Latest News

Tuesday, June 18, 2019

လေးဆယ့်ငါးနှစ်အရွယ်လူငယ်တွေ


အပိုင်း(၁)

နာကျင်ရလွန်းလို့ 
မနာကျင်နိုင်တော့တဲ့ တစ်နေ့ 
ဒီကဗျာ ရေးမယ်လို့  "တေး" ထားခဲ့တယ်

က.ပ.ရ ရဲ့ ကုန်ကားကြီးပေါ်
လူနှစ်ဆယ်ကျော် တင်ခေါ်သွားတဲ့နောက်
တောက်လျောက် ပြေးလိုက်ရင်း
သူတို့  ဆိုတဲ့ "ကမ္ဘာမကြေ"သီချင်းကို
မျက်ရည်စက်လက်နဲ့ 
လမ်းမပေါ် လိုက်ကောက်နေခဲ့တဲ့
ချိ နဲ့ နဲ့  ဆယ်တန်းကျောင်းသား တစ်ယောက်ဟာ
လက်သီးကို သွေးထွက်အောင် ဆုပ်ထားရင်း
ချစ်သူများနဲ့  စတင်ခွဲခွါရ
လူငယ်ဘဝကို စ ခဲ့တယ်

ဖွင့်လိုက်ပိတ်လိုက် ဖြစ်ဖြစ်နေတဲ့
ကျောင်းတံခါးရွက်တွေကြားမှာ
ညည်းတွားနာကျင်နေတဲ့ အိမ်မြောင်တစ်ကောင်တလေတွေ
အသက်မသေတာ
ကမ္ဘာမကြေရဲ့ ကျေးဇူးဆိုပါတော့

ကျနော်တို့  ဟာ
နာကျင်စွာ ရယ်မောတတ်ခဲ့တယ်

ဂစ်တာ တီးတတ်ခဲ့တယ်

အမှောင်ခေတ်ရဲ့ အမှတ်အသား
မူးယစ်ဆေးဝါး ငြိခဲ့တယ်

ထူးအိမ်သင်ရဲ့
နာရီပေါ်က မျက်ရည်စက်များကို
မူးမူးနဲ့  လမ်းထိပ်မှာအော်ဆို
ကျနော်တို့  ရဲ့ငိုသံတွေ
ထောင်ထဲကသူငယ်ချင်းများ ကြားမယ်ထင်ခဲ့တယ်

အကြိမ်ကြိမ်ဖြေရတဲ့ ဆယ်တန်းမှာ
အတော်များများ အောင်ကုန်ကြတာပေါ့

ဆက်တက်စရာ တက္ကသိုလ်တွေ မဖွင့်တော့
တချို့  က ကျောက်တွင်းတွေဆီ
တချို့  က တောရွာများရဲ့ ကျောင်းဆရာ
တချို့  ကတော့ အကိုအမတွေနောက်
ထောင်ထဲအထိ ရောက်အောင်သွားပြီး
သွေးတွေကို သုတ်ပေးနေခဲ့တယ်

ဒီလိုနဲ့ 
ကျောင်းတွေပြန်ဖွင့်တော့
ခွေးကအစ ဘွဲ့  ရတဲ့ခေတ် ရောက်တာပါပဲ

ကျနော်တို့  လည်း
မိဘတွေရဲ့ ဧည့်ခန်းမှာ ချိတ်ဖို့ 
ဘွဲ့  လက်မှတ်တွေ
ထောင်ထဲက သေစာရင်းတွေ ယူပေးခဲ့ရတယ်
မသေသေးတဲ့လူငယ်တွေလည်းသေနေခဲ့ရတယ်

ရယ်တော့ရယ်ရတယ်ဗျ
ထောင်မကျရင် အိမ်ထောင်ကျတဲ့ခေတ်မှာ
ဘာလုပ်ကျွေးရမှန်းမသိပဲ
အကုန်လုံး တိုးလို့  တွဲ လွဲ ပေါ့

ညည အလင်းဆိုင်တွေမှာ
မတော်မတည့်တွေ ပြောပြောပြီး
ရယ်မောနာကျင်ကြ
တစ်ယောက်ပိုက်ဆံတစ်ယောက် ဆွဲ သုံးကြ
ဘယ်သူမှပြန်မပေးနိုင်တော့ ရန်ဖြစ်ကြ
ပြီးတော့ ပြန်ခေါ်ကြ
ခိုးစားမှချမ်းသာမယ့် ခေတ်ထဲမှာ
ကျတော်တို့ 
ရိုးသားစွာ ငတ်မွတ်ခဲ့
သိက္ခာရှိစွာ ဆင်းရဲခဲ့ကြတယ်

အဲဒီလို
လူငယ်အရင့်အမာကြီးတွေဟာ
လေးဖြူရဲ့ ထွက်ပေါက်များကို
ဒေါသတကြီး လိုက်ဆိုရင်း
သေနတ်ပစ်သလို ကဗျာရေးတတ်ခဲ့
စစ်တိုက်သလို ပန်းချီဆွဲတတ်ခဲ့ရတယ်

တဝက်ကျော်ကျော်သေကုန်မှတော့
ကျန်တဲ့သူချင်း ပိုမိုချစ်တတ်ခဲ့ကြတယ်

မငတ်ရုံ နေ
မသေရုံ စား
သွားကြားထိုးတံ မလိုတဲ့ခေတ်ပေါ့ဗျာ

အိမ်ထဲမှာလည်း မလုံခြုံတော့
ညများစွာ
လူငယ်အားလုံးဟာ
လမ်းပေါ်မှာ
ဆေးရုံမှာ
ရဲစခန်းမှာ စသည်ဖြင့်ပေါ့

အလင်းဆိုင်တွေလည်း ပေါမှပေါ
ဒုတိယအိမ် တို့  အရိပ်စစ် တို့ 
နားခိုရာ တို့  ဆုံစည်းရာ တို့ 
အဲသလိုမျိုးဆိုင်တွေ သိပ်စည်တာပါပဲ

စကားတွေလည်း ပြောမကုန်ဘူးဗျ
အင်္ဂတေဖြစ်သွားတဲ့
သူငယ်ချင်းတစ်ယောက်ရဲ့  ခြေထောက်တွေအကြောင်း
ပါးစပ်ထဲမှာ သွားတွေမရှိတော့တဲ့အကြောင်း
ဟိုတစ်ယောက် ရူးသွားတဲ့အကြောင်း
ဟိုကောင်မလေး ဟိုဟာဖြစ်သွားတဲ့အကြောင်း
များသောအားဖြင့်တော့
လက်သည်မပေါ်တဲ့အကြောင်းတွေချည်းပါပဲ
ဝါးခနဲ ရယ်သံမှာ မျက်ရည်တွေနဲ့  ပါ

ဆိုဗီယက်ဟာသတွေပြောပြောပြီး
အူတက်အောင် ရယ်မောနေခဲ့တဲ့
ကျနော်တို့  ရဲ့ အဲဒီတုန်းက အိပ်မက်ဟာ
မနာကျင်ပဲသေလို့  ရမယ့် နည်းလမ်းပဲဗျ

ပျော်ချင်ဟန်ဆောင်ထားရတဲ့ နှစ်များမှာ
မြို့မငြိမ်းအကြောင်း ရှာ ဖတ်
ကက်ကိုဘိန်းအကြောင်း ရှာ ဖတ်
ချေဂွေဗာရာအကြောင်း ရှာ ဖတ်
ကျနော်တို့  မသေတတ်ခဲ့ပါဘူး လေ

အပေါင်းအသင်းမက်တဲ့ခေတ်ဗျ
လမ်းပေါ်မှာ
စစ်ကြောရေးမှာ
ထောင်ထဲမှာ
ဆေးရုံမှာသေသွားတဲ့ အကိုအမတွေအကြောင်း
တစ်ယောက်တည်းတွေးမနေရဲလောက်အောင်
ရှက်ရွံ့  စွာ
နာကျင်စွာ
မလုံခြုံစွာနဲ့ 
တစ်ယောက်ကိုတစ်ယောက် လိုက်ရှာရင်း
အပေါင်းအသင်းမက်ခဲ့ရတဲ့ ခေတ်ပါ

တစ်ခါတလေ
ပုခုံးချင်းဝင်တိုက်မိတာလေးနဲ့ 
လူချင်းရိုက်ကြတဲ့အထိ
ဒေါသတွေလည်းဖြည့်သိပ်ထည့်ခံထားခဲ့ရပါတယ်

ကျနော်တို့ 
တကယ် မကျေနပ်ခဲ့ကြတာက
ကိုယ့်ကိုယ်ကို တွေပါ

ဒီလိုနဲ့ 
ကျနော်တို့  ကဗျာတွေနဲ့  ပစ်ဖေါက်ကြ
ပန်းချီတွေနဲ့  တိုက်ခိုက်ကြရင်း
ကျနော်တို့  မလိုချင်တဲ့ အရှူံးတွေ
ကြုံးကြုံးယူခဲ့ကြရတယ်

ကျနော်တို့  ဟာ
အနုပညာဓါတ်သားထဲမှာ
တငွေ့ ငွေ့  တလက်လက်
အသက်ဆက်နေတဲ့ ပိုးစုန်းကြူးတွေပါ

သေခြင်းထက် ပိုမိုနာကျင်ခဲ့ကြသူတွေပါ

ထုံနာကျင်နာစွဲခဲ့တယ်
အပျင်းထူတယ်
အပေါင်းအသင်း မက်တယ်
မူးယစ်ဆေးဝါးကြိုက်တယ်
မအောင်မြင်မှုဟာ ကျနော်တို့  အမှတ်အသားပေါ့
ကြောက်ရွံ့ မှုဟာ ကျနော်တို့  အမှတ်အသားပေါ့
အရာရာကြောက်ရလွန်းတော့လည်း
ဘာမှမကြောက်တတ်တော့ဘူးပေါ့

ဒီလိုနဲ့ 
ခရေတွေလို တဖြုတ်ဖြုတ် ကြွေကုန်ကြ
ဒီလိုနဲ့ 
ပုလဲသီတကွဲစီ
ဒီလိုနဲ့  ပဲ
လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေ ဖြစ်လာခဲ့ကြရပါတယ်

အဲဒီနှစ်များအကြောင်း
ဘယ်သူမှ ပြန်မပြောချင်ကြတော့တဲ့
လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေပါ

ကျနော်တို့  ဟာ
အတွင်းကြေ ကြေနေတဲ့
ရင်ကွဲနာ ကျနေတဲ့
ရင်ခွဲပြရုံပဲကျန်တော့တဲ့
မအောင်မြင်ခဲ့တဲ့ မျိုးဆက်ပါ

အစတေးခံတွေပါ

အခု
အားလုံးမြင်နေရတဲ့
အနာဂတ်အလံတော်ရဲ့ အနီရောင်ဟာ
မျိုးဆက်တစ်ခုလုံးရဲ့ သွေးတွေပါ

အဖြူရောင်ကြယ်ကတော့
ကျနော်တို့  ရဲ့  အနုပညာပေါ့

ဥာဏ်ပညာကို ခိုးဝှက်ခံထားရတဲ့ ခေတ်မှာ
ကျနော်တို့  လူဖြစ်ခဲ့ကြရပါတယ်

ကျေနပ်ပါတယ်ဗျာ
ကျနော်တို့  နဲ့  ထိုက်တန်တဲ့ဒဏ်ရာတွေအတွက်
ကျနော်တို့  ကျေနပ်ပါတယ်

အသက်မသေပဲ ကျန်ရစ်ခဲ့တဲ့ ကျနော်တို့  ဟာ
သေသွားတဲ့ အကိုအမတွေရဲ့  ကိုယ်စား
ဘိုးဘိုးအောင်ရဲ့  ဝလုံးများပါ

တန်ဘိုးမဲ့မှုကိုပဲ
တန်ဘိုးထား အသက်ရှင်နေရတဲ့
လေးဆယ့်ငါးနှစ်သားတွေပါ

နာကျင်ခဲ့ကြရလွန်းလို့ 
မနာကျင်နိုင်ကြတော့တဲ့
လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေပါဗျာ။ ။

အပိုင်း(၂)

ဒီတစ်ခါတော့
ရယ်စရာတွေပြောချင်တယ်

အဲဒီနှစ်များမှာ
ဟာသကိုရှာဖွေတွေ့ ရှိခဲ့မှုဟာ
ကျနော်တို့  အတွက်တော့
ဘုရားပေးတဲ့ နှစ်သိမ့်ဆုပါပဲ

၈ တန်းမအောင်တာ
ချမ်းသာဖို့ဖြစ်သွားတဲ့သူငယ်ချင်းအကြောင်း
ကတုံးရှိတ်တစ်မျိုးတည်းညှပ်တတ်တာ
အဲဒီဆံသဆရာ သူဌေးဖြစ်သွားကြောင်း
မင်းအောင်လက်မှတ်တွေဘာလုပ်ရမှာတုန်းဆိုလို့ 
အသာအယာလှည့်ပြန်ခဲ့ရတဲ့အကြောင်း
ငါတို့က စီးပွားရေးလုပ်တာ
သုံးစွဲသူကိစ္စ ငါမသိဘူးဆိုတဲ့
မူးယစ်ရာဇာတစ်ယောက်အကြောင်း
ရန်ကုန်ကကျောင်းသားတွေက ကလေးမှာ
ကလေးကလူတွေက အင်းစိန်မှာ
မေမြို့ကပုန်ကန်မှုအတွက်
မော်လမြိုင်က အဆင်သင့် ဆိုတာမျိုး
လှည်းကျိုးတဲ့အထိ ရယ်ရတယ်

ဆိုင်းဘုတ်တွေပေါတဲ့ခေတ်
ဆောင်ပုဒ်တွေများတဲ့ခေတ်ဗျ

ကျနော်တို့အားလုံး
ဥပဒေဘောင်အတွင်း နေထိုင်ခဲ့ကြရပါတယ်
ဘေးမကင်း ရန်မကွာ
အလွန်မချမ်းသာစွာနဲ့ပေါ့

ကြက်ဆူစိုက်ဧရိယာတွေပေါင်းတော့လည်း
နိုင်ငံဧရိယာထက် ကျော်သွားခဲ့ပါတယ်
သစ်လုပ်ကွက်ပါမစ် တစ်စောင်တည်းနဲ့
တစ်တောလုံးကုန်အောင် ထုတ်သွားကြတာတွေနဲ့
တယ်လီဖုန်းကြီး ခါးမှာချိတ်
ဟိတ်ဟန်များတဲ့ လူဝကြီးတွေကို
ငေးမောမင်တက် ကြည့်ခဲ့ရပါတယ်

ရပ်ကွက်ထဲကကောင်မလေးတွေလည်း
အကုန်လုံး ဗိုလ်စားပဲတွေချည်းပါပဲ

ကျနော်တို့လည်း
သီချင်းတွေနဲ့ ဖေါက်ခွဲ
ကဗျာတွေနဲ့ ပေါက်ပြဲကုန်ကြတာပါပဲ

လူကြီးတွေကတော့
အစိုးရတီဗီရှေ့မှာ အစိမ်းရောင်တွေဟပ်နေချိန်
ကျနော်တို့ကတော့
အမှောင်ရိပ်မှာ ရောင်စုံအနုပညာတွေနဲ့ပေါ့

ဒီလိုနဲ့
အရှိတရားထက်
ပိုမိုကြောက်မက်ဖွယ်တွေရှာဖတ်ခဲ့
ဥပမာ ပလိပ် လိုမျိုး
လက်တွေ့ ဘဝထက်
ပိုမိုလွတ်မြောက်အောင် လိုက်ရှာခဲ့
ဥပမာ တော်တီလာဖလက် လိုမျိုး
အဲဒီလိုမျိုး
ကျနော်တို့ ခိုးထွက်ခဲ့ရတယ်

စာပေနဲ့အနုပညာဟာ
ကျနော်တို့ အရက်မသောက်တဲ့အခါ
ကျနော်တို့ မော့သောက်ခဲ့တဲ့ ကြယ်တွေပါ

အသေးအဖွဲလေးတွေကို
ပုံကြီးချဲ့  ပျော်ရွှင်ရင်း
ကျနော်တို့ရဲ့သက်ပြင်းတွေကို
ရယ်စရာတွေနဲ့ ဖွင့်ဖေါက်ရင်း
ကျည်ဆံတွေကို ကြည့်ရှောင်ရင်းပေါ့ဗျာ

တကယ်တော့
ကျနော်တို့က သရုပ်ဆောင်တွေဗျ
အဲဒီနှစ်များမှာ
သားမရှိတဲ့အိမ်ကို သား သွားလုပ်
အဖေမရှိတဲ့အိမ်မှာ အဖေ လုပ်
အကိုနေရာ
မောင်လေးနေရာ
ဦးလေးနေရာ စသည်ဖြင့်ပေါ့
သွားဆိုးကြ
ဆိုဆုံးမကြ
အိမ်အမိုး တက်မိုးပေးကြ
မြောင်းတူးပေးကြ စသည်ဖြင့်ပေါ့
ကျနော်တို့ဟာ
လစ်ဟာမှုတွေ နိုင်သလောက်ဝင်ဖြည့်ကြ
မိသားစုများစွာမှာ
မိသားစုဝင်တွေ ဖြစ်ခဲ့ကြရတယ်

ကျနော်တို့ ထုတ်ဖေါ်မပြောရဲတဲ့
ကျနော်တို့ရဲ့ သူရဲကောင်းတွေနဲ့အတူ
ကျနော်တို့ ကြီးပြင်းလာခဲ့ကြရတယ်

ပျော်စရာနည်းနည်းလေးကိုခွဲဝေသုံးစွဲရင်း
ဒုက္ခတွေအများကြီးကို ခါးစည်းခံခဲ့ကြရတယ်

အဖိတ်အစင်
အကြွေအလွင့်
အသေအပျောက် များတဲ့ခေတ်ပါပဲ

ကျင်းပခွင့်သာ ရ ခဲ့ရင်
နေ့စဉ်နေ့စဉ်ဟာ
အမှတ်တရနေ့များ
နှစ်စဉ်နှစ်စဉ်ဟာ
နှစ်ပတ်လည်နေ့တွေချည်းပါပဲ
မြို့တိုင်းမြို့တိုင်းရဲ့
လမ်းဆုံလမ်းခွတိုင်းမှာ
ကျနော်တို့မျိုးဆက်ရဲ့
သွေးတွေ
ချွေးတွေ
ဘဝတွေ
အိပ်မက်တွေ
အနာဂတ်တွေ
အနုပညာတွေ ကျပျောက်ခဲ့ရတယ်

မိသားစုဝင်တွေဆုံးရှုံးခဲ့ရတယ်

အခုမြင်တွေ့ နေရတဲ့
လေးဆယ့်ငါးနှစ်အရွယ်တွေဟာ
မသေလို့တွေ့ ရ မေ့နိုင်ပါရိုးလားတွေချည်းပဲဗျ

ဒါကြောင့်
ကျနော်တို့ အသက်တွေထဲကနေ
အဲဒီမဲ မှောင်တဲ့သက္ကရာဇ်များကို နှုတ်လိုက်ရင်
အားလုံးဟာ
နှစ်ဆယ်ကျော် အစိတ်ပိုင်းတွေချည်းပါပဲ

ကျနော်တို့ဟာ
ကျနော်တို့သဘောမတူတဲ့နှစ်တွေ
ကျနော်တို့ အလိုမတူတဲ့သက္ကရာဇ်တွေ
ကျနော်တို့ရဲ့
အနာအကျင်
အကြေအမွ
အကြွေအလွင့်တွေထည့်ပေါင်းထားတဲ့
လေးဆယ့်ငါးနှစ်သားတွေပါ

သမိုင်းမတွင် နတ်မဝင်တဲ့
လေးဆယ့်ငါးနှစ်အရွယ်လူငယ်တွေပေါ့ဗျာ။ ။

အပိုင်း(၃)

ထောင်ထဲက
ဆိပ်ဖလူးပန်းတွေလည်း
သိပ်မွှေးတာပဲ မေမေ တဲ့

စာတိုလေးတစ်စောင်ကို ဖတ်ပြီး
ခြေတွေလက်တွေ ပြတ်သွားသလိုမျိုး
ကျနော်တို့  အော်ဟစ်ငိုယိုခဲ့ကြရဖူးတယ်

ကျနော်တို့  စိတ်တွေက ထောင်ထဲမှာ
ထောင်ထဲကလူတွေရဲ့စိတ်က ကျနော်တို့  ဆီမှာ
ဘယ်လိုကျိန်စာမျိုးပါလိမ့်

ဘာပဲဖြစ်ဖြစ်
ကျနော်တို့  ဟာ
တစ်ယောက်ဒဏ်ရာတစ်ယောက် စာနာ
တစ်ယောက်ခန္ဓာတစ်ယောက် ညှာတာခဲ့ကြ
တစ်ယောက်ဝမ်းစာတစ်ယောက် ထမ်း ရှာ
တစ်ယောက်ငိုရင်တစ်ယောက် စိုခဲ့ကြ
တစ်ယောက်သွေးကိုတစ်ယောက် ဆေးပေးရင်း
တစ်ယောက်ရောဂါတစ်ယောက် နာခဲ့ကြ
တစ်ယောက်အိပ်မက်တစ်ယောက် ချစ်ခဲ့ကြပါတယ်

အသက်ကို ခက်ခဲစွာ မွေး လို့ 
ခန္ဓာကို ခက်ခဲစွာ မြူ လို့ 
မသေအောင် နေနည်းနဲ့အတူ
ဒယီးဒယိုင်ရှေ့ဆက်တက်ခဲ့ကြ
မှုံပျပျ အလင်းရောင်လေးတစ်စဆီကိုပေါ့

အိပ်မက်ဆိုးဟာ ရှည်လျားလွန်းပါတယ်

အနုပညာနဲ့ တံတားထိုးထားရတဲ့
ခြောက်ခြားဖွယ် နှစ်ကာလများပါပဲ

အဲဒီခေတ်က အစိုးရနဲ့ အပြိုင်
ကျနော်တို့ဟာ
အနုပညာ တံတားအစင်းစင်းထိုးထားခဲ့ကြတယ်

ရိုင်းစိုင်းကြမ်းတမ်းပြီး မဲမှောင်တဲ့
လက်တွေ့  ဘဝမြစ်ပြင်ကျယ်ကြီးထဲကနေ
အဲဒီတံတားတွေအပေါ်
ကျနော်တို့  ဟာ
အကြိမ်ကြိမ် ကုတ်ကပ်တွယ်တက်ကြ
အကြိမ်ကြိမ် ပြန်လည်ပြုတ်ကျကြနဲ့ပေါ့

တချို့  လည်း
ပြင်းထန်တဲ့ ခေတ်ရေစီးအောက်
တစ်လိမ့်ခေါက်ကွေး
တချို့  လည်း
နှစ်ရှည်ထောင်ဒဏ်တွေကြား
ပန်းပန်ထားတဲ့ ဗေဒါပျံတွေပေါ့

အဲဒီဗေဒါပျံတွေရဲ့
ထောင်တွင်းဆန်တက်ပုံတွေ
ပျံတက်ကြပုံတွေကလည်း
ကျနော်တို့  အသည်းနှလုံးမှာ
ကျွဲပုခုံးထစေတဲ့
ခေတ်ရဲ့တက်တူးတွေပါပဲ

ငရဲခန်းထဲကို
အစွဲအလမ်းတွေ ထည့်သွင်းပွင့်လန်းခဲ့ကြတယ်

သူတို့  အစာ အငတ်ခံလိုက်ရင်
ထောင်ထဲမှာတီဗွီ ကြည့်ခွင့် ရခဲ့ကြ
သူတို့  တိုက်ပိတ်ခံရရင်
ထောင်တွင်းစာကြည့်တိုက်တွေ ပွင့်ပြီလေ

အမေကမွေး ထောင်ကကျွေးနေတဲ့
ငါးဆယ့်လေးနှစ်သားကြီးကိုတောင်
အဲဒီစာအုပ်တွေ ဖတ်ပြီး
နောက်တစ်ခေါက် ပြန်ဝင်မလာဖို့ 
သေချာသွားစေခဲ့ကြတယ်

လူကြမ်းကြီးများစွာကို
ယဉ်ကျေးသွားစေခဲ့တဲ့ ဗေဒါပျံတွေပါ

အဲဒီလိုအံခဲထားတဲ့ဗေဒါပျံတွေရဲ့ရနံ့ဟာ
ကမ္ဘာကိုခေါင်းလောင်းထိုးခဲ့ကြ
ခေတ်ကို
တစ်လက်မချင်း တွန်းတင်ရွေ့ယူခဲ့ကြတယ်

ကျနော်တို့  ကြားမှာလည်း
အထဲကပစ္စည်းတွေသိပ်ခေတ်စားတာပေါ့

တချို့ ဧည့်ခန်းမှာ
ကော်ဖီမစ်ခွံနဲ့သီတဲ့ပန်းချီကား
တချို့ ရင်ဘတ်မှာ
ပိုက်အစုတ်နဲ့လုပ်တဲ့ ငှက်ရုပ်
တချို့ ကိုယ်ပေါ်မှာ
ချည်အဟောင်းတွေနဲ့ထိုးတဲ့ရောင်စုံဆွယ်တာ
စသည်ဖြင့်
ကမ္ဘာကျော်တွေထက်ပိုမိုနှစ်သက်စွာ
မြတ်နိုးတန်ဘိုးထားစွာ
နာကျင်စွာ ဆင်မြန်း တွယ်ချိတ်
အိပ်မက်ထဲအထိ ပြပွဲတင်ခဲ့တယ်

ယုံကြည်ချက်ကို သတ်လို့ မရကြောင်း
အသက်အသေခံပြီးသက်သေပြခဲ့ကြတာပါ

နောက်သမိုင်းဆရာရဲ့
စာမျက်နှာအနည်းငယ်အတွက်
ဘဝတွေအများကြီး ပေးချေထားတဲ့
အစတေးခံမျိုးဆက်တွေ

အရုဏ်မလာခင်
ကြိုတင်နီရဲနေတဲ့ သွေးစက်တွေ

အနာဂတ်သာယာဖို့
အာဏာကို
လက်နက်မဲ့တော်လှန်ခဲ့တဲ့ ငြိမ်းချမ်းရေးချိုးငှက်တွေ

မဲမှောင်တဲ့မြစ်ကြမ်းပြင်မှာ
တလက်လက်တောက်ပနေခဲ့တဲ့
ခေတ်သမိုင်ရဲ့ကျောက်မျက်ရတနာတွေ

မျက်ရည်လွယ်တဲ့ ပုလဲမျက်သွယ်တွေ

ခုတော့
လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေပေါ့ဗျာ
ဘာကြောင့်သေမှန်း မသိခဲ့ကြတဲ့ တစ္ဆေတွေပါ

ယောင်ပေပေတစ်ယောက်တလေများ
လမ်းမှာတွေ့  ခဲ့ရင်
စေ့စေ့ကြည့်ပြီးအသက်ကိုခန့်မှန်းလိုက်ပါလေ
လေးဆယ်နဲ့ငါးဆယ်ကြားတွေဆိုရင်တော့
သေချာတယ်
ကျနော်တို့  အထဲက တစ်ယောက်ပဲ
အသက်မသေသေးတဲ့
အစတေးခံမျိုးဆက်ထဲကတစ်ယောက်ပဲဗျ
ကျေးဇူးပြုပြီးပြုံးပြစေချင်တယ်

ပန်းတွေတောင်ကြိုးစားပြီးမှပွင့်ကြရတာပါ

နားလည်မှုနဲ့
လက်သွားတဲ့ခင်ဗျားတို့  မျက်လုံးအရောင်နဲ့
ကျနော်တို့  အမှောင်တွေကိုတွန်းဖွင့်ပေးစေချင်ပါတယ်

ကြိုးစားပြီးပွင့်လာတဲ့
ခင်ဗျားတို့  ရဲ့အပြုံးတစ်ချက်ဟာလည်း
ကျနော်တို့  အသက်ဆက်ဖို့  အတွက်
မရှိမဖြစ်လောင်စာပါ

ဒါဟာ
ရှည်လျားတဲ့ဒီအရေးအသားရဲ့
အပြင်းထန်ဆုံး တောင်းဆိုမှုပါပဲ

ကျနော်တို့  ဟာ
ဘာကိုမှ နာကျည်းမနေကြတော့ပါဘူး

တောင်ပေါ်က အကျမှာ
လူးလဲ ထ ပြီး
ကိုယ့်ဒဏ်ရာကိုယ် လျှာနဲ့လျက်နေတဲ့
တောင်ဆိပ်တစ်ကောင်တလေမြင်ဘူးကြမှာပေါ့
တောင်ကိုလည်းကောင်း
ချောက်ကိုလည်းကောင်း
ချောင်းနေခဲ့တဲ့ သားရဲများကိုလည်းကောင်း
စိုးစဉ်းမျှ မတွေးမိတော့တဲ့
မေ့လျော့ကြောင်ကန်းမှုမျိုးနဲ့ ဆိုပါတော့

ဒါဟာ
အသက်မသေတာကိုဝမ်းမသာနိုင်ကြတဲ့
လေးဆယ့်ငါးနှစ်အရွယ် လူငယ်တွေအကြောင်း
ကျနော်စာလုံးပေါင်းခဲ့သမျှပါပဲလေ...။ ။

လေးစားကျေးဇူးတင်လျက်
.
ကိုဇော်(ကလေးမြို့ )
၂၄ ၁၂ ၂၀၁၅။

No comments:

Post a Comment