကာလ ရှည်ကြာ  ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ကူးစက် ကပ်ရောဂါကြီးအပေါ်    လူသားများ၏    စိုးရိမ်ပူပန်မှု မှာလည်း အချိန်တော်တော်ကြာမြင့်သည်အထိ အမြစ် တွယ်နေလိမ့်မည်ဖြစ်သည်။   လူသားများနှင့်   အဆိုပါ လူမှုဆက်ဆံရေးပုံစံသစ်သည်    ပဋိပက္ခအနည်းငယ် ဖြစ်လာနိုင်သည်။   သို့သော်လည်း    ခေတ်ကာလ၏ တောင်းဆိုချက်၊  လူအချင်းချင်း   ကူးစက်တတ်သော  ကပ်ရောဂါကြီး၏  တိုက်တွန်းချက်ကြောင့် မဖြစ်မနေ  ကျင့်သုံးရမည့် ပုံစံများအဖြစ် ခိုင်ခိုင်မာမာထွက်ပေါ်လာ မည်ဖြစ်သည်။       မြန်မာနိုင်ငံသူ၊    နိုင်ငံသားများ အနေဖြင့်လည်း New Normal ပုံစံသစ်များ၌ လိုက်ပါစီးမျောနေရလိမ့်မည်ဖြစ်သည်။ ။

No comments:

Post a Comment