Latest News

Saturday, May 2, 2020

သံတွဲအကျဉ်းသား


(၂၀၀၆-ခုနှစ်၊ ဧပြီလ)
သံတွဲပြည်သူ့ဆေးရုံးကြီးတွင် ရှမ်းပြည်နိုင်ငံရေးအကျဉ်းသား တစ်ယောက် ဆေးဝါးကုသ ခံနေခြင်းကို ဆေးရုံဝန်ထမ်းအသိုင်းအဝန်းမှတဆင့်ကြားသိရသည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ထို နိုင်ငံ ရေးအကျဉ်းသားသည် ဆေးကုသနေစဉ်အတွင်း ဆေးရုံးဝန်ထမ်းများအား ပြည်ထောင်စုအကြောင်း၊ တိုင်းရင်း သားတို့သွေးစည်းညီညွတ်ခြင်း အထင်ကရဖြစ်သော ပင်လုံညီလာခံအကြောင်းတို့ကို စိတ်ဝင်စားဖွယ် ပြောပြ နေခြင်းဖြစ်သည်။ ထိုသတင်းသည် ဆေးရုံးအသိုင်းအဝိုင်းသာမက ဘေးပတ်ဝန်းကျင်ပြည်သူအတွင်း ပျံ့နှံ့နေသည်။
စာရေးသူသည် ထိုသတင်းကို ကြားသိချိန်မှစ၍ ဆေးရုံကြီးဆီသို့ ချဉ်းကပ်မိသည်။ ထောင်အာဏာပိုင်များနှင့် အစောင့်ရဲများကြောင့် ပထမအကြိမ် လွယ်ကူစွာ ဆုံခွင့်မရခဲ့ပါ။ ဆုံတွေ့ခွင့်ကို ဖန်တီးလာသည်မှာ သင်္ကြန်ရက်အတွင်းဖြစ်သည်။ အများသူငှာ အခါရက်ကြီးချိန်တွင် သံတွဲဆေးရုံကြီးမှာ လူသူ နည်းပါးပြီး ရဲစောင့် နှစ်ဦးသာ ရှိနေလေသည်။ ထို့ကြောင့် အဆိုပါရှမ်းပြည်နိုင်ငံရေးအကျဉ်းသားကို ခဏတာ တွေ့ဆုံခဲ့လိုက်ရသည်။ အသက် ၅၅ နှစ်ဟု ဆိုသော်လည်း ရောဂါဝေဒနာ ခံစားရမှုနှင့် ဆိုးဝါးသော အကျဉ်း ထောင်တို့၏ ဒဏ်ကြောင့် အသက် ၇၀ အရွယ် အဖိုးအိုပမာ ပေါ်လွင်နေသည်။ ပိန်သွယ်သွယ် ခန္တာကိုယ်ကို ချည်နှောင်ထားသော သံခြေကျင်း၊ ခတ်ထားသော လက်ထိပ် (ကုတင်သံဘောင်နှင့် တွဲလျှက်) တို့မြင်ကွင်းကား မြင်ရသူအဖို့ စိတ်မသက်မသာဖြစ်ခဲ့ရသည်။
တိုက်ဆိုင်စွာပင် ရခိုင်ပြည်နယ်ကို ချိန်ကိုက်ရောက်လာသူ နောက်တစ်ဦးမှာ ရှမ်းပြည်နယ် တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်ဖြစ်သည်။ သူသည်လည်း ရာထူးချခံထိကာ ရခိုင်သို့အပို့ခံရခြင်းဖြစ်သည်။ နောက်ဆက်တွဲ ကြားသိရသည်မှာ ရှမ်းပြည်မျိုးဆက်သစ်အဖွဲ့ကို အထက်အမိန့်အရ ဖမ်းဆီးသူမှာ ဗိုလ်ခင်မောင်မြင့်ပင် ဖြစ်သည်။ သူ့လက်ထက်တွင် ရှမ်းပြည်နယ်ရှိ တပ်ရင်းများမှ အစု အဖွဲ့လိုက် တပ်ပြေးမှု များပြားခြင်း၊ ငြိမ်းချမ်းရေးအဖွဲ့များအပေါ် သဘောထားပျော့ပြောင်းစွာ ကိုင်တွယ်ခြင်း၊ သမိုင်းဝင်ပင်လုံကျောက် တိုင်ကို ပြုပြင်မွမ်းမံခြင်း၊ နောက်ဆုံး ရှမ်းပြည်အမျိုုးသားနေ့အခမ်းအနားကို ကျင်းပခွင့်ပြုခြင်း စသည့် အကြောင်းများကြောင့် နဝတစစ်ကောင်စီမှ ရာထူးချကာ ရခိုင်ပြည်သို့ ပြောင်းရွေ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားများအရ သိရှိခဲ့ရသည်။ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်မင်းအောင်လှိုင်မူကား ရှမ်းပြည်နယ် တြိဂံတိုင်း (ကျိုင်းတုံ) တိုင်းမှူးရာထူးဖြင့် ပြောင်းရွေ့သွားသည်။
ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားများကို ဝေးလံသောဒေသများသို့ နဝတ စစ်ကောင်စီမှ ပို့လိုက်ခြင်းသည် သက်ဆိုင်ရာ ဆွေမျိုးများနှင့် ကင်းဝေးသွားအောင် လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။ ယုတ်စွ အဆုံး နိုင်ငံရေးအကျဉ်းသားများကို အကူအညီပေးနေသော နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC) ကိုပင် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အကျဉ်းထောင် ၉၀ ဆီသို့ သွားရောက်ခွင့် ပိတ်ပင်ခဲ့သည်။ ထို့ကြောင့်လည်း နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးကူညီစောင့်ရှောက်မှုမှာ ကင်းမဲ့ခဲ့ရသည်။

(၂၀၀၆- မတ်လ (၂၃)ရက်)

ထောင်သတင်းများအရ ဦးမြင့်သန်းသည် တရားထိုင်ရင်း မာလာမုန်တိုင်း ဝင်ရောက်လာချိန် အအေးမိကာ စတင်ဖျားနာခဲ့သည်။ အခန်းတူနေ အကျဉ်းသားများက ထောင်မှူးဦးဝင်းမြင့်ထံ အသိပေး အကြောင်းကြားခဲ့သော်လည်း လျစ်လျူရှုမှုကြောင့် မတ်လ ၂၅ ရက်နေ့တွင် ညာဘက်ခြမ်း လေဖြတ်သွားလေ သည်။ ထိုအခါမှသာ ထောင်မှူးဝင်းမြင့်သည် နေပြည်တော် (ကြတ်ပြေး) သို့ အကြောင်းကြားခဲ့ရာ ၃ ရက်အကြာ မတ်လ (၂၈) ရက်နေ့မှသာ သံတွဲဆေးရုံကြီးသို့ မိမိဆေးကုသစရိတ်ဖြင့် တက်ရောက်ကုသခွင့်ရခဲ့သည်။ ဆေးရုံရောက်ပြီး တစ်ပါတ်အကြာ လူနာ၏ရင်ဘတ်တွင် အကြိတ်ဖုကို စတင်ခွဲစိတ်သည်။ အင်းစိန်ထောင်တွင်း စစ်ဆေး နှိပ်စက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာဟု သိရှိရသည်။ ပထမအကြိမ် ရင်ဘတ် နို့အုံအထက်ကို ခွဲစိတ် ရာ အကြိတ်ဖု မထွက်လာချေ။ ဒုတိယအကြိမ် နို့အုံအောက်ဘက်ကို ခွဲစိတ်မှသာ အကြိတ်ဖုကို ထုတ်ပစ်နိုင် ခဲ့သည်။ သို့သော် နောက်တစ်ရက် နံနက်တွင် စည်းထားသော ပတ်တီးမှ သွေးများ ယိုစီးလာသောကြောင့် ပြန် စစ်ဆေးသောအခါ ခွဲစိတ်ချိန်က သွေးကြောထိသွားသဖြင့် ချက်ချင်းချုပ်ရိုးပြန်ဖြေကာ သွေးကြောကို ပြန် ကုသ ပြုပြင်ပေးလိုက်ရသည်။ အရေးပေါ်သွေးလိုအပ်သောကြောင့် သွေးပုလင်း ၅ လုံးဖြင့် အစားထိုးခဲ့ရသည်။ ကံဆိုး ချက်မှာ သွေးလှူရှင် တစ်ဦး ငှက်ဖျားဖြစ်ပြီး ပျောက်ကင်းသည်မှာ တစ်လသာ ရှိသေးသည်။ အရေးပေါ် သွေးလိုအပ်ချက်ကြောင့် စေတနာဖြင့် အခမဲ့ လှူခဲ့ခြင်းဖြစ်သည်။

သင်္ကြန်ရက်နောက်ပိုင်း စာရေးသူသည် ဦးမြင့်သန်းနှင့်တွေ့ဆုံခွင့် မရှိတော့ပါ။ လူနာ သတင်း အခြေအနေကိုတော့ အမြဲနားစွင့်ခဲ့ရာ တောင်ကြီးမှ ဦးမြင့်သန်း ဆွေမျိုးများ လာရောက်ပြုစုပေးနေကြောင်း ကြားသိရ၍ စိတ်သက်သာခဲ့ရသည်။
၂၀၀၆၊ မေလ (၂)ရက်
နိုင်ငံရေးအကျဉ်းသား ဦးမြင့်သန်းအခြေအနေမှာ နောက်ဆုံးချိန်ရောက်နေပြီဟု ကြားသိရချိန် စာရေးသူလည်း မနေနိုင်တော့ဘဲ ဆေးရုံကြီးဆီသို့ရောက်ခဲ့ပြန်သည်။ ခါတိုင်းကဲ့သို့ လွတ်လပ်စွာ တွေ့ခွင့်မရ တော့ဘဲ အခန်းရှေ့မှသာ ဖြတ်သန်းကြည့်ရှုခဲ့ရသည်။ လူနာသည် သံကုတင်ပေါ်တွင် ဝေဒနာကို ခံစားရင်း မျက်နှာမှာ သွေးရောင်ဖျော့ဖျော့ ဖြစ်နေလေပြီ။ စူးရှတောက်ပသော မျက်လုံးတို့က မဖွင့်နိုင်တော့ဘဲ မှိန်းနေ သည်။ ရင်နင့်ဖွယ်မြင်ကွင်းကား ထွက်သက်ကို စောင့်နေရသူကို သံခြေကျင်း၊ လက်ထိပ်လုံး၀ မဖြုတ်ဘဲ ထားရှိ ခြင်းဖြစ်သည်။ ကုသပေးသော သူနာပြုများက အစောင့်ရဲသားအား ငိုယိုကာ မေတ္တာရပ်ခံမှုကြောင့် အထက် အမိန့်ကို မစောင့်ဘဲ ချက်ခြင်း လက်ထိပ်၊ ခြေကျင်းတို့ကို ဖြုတ်ပေးခဲ့သည် မြင်ကွင်းကာ ချီးကျူးစရာပင်။ ထိုနေ့ ညမှာပင် ရှမ်းပြည်ကိုချစ်သော၊ ပင်လုံအဘိဓာန်များကို ပြောကြားခဲ့သော ဦးမြင့်သန်းသည် လူ့လောကကြီးကို ကျောခိုင်းထွက်ခွာသွားလေသည်။

၂၀၀၆၊ မေလ (၄) ရက်။

ဈာပန အခမ်းအနားကိုပြုလုပ်မည်ဖြစ်သောကြောင့် သံတွဲဆေးရုံကြီးသည် စည်ကားနေသည်။ ဖိတ်ကြားထားခြင်းမရှိသော လူထုပရိတ်သတ်ကြီးကာ တဖြည်းဖြည်းများပြားလာသည်။ သံတွဲအာဏာပိုင်များ အထိတ်တလန့်ဖြစ်ကာ လုံခြုံရေးများတိုးမြင့်ချထား၍ လူထုပရိတ်သတ်ကြီးအား အသုဘ ပို့ဆောင်ရာတွင် မလိုက်ပါကြရန် တောင်းပန်တားမြစ်ရတော့သည်။ တချိန်ထဲတွင် ထောင်မှူးဝင်းမြင့်ရောက်ရှိလာပြီး အသုဘ ပို့ဆောင်ရာတွင် အကျဉ်းဦးစီးဌာန ကားတစ်စီး၊ ကွယ်လွန်သူမိသားစုမှ ကားတစ်စီး စုစုပေါင်း နှစ်စီးသာ ခွင့်ပြု သည့် နေပြည်တော် အမိန့်စာကို ပြသပြီး တားမြစ်လေသည်။ အကျဉ်းဦးစီးနှင့်ဆေးရုံတာဝန်ရှိသူများ လိုက်ပါ သော ကားနှင့် တရားနာရန် ပင့်ဖိတ်သံဃာ ၃ ပါးနှင့် မိသားစု ကား သာလျှင် ဆေးရုံမှ သချိ ၤုင်းသို့ ထွက်ခွာ သွားလေသည်။ ကျန်ရစ်သော လူထုကြီးမှာ ဆေးရုံနောက်ကျော ကြားလမ်းမှ ဖြတ်လမ်းအတိုင်း သချို ၤင်းဆီသို့ ချီတက်သွားကြလေသည်။ အသုဘပို့ ကားနှစ်စီး ရောက်သောအခါ လူထုကြီးက ဇရပ်ပေါ်တွင် အသင့် နေရာ ယူထားပြီးဖြစ်သည်။ တရားနားပြီး မီးသဂြိ ၤုလ်ရာတွင် အမျိုးသမီးများကိုယ်တိုင် ထင်းများ သယ်မ ပေးကြသည်။ အစောင့်အကြပ်များ တားမြစ်သည့်ကြားမှ သံတွဲလူထုကြီး၏ အံမခန်းသတ္တိကြောင့် ဧည်သည့် ရှမ်းပြည်သား ဦးမြင့်သန်း ဈာပနသည် ထူးခြားစွာ စည်ကားခဲ့လေသည်။ ထိုသတင်းသည် သံတွဲသာမက ရခိုင်ပြည်တဝှမ်းပျံ့ နှံ့သွားလေသည်။
x x x x x x x x x x x x x x

လွန်စွာ တိုက်ဆိုင်မှု တစ်ခုဖြစ်ပါသည်။ သံတွဲ ငပလီဟိုတယ်တွင် ရောက်ရှိနေသော အနောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်သည် သံတွဲအကျဉ်းသား၏ ဈာပန သတင်းကို စိတ်ဝင် စား၍ စုံစမ်းလိုက်ရာ ရှမ်းပြည်မှ ဦးမြင့်သန်းဖြစ်နေသည်ကို သိရှိသွားလေသည်။ စိတ်မကောင်းစွာဖြင့် လုံခြုံရေးတပ်ဖွဲ့များအား (အသုဘ ပို့တဲ့ ပြည်သူတွေကို အတင်းအကြပ် မလုပ်ပါနဲ့) ဟု အမိန့်တော် ချမှတ်လိုက်လေသည်။

စာကြွင်း။ ။ ယင်းအဖြစ်အပျက်နောက်ပိုင်း (၃) ပတ်အကြာ စစ်တိုင်းမှူးများ ရာထူးအပြောင်းအရွေ့တွင် ရခိုင်ပြည်မှ ပြောင်းရွေ့သွားသော ရှမ်းပြည်ရောက်တိုင်းမှူး ဗိုလ်မင်းအောင်လှိုင်သည် စစ်ဘက်တွင် ရာထူးတက်သွား၍ ရှမ်းပြည်မှ ပြောင်းရွေ့လာသော စစ်တွေတိုင်းမှူး ဗိုလ်ခင်မောင်မြင့်သည် ရာထူးကျ၍ လျှပ်စစ်ဝန်ကြီး ဖြစ်သွားလေသည်။

(ဘာမဏီ-ဓညဝတီ)

No comments:

Post a Comment