Latest News

Thursday, October 31, 2019

ပညာမတတ်ရင်...


သမိုင်းကို ပြန်ကြည့်
အင်္ဂလိပ်နဲ့ မြန်မာနဲ့စစ်သုံးကြိမ်တိုက်တယ်။
ပထမဆုံးတစ်ကြိမ်မှာ နှစ်ချီကြာတယ်။
ဒုတိယအကြိမ်က လပိုင်း။
နောက်ဆုံးအကြိမ်က (၁၄) ရက်နဲ့တင် ကိစ္စပြတ်သွားတယ်။
ကမန်းကတမ်း ကျွန်ဖြစ်သွားတာ။

စစ်ချီကောင်းတယ်ဆိုတဲ့ဗန္ဓုလ။
စစ်ပညာတကယ်တော်တာ ။သမိုင်းမှာ မှတ်တမ်းတင်တယ်။ရခိုင်ကနေ ဟို့ဘက် မုတ္တမဘက်မှာ သင်္ဘောတွေ ကပ်ကုန်ပြီ ဆိုတဲ့အခါကျ ရခိုင်ကနေ သိကုတ္တရကုန်းတော် အဲဒီထိအောင် ပြန်ပြီးလာလိုက်တဲ့အခါ အင်္ဂလိပ်တောင်မှ ပါးစပ်ပြဲသွားတယ်။

ဟိုမှာ သူ့ကို ရင်ဆိုင်ပြီး ထိမ်းထားပြီး ဒီကို ၀င်တာ။
ကမ္ဘာမှာ စစ်ချီတဲ့အထဲမှာ ဆုတ်စစ်ထဲမှာ လမ်းမရှိ၊ ပန်းမရှိ ခရီးထဲမှာ သွားနိုင်တဲ့ ဟာက ဟန်နီဘော်ပြီးရင် ဒုတိယဖြစ်တယ်လို့ တစ်ချို့က ဆိုတယ်။ အဲလောက်တော်တဲ့ ပုဂ္ဂိုလ်။

ဓနုဖြူမှာတိုက်တယ်။
ရွှေထီးကြီး တစ်ဝင်းဝင်းနဲ့။ အဲတော့ ဟိုကလှမ်းမြင်ရတော့ ပစ်လို့ သိပ်ကောင်းတာပေါ့ဗျာ။
ကျုပ်တို့က ဒီက သူတို့လက်နက်အကြောင်းလဲ သိပ်သိတာမဟုတ်ဘူး။ ပညာမှ မသိပဲ။

ပညာမှ မတတ်ပဲ။ အဲတော့ ထုံး..ဆိုချ။ အုံး..ဆို ကွဲတော့…သေရော။
အဲတော့ ပါးစပ်က ပြောလို့ ရှိရင်တော့ ….
သမိုင်းဆိုတာ လှအောင်ရေးရင်တော့ ရတာပေါ့ဗျာ။
ထိုစဉ်အခါက မြန်မာတို့သည် နယ်ချဲ့၏ ကျူးကျော်စစ်ကို ရွတ်ရွတ်ချွံချွံတွန်းလှန်တိုက်ခိုက်ပါသော်လည်း လက်နက်ချင်း မမျှသောကြောင့် အညံ့ခံခဲ့ရလေ၏ ဒါပေါ့။
အမှန်ကတော့ တကယ်ရေးမယ်ဆိုရင် ပညာမတတ်သောကြောင့် ကွဲခဲ့လေ၏။ ဒါပဲ။

ရိုးရိုးလေး။ အဲဒီလိုကို အတည့်တွေးပစ်ရမယ်။
ဒီဘက်ခေတ်ကြီးကျ သာဆိုးလာတယ်။ အကုန်လုံးပညာနဲ့သွားနေတာ။ အရင်တုန်းက တရုတ်ပြည်ကြီး သန်းပေါင်း (၉၀၀) ရှိတဲ့ တရုတ်ပြည်သူလူထုကြီးဟာ နာငြီး အောင်အော်ပြောခဲ့တာ။ ခုမအော်တော့ဘူး။
ဟိုက သန်းဘယ်လောက်သေချင်ပါလဲ။ အမိန့်ရှိပါ။ ခလုတ်နှိပ်လိုက်ပါ့မယ်။ ဒီလိုလာတာ။ လက်နက်တွေက။ ခလုတ်နှိပ်လိုက်တာနဲ့....ရွှီး…..….ဆို ဟိုမှာ အိမ်နံပါတ် ရှာမှန်တာ။ နောက်ပိုင်းဆိုရင် မှတ်ပုံတင်ကို မေးလာစရာ အကြောင်းရှိတယ်။

ဟိုတလောတုန်းက ပြင်သစ်ကနေ မိုင်လေးထောင်ပစ်နိုင်တဲ့ ဒုံးကျည်ထွင်လိုက်တယ်တဲ့။ နျူးကလီးယားထိပ်ဖူး ခြောက်ခုပါတယ်။ မိုင်လေးထောင်ပစ်နိုင်တယ်။ တစ်ခုတစ်ခုရဲ့ ပေါက်ကွဲမှု စွမ်းအားဟာ ဟီရိုရှီးမားမှာ ချတဲ့ အနူမြူဗုံးထက် အဆ (၁၀၀) ပြင်းတယ်…ကိုင်း. ကျွန်တော်တို့ ဗမာပြည်မျိုး တစ်လုံးထဲချလိုက်ကြည့်ပါလား.. ထုံး ဆို…ဆွမ်းသွပ်ပေးမဲ့ ဘုန်းကြီးတောင်ကျန်မှာ မဟုတ်ဘူး။ ပြီးရော ခင်ဗျား။

အဲတော့ ပြောချင်တာက…
ကျွန်တော်က ကလေးတွေကို မျက်စိပွင့်စေချင်လို့ပါ။
မင်းတို့ အနာဂတ်နိုင်ငံတော်ရဲ့ ကာကွယ်ရေးသည် ဟောဒီ တက္ကသိုလ်စာသင်ခန်းမှာ ရှိတယ်ဆိုတာ သဘောပေါက်ပါ။ ပညာမတတ်ဘဲနဲ့ ကာကွယ်လို့ ရတာမဟုတ်ဘူး။ အကုန်လုံးပညာနဲ့ စခန်းသွားနေတာ။ အဲဒီချိန်ကျမှ ကျွန်တော်တို့ ပညာသင့်ရမလား လာမေးတော့ …ဟာ….ကျွန်တော်က ဘာဆက်ပြောရတော့မှာလည်း။ နောက်တစ်ခါ ကျွန်ဖြစ်ဖို့ ကမန်းကတမ်း ကြိုးစားနေတာလားလို့ပဲ မေးရတော့မယ်။

ခုဥစ္စာက စစ်တိုက်ပြီးကျွန်ဖြစ်တဲ့ ခေတ်မဟုတ်တော့ဘူး။ စစ်မတိုက်ပဲ ကျွန်ဖြစ်တဲ့ခေတ်။ အခုနယ်ချဲ့တယ်တို့ဘာတို့ ဆိုတာတွေ.. ဒီစကားတွေက အောက်နေပြီ။ ဘယ်သူမှ မချဲ့တော့ဘူး။ ဘယ်ကောင်ကမှ ဘယ်ကောင့်ကို ပြည်နယ်ကို မသိမ်းဘူး။

ဗမာပြည်ကို အင်္ဂလိပ်က သိမ်းခဲ့တယ်။ ဘာဖြစ်လို့လည်း။ ကျွန်းသစ်၊ ရေနံ ဆန်ရေစပါး လိုချင်လို့။ ဂျပန်ကလည်းဒါလိုချင်လို့ သိမ်းခဲ့တယ်။ အဲဒီပြည်သိမ်းရတော့ တိုင်းပြည်ကို အုပ်ချုပ်ပေးဖို့ ဘာလုပ်ဖို့ စတဲ့တာဝန်တွေ ရှိသေးတယ်။ အခုဥစ္စာကဘာလိုချင်တာတုန်း။ လိုချင်တဲ့ဟာ ရပြီးနေတဲ့ ဥစ္စာ။

စစ်တိုက်ပြီး သိမ်းလိုက်တော့ ကျည်ဆံကုန်တယ်။ ဖခုံးအောင့်တယ်။ ခြေထောက်ညောင်းတယ်။ နာမည်ပျက်တယ်။ ဘာလုပ်ချင်တုန်း။ ဗမာပြည်လှမ်းကြည့်လိုက်တယ်။ ဗမာပြည်ကျွန်းသစ်ကလေးမဆိုးဘူး။ ဒီကောင်တွေ ဘာမှလည်း ပညာမတတ်ဘူး အလုံးလိုက်ရောင်းတဲ့ကောင်တွေ။ ရော့ မော်တော်ကားမလုပ်တတ်တဲ့ကောင်တွေ။ ရော့ ဟိုင်းလတ်ကားတစ်စီး။ ပေးစမ်း သစ် ဘယ်နှစ်တန်ဆိုပြီးပေးလိုက်။ မယူစရာကို မရှိဘူး။ ခြေသလုံးဖက်နေတာ။

စပါးလေး ပေါ်ဆန်းမွှေးလေး…နည်းနည်းတော့ယူလိုက်ဦးမှပဲ။ ဒီကောင်တွေတီဗီမလုပ်တတ်ဘူး ရော့ တစ်လုံး။ ပေးစမ်း စပါးဘယ်နှစ်တင်း..ပေးလိုက်။ ဗမာကလျှောက်ပြောတယ်။ ကျွန်တော်တို့ တောင်သူလယ်သမားဦးကြီးတွေက ဖင်ထဲ ရွံ့တစ်ခွဲသားဝင်လောက်ရတယ်။ ၀င်ပေါ့ ပညာမှ မတတ်ပဲ။ ဘယ်တတ်နိုင်ပါ့မလည်း။ ပညာမတတ်ခံရမှာ ချည့်​ပဲ။

(‌ဆရာကြီးဦးအောင်သင်း၏ဟောပြောချက်မှ)

No comments:

Post a Comment