Latest News

Sunday, April 12, 2020

စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းနေသော်လည်း ပုံမှန်အကျိုးအမြတ်ထက် ပိုမိုရယူထားဆဲဖြစ်

စားအုန်းဆီ ဈေးနှုန်းများ ကျဆင်းနေသော်လည်း ပုံမှန်အကျိုးအမြတ်ထက် ပိုမိုရယူထားဆဲဖြစ်

ရန်ကုန် ဧပြီ ၁၁

ရန်ကုန်စားအုန်းဆီဈေးကွက်တွင်  မတ် ၁၈ ရက်မှ ဧပြီ ၇ ရက်အထိအတွင်း  ပြည်ပမှတင်သွင်းလာသော စားအုန်းဆီ ဈေးနှုန်းမှာ  ရန်ကုန်ဆိပ်ကမ်းအရောက်  အရင်းဈေးထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ ဝန်းကျင်(ပိဿာ ၆၀၀ ပါ ဆီ တစ်တန်လျှင် ကျပ် ၁၅၀၀၀၀ ဝန်းကျင်)အထိ   ဈေးမြှင့်၍  ရောင်းချခဲ့ရာမှ   သင်္ကြန်ပိတ်ရက်များဖြစ်သော  ဧပြီ  ၁၀ ရက်မှ  ၁၉   ရက်မတိုင်မီ   ရန်ကုန်   ဆီဈေးကွက်အတွင်း ဆီအရောင်းအဝယ်မရှိသည့် ဧပြီ ၉ ရက်မှစ၍ ဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။
ရန်ကုန်ဈေးကွက်မှ နယ်သို့ကုန်ပို့နေသော ကုန်ကား ဂိတ်အများစု ပိတ်လာ၍  ဆီအဝယ်နည်းလာကာ ဈေးကျ လာခြင်းဖြစ်သော်လည်း ဧပြီ ၈ ရက်တွင် အရင်းဈေးထက် ၁၉၅ ကျပ်နှင့် ဧပြီ ၉ ရက်တွင် အရင်းဈေးထက် ၁၆၆ ကျပ် ဈေးမြှင့်၍ ရောင်းချနေဆဲဖြစ်သည်။
ကုန်စည်ဒိုင်ဈေးနှုန်းဖော်ပြချက်တွင် ဧပြီ ၆ ရက်အထိ လက်ကား တစ်ပိဿာ ၁၈၇၀ ကျပ်နှင့် ဧပြီ ၇ ရက်နှင့် ၈ ရက်တွင် ကျပ် ၁၈၂၀/၁၈၄၀၊ ဧပြီ ၉ ရက်တွင် ကျပ် ၁၇၉၀/ ၁၈၁၀ ဟု ဖော်ပြထားသော်လည်း ဈေးကွက်တွင် ယင်းဈေး နှုန်းများအတိုင်း  ဝယ်ယူ၍မရကြောင်း  မြောက်ဥက္ကလာပ မြို့နယ်မှ ကုန်စုံရောင်းချသူတစ်ဦးက ပြောသည်။
၂၀၂၀ မတ် ၃၁ ရက်အထိ နေ့စဉ် စားအုန်းဆီဈေးနှုန်း သတင်းထုတ်ပြန်ရာတွင် လက်ကားနှင့် လက်လီ ဈေးနှုန်း နှစ်မျိုးသာ ဖော်ပြခဲ့ရာမှ ဧပြီ ၁ ရက်မှ ၉ ရက်အတွင်း၌ လက်ကားနှင့် လက်လီ ပီပါဈေးအပြင် ပုံးဈေးဟု ထပ်မံ ခွဲခြားဖော်ပြလာခဲ့ကာ   လက်လီပုံး(၁၀ ပိဿာ)ဈေးသည် ပီပါ(ပိဿာ ၁၁၀)ဈေးထက်  တစ်ပိဿာလျှင်  ကျပ်  ၁၀၀ ဝန်းကျင် ဈေးမြှင့်ထားသည်။   သို့ဖြစ်ရာ အရင်းဈေးနှင့် နှိုင်းယှဉ်ပါက  ပုံးဈေးသည် တစ်ပိဿာလျှင် ဧပြီ ၂ ရက်က ကျပ် ၄၂၀ နှင့် ဧပြီ ၉ ရက်တွင် ၃၇၄ ကျပ် ဈေးမြင့်နေဆဲ ဖြစ်သည်။
ပုံမှန်ကာလများတွင် လက်ကားရောင်းဈေးသည် ဆီ ထုတ်ယူခွင့်စာရွက်(DO)  ဈေးနှုန်းအတိုင်းဖြစ်ပြီး   နယ်မှ ဆီတစ်ပီပါချင်း မှာယူရာတွင် ယင်းဈေးထက် တစ်ပိဿာ လျှင်  ၂၅  ကျပ်ဝန်းကျင်သာ   ဈေးမြင့်လေ့ရှိသည်။   ယခု ဧပြီလဆန်း နေ့စဉ် စားအုန်းဆီ‌ဈေးနှုန်း ဖော်ပြရာတွင်မူ ကွဲလွဲမှုများရှိနေသည်ဟု  နယ်မြို့များမှ  ဆီဝယ်သူအချို့က ပြောသည်။
ပြည်ပမှ  ဆီတင်သွင်းသူများအနေဖြင့်  ပုံမှန်ကာလ များတွင် အရင်းဈေးနှုန်းဝန်းကျင်သာ ရောင်းချသော်လည်း မတ် ၁၇ ရက်မှစ၍ ရန်ကုန်ဈေးကွက်တွင် ရောင်းချသည့် ပွဲရုံအချို့  ဆီအရောင်းပိတ်ရာမှ  စားအုန်းဆီ  လက်ကား ဈေးကွက်တွင် အရင်းဈေးထက် တစ်ပိဿာလျှင် ကျပ် ၃၀၀ ဝန်းကျင် ဈေးမြှင့်၍ ရောင်းချလာသည်မှာ ဧပြီ ၆ ရက်အထိ ဖြစ်သည်။
ပြည်ပမှ   ဆီတင်သွင်းရာတွင်   တစ်တန်လျှင်  ကျပ် ၁၅၀၀၀၀ ဝန်းကျင် အကျိုးအမြတ်  ရရှိလာသဖြင့်  ပြည်ပမှ စားအုန်းဆီတင်သွင်းလိုသူ  များလာရာ   ဆီတင်သွင်းရန် ဆီအသင်းမှ ထောက်ခံချက်ထုတ်ပေးသည့် စာရင်းများအရ မတ် ၂၃ ရက်က ဆီ ၆၇၃၁၀ ဒသမ ၁၀၇ တန်၊ မတ် ၃၀ ရက်က ၁၅၄၁၁ ဒသမ ၀၂၆ တန်၊ ဧပြီ ၆ ရက် စာရင်းအရ ၅၇၄၈၄ ဒသမ ၆၄၇ တန်ရှိသည်။  ရက်သတ္တပတ် သုံးပတ် အတွင်း  ပြည်ပမှ   စားအုန်းဆီတင်သွင်းရန်  ဆီအသင်းမှ ထောက်ခံချက်ထုတ်ပေးသည့်   ဆီတန်ချိန်   စုစုပေါင်းမှာ ၁၄၀၀၀၀ ဝန်းကျင် ရှိနေခြင်းဖြစ်သည်။
ပြည်တွင်းစားသုံးမှုထက် ပိုလျှံစွာ တင်သွင်းခွင့်ပြုထား ခြင်းအပြင် ရန်ကုန် စားအုန်းဆီသို‌လှောင်ကန်များတွင် ဆီများ  လက်ရှိ  ရှိနေမှုအပေါ် သက်ဆိုင်ရာက ကွင်းဆင်း စစ်ဆေး အသိပေးထားခြင်းများရှိသော်လည်း စားအုန်းဆီတင်သွင်းသူများအနေဖြင့် ပုံမှန်ရယူနေသော အကျိုးအမြတ် ထက် များစွာဈေးမြှင့်၍ ရောင်းချနေဆဲဖြစ်သည်ကို တွေ့ရ သည်။
ယင်းသို့ ရောင်းချသည့်အတွက် ပြည်ပမှ စားအုန်းဆီ တင်သွင်းသူ   လူနည်းစုအနေဖြင့်   တစ်လခန့်အတွင်း ကျပ် ဘီလျံဆယ်ဂဏန်းဝန်းကျင် ရရှိနေသလို ကိုဗစ်-၁၉ ရောဂါအတွက် အများပြည်သူ စိုးရိမ်နေရသည့် ယခုအချိန် များတွင် စားအုန်းဆီ  ဝယ်ယူစားသုံးနေရသူများအနေဖြင့်  ကျပ် ဆယ်ဘီလျံဝန်းကျင်  ငွေကြေးပိုပေး၍ ဝယ်နေရသည့် အသွင်  ဖြစ်နေကြောင်း၊   သက်ဆိုင်ရာက  စားအုန်းဆီကို အရေးကြီးကုန်စည်တစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း စားအုန်းဆီ ဈေးနှုန်းများမှာ အရင်းဈေးထက် များစွာမြှင့်၍ ရောင်းနေဆဲဖြစ်ကြောင်း ဈေးကွက် လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပြောကြားသည်။
လက်ရှိအချိန်တွင်  ရပ်ကွက်များအတွင်းရှိ  အခြေခံ ကုန်စုံဆိုင်များတွင်  စားအုန်းဆီ လက်လီ တစ်ပိဿာလျှင် ကျပ် ၂၁၀၀ ဝန်းကျင်အထိ ဈေးမြင့်စွာ ဝယ်ယူစားသုံးနေ ကြရခြင်းမှာ တင်သွင်းသူများအနေဖြင့် လက်ကားဈေးတွင် အရင်းဈေးထက်  တစ်ပိဿာ  ကျပ်  ၃၀၀  ဝန်းကျင်အထိ ဈေးမြှင့်ကာ  အကျိုးအမြတ်  ပိုမိုရယူနေခြင်း၏  အကျိုး သက်ရောက်မှုဖြစ်သည်ဟုလည်း ကုန်စုံဆိုင်ရှင်တစ်ဦးက ဆိုသည်။                                                        ခင်ဆိုင်

No comments:

Post a Comment