Latest News

Tuesday, June 11, 2019

ဒေါ်အောင်ဆန်းစုကြည် ၏ ဟန်ဂေရီ ခရီးစဉ် အပေါ် အနောက်တိုင်း မီဒီယာ များ ၏ ဝေဖန်မှုများအား တရုတ် သတင်းစာ ခုခံ ကာကွယ်ပြီ


ထိုကိစ္စ နှင့် ပါတ်သက်၍ ဇွန်လ ၁၁ ရက်နေ့ထုတ် တရုတ် အစိုးရ ၏ ဂလိုဘယ် တိုင်းမ် သတင်းစာမှ အောက်ပါအတိုင်း ရေးသားခဲ့တာ တွေ့ရပါတယ်။

ဥရောပ သတင်း မီဒီယာ များသည်က ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ် သမ္မတ အီမန်ညူရယ် မာကရွန် နှင့် ဂျာမဏီ အဓိပတိ အင်ဂျဲလာ မာကယ် တို့အား မတွေ့ဆုံပဲ ဟန်ဂေရီ၏ လက်ယာ ပေါ်ပြူလစ် ခေါင်းဆောင် ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်း အား တွေ့ဆုံခဲ့သည့် အတွက် စိတ်လက် မချမ်းမသာ ဖြစ်နေကြသည်ဟု ဂျာမန် ရုပ်မြင်သံကြား ချန်နယ် Deutsche Welle (DW) က ထုတ်လွှင့်ခဲ့သည်။

လူများ ရွှေ့ပြောင်း ၀င်ရောက်မှု နှင့် နှစ်နိုင်ငံ စလုံး ရင်ဆိုင်နေရသည့် ကြီးထွားလာနေသော မူဆလင် လူဦးရေ ၏ စိမ်ခေါ်မှုများ ဟု ဒေါ်အောင်ဆန်းစုကြည် မှ ပြောသည်ဟု ဆိုခြင်းသည် အဓိပ္ပါယ် ကင်းမဲ့လှသည်ဟု "In cozying up to Orban, Suu Kyi falls even farther from grace," ဟု ခေါင်းစဉ် ဖြင့် ဝေဖန်ထားခြင်း ဖြစ်သည်။

သို့ဆိုက အနောက်နိုင်ငံ မှ အမိန့်ကို နာခံပြီး တွေ့ဆုံခဲ့သူများသာဆိုက တင့်တယ်သည်ဟု ဆိုလိုခြင်းလော၊ သူမ တွေ့ဆုံလိုသူ နှင့် တွေ့ခြင်းသည် သူမ ၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ပင် မဟုတ်ပါလော၊ ဒေါ် အောင်ဆန်းစုကြည်အား နိုဘဲလ် ငြိမ်းချမ်းရေး ဆု ချီးမြှင့် ပြီးချိန်ကစပြီး ဥရောပ သည် သူမအနေဖြင့် ၎င်းတို့၏ ရုပ်သေးရုပ်လို ပြုကျင့်သွားလိမ့်မည်ဟု အဘယ်ကြောင့် များ မျှော်လင့်နေရပေသနည်း။

မြန်မာသည် တကယ်တမ်း တွင် ဒုက္ခသည် ပြဿနာ ကို ရင်ဆိုင် ဖြေရှင်းနေရသည်။ ထိုအချိန်တွင် အနောက်တိုင်း မီဒီယာ များ က ရိုဟင်ဂျာ ပြဿနာ ကို ပုံကြီးချဲ့ ပြောဆိုလာနေကြသည်။ ထိုအရေးသည် လူမျိုးစု ခြင်း ပဋိပက္ခ နှင့် နိုင်ငံတကာ မှ ၀င်ရောက် စွက်ဖက်လာမှုများကြောင့်သာ ဖြစ်လာခဲ့ရသည်။ ပို၍ အဓိက ကျသည့် အကြောင်းရင်းက အကြမ်းဖက် သမားများ ထိုးဖေါက်လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။

ထိုပြဿနာ အား နေပြည်တော် မှ နိုင်ငံတွင်း အမှန်တကယ် တည်ရှိနေသော အခြေအနေများ ပေါ် မူတည်ပြီး ဖြေရှင်းသွားမည်သာ ဖြစ်သည်။ မြန်မာ အစိုးရ၏ ဒုက္ခသည် မူဝါဒ အပေါ် စွပ်စွဲပြောဆိုနေကြခြင်း ဖြင့်သာ အချိန်ကုန်ပြီး အဆိုပါ ပြဿနာ ကို မည်သို့ ဖြေရှင်းရမည်ဆိုသည်အပေါ် ပြည့်စုံလုံလောက်သည့် အကြံပေးချက်များ လည်း ပြောဆိုခဲ့ကြခြင်း မရှိပြန်ပေ။

ဥရောပ ကိုယ်၌ ကပင် မူဆလင် ရွှေ့ပြောင်း ၀င်ရောက်လာသူများ အတွက် ခေါင်းခဲနေရသည်မဟုတ်ပါလား။ ၎င်းတို့ ကုန်းမြေကြီးပေါ် ရောက်နှင့်နေကြပြီး ဖြစ်သော မူဆလင် ရွှေ့ပြောင်းဝင်ရောက်လာသူများသည် အမျိုးမျိုး သော အကြောင်းများကြောင့် ဥရောပ လူ့ဘောင် အဖွဲ့အစည်းကြီးနှင့် အံဝင်ဂွင်ကျ ဖြစ်မလာခဲ့ပေ။

လက်ဝဲ သမား များ နှင့် လစ်ဘရယ်များက လူမျိုးစုံ ပါဝင်သော လူ့ဘောင်အဖွဲ့အစည်းကြီး ဆိုသည့် စကား အား နိုင်ငံရေး လျော်ကန်မှု အဖြစ် သတ်မှတ်ထားကြသည်။ ထိုသို့ ခံယူထားသော် ငြားလည်း သူတို့ကိုယ်တိုင်ပင် လူမျိုးရေး ပဋိပက္ခများ၊ အကြမ်းဖက် သမားတို့၏ ခြိမ်းခြောက်ရန်ပြု မှုများ နှင့် ပျားပန်းခပ်မျှ အလုပ်ရှု့ပ် နေကြပြန်သည်။ ထို့အတွက် လက်ယာ ပါတီများက တံခါးဖွင့် မူဝါဒ အပေါ် ဝေဖန် ရှုတ်ချလာခဲ့ကြသည်။

အဆိုးဆုံးကား မူဆလင် ဆန့်ကျင်ရေး အမုန်းတရားများက ပေါ်ပြူလစ် နိုင်ငံရေး သမားများ အကြားတွင် ပေါ်ထွန်းလာခဲ့ခြင်းပင် ဖြစ်သည်။

ထို့အတွက်လည်း ဥရောပ လူ့ဘောင် အဖွဲ့အစည်းကြီးသည် အကွဲအပြဲများ နှင့် ကြုံလာရပြီး နိုင်ငံရေး အမြင် အမျိုးမျိုး ထွက်ပေါ်လာနေသည်ကို ကြားနေရသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။ ဥရောပ အနေဖြင့် မိမိတို့ ရပ်တည်ချက် ကို စွဲကိုင်ပြီး အခြားလူများ အား တိုက်ခိုက်နေမည့် အစား အဆိုပါ အကွဲအပြဲများကို ပေါင်းကူးပေးနိုင်ရန် ကြိုးစားသင့်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း အချို့သော ဥရောပနို်င်ငံများတွင် ဘာသာရေး လွတ်လပ်ခွင့် အား ကာကွယ်ပေးနိုင်ရန် နှင့် ငြိမ်ဝပ်ပိပြားရေး အကြား ထိမ်းညှိပေးနိုင်မည့် ဆိုင်ရာ ဆိုင်ရာ နည်းဥပဒေများကို ပြဌာန်းလာခဲ့သည်။ မည်သို့ မည်ပုံ လုပ်ဆောင်ရမည်ကို အတိအကျ ကိုးကားနိုင်မည့် ပြဌာန်း စာအုပ်မျိုးကား ရှိမည် မဟုတ်ပေ။ ဥရောပ ရှိ လက်ဝဲသမား များ နှင့် လစ်ဘရယ် တို့ ၏ တန်ဖိုးထားမှုများသည် တကမ္ဘာလုံး အတိုင်းအတာ ဖြင့် မှန်ကန်သည့် မှတ်ကျောက်များလည်း မဟုတ်ပေ။

အဆိုပါ ပဟေဠိ ကြီးအား မည်သို့ မည်ပုံ ဖြေရှင်းရမည် ဆိုသည်ကား ယခုအချိန်တွင် အရေးပါဆုံးသော တာဝန်ကြီး တရပ်လည်း ဖြစ်လာနေပေသည်။ ၎င်းတို့ အခေါ် နိုင်ငံရေး အရ လျှော်ကန် သင့်မြတ်မှု ဆိုသည်ကို လက်ကိုင်ထားပြီး စိတ်ဓါတ် နှင့် ကျင့်ဝတ် ကို မြင့်မားစွာ ထားရမည် ဆိုသည့် အယူအဆကြောင့် ဥရောပတွင် ပြဿနာ များ ဆက်လက် ဖြစ်ပေါ်နေဦးမည်သာ ဖြစ်သည်။ ထို့အတွက် လူမျိုးရေး ပဋိပက္ခများ နှင့် ရင်ဆိုင်နေရသော နိုင်ငံများနှင့် ပူးပေါင်းပြီး အဖြေရှာသင့်သည်။

ဤနေရာတွင် ဥရောပသည် ကျောင်းဆရာ တယောက်မဟုတ်ပဲ စာသင်သား ဘ၀ သာ ရှိနေပေသေးသည်။
လှစိုးဝေ

No comments:

Post a Comment