Latest News

Wednesday, June 19, 2019

ကိတ်မုန့်လှီးသံ တိုးတိုးလေး ကြားတယ်


လမ်းမီးတွေ မမှိတ်သေးချိန်
မနက်စောစော ဆွမ်းကပ်ဖို့ ပြင်ဆင်ထားတာတွေ အကုန်
ထောက်လှမ်းရေးက သိမ်းလိုက်တယ်။
ဒီဆွမ်းကပ်ပွဲ ဘယ်သူတွေ စီစဉ်လဲ
ထင်သူတွေအကုန် တညအိပ်ခေါ်ထားတယ်။

ထောင်နံရံဘေး ကျောကပ်
တယောက်ချင်း တိုးတိုးသက်သာ ဆုမွန်တောင်းကြတယ်။
ထောင်ဝင်စာတွေစုပေါင်း တယောက်တဇွန်းခပ်ရင်း
မျက်လုံးတွေက အရှေ့အနောက် ဝဲယာကြည့်
မွေးနေ့ရှင်မဲ့ မွေးနေ့ပွဲတွေ
ချစ်ခြင်းမေတ္တာကို အဲ့သလို သက်သေထူခဲ့တယ်။

မြန်မာနိုင်ငံအမျိုးသမီးများနေ့ လို့
ဖိနှိပ်မှုတွေကြားက ခပ်မာမာပဲအပေါ်ဆုံးမှာ စာတန်းထိုးတယ်။
အဲဒီစာတန်းအောက် နာမည်နဲ့ မွေးနေ့ကို ကပ်လိုက်တယ်။
ဒီဆိုင်းဘုတ်နဲ့ မွေးနေ့ပွဲကို
ထောင်တန်းမကြောက် တက်ရောက်ခဲ့သူတွေရှိတယ်။

ပျော်ရွှင်ကျန်းမာပါစေ ဆုတောင်းသံတွေ ပိုပိုကျယ်လာတဲ့အတွက်
ဝမ်းသာမိပါတယ်။
အောင်သပြေရွာက ဒေါ်အေး ငိုသံကိုတော့ ကြားစေချင်သေးတယ်။
မွေးနေ့ ကိတ်ခွဲချိန် လက်ခုပ်သံတွေ ပိုပိုကျယ်လာတဲ့အတွက် ၀မ်းသာမိပါတယ်။
ဘာမဆိုင်ညာမဆိုင် ချင်းပြည်နယ်ထိ စစ်ဘေးရှောင်တွေ ပြေးလာတာကို သိစေချင်သေးတယ်။

စကားပြောသံ လူလုံးပြသံတွေကြားမှာ
ကိတ်မုန့်လှီးသံတိုးတိုးလေးကြားတယ်။
ငိုရှိုက်သံ သဲ့သဲ့ ကြားတယ်။
တိုင်တည်သံတွေ တီးတိုးကြားတယ်။
ကျမလဲ တိုးတိုးလေး ပြောပြချင်နေတယ်။
ပြည်သူတွေကို ပြည်သူတွေလိုမြင်ဖို့
လူကို လူလိုမြင်ဖို့ လိုလားမိနေတယ်ဆိုတာပါပဲ။

ကိတ်မုန့်လှီးသံ တိုးတိုးလေး ကြားတယ်။

(အောင်သပြေရွာက ဒေါ်အေး = မိမိပိုင်မြေကို ခြံစည်းရိုးခတ်သဖြင့် တရားစွဲဆိုခံရသူ။ ၄င်းအမှုဖြင့် သားဖြစ်သူ ညှင်းပန်းနှိပ်စက်ခံရပြီး ထောင်တွင်းမှာသေဆုံးခဲ့ရသူ)
ခင်မင်းဇော်
၁၉ ဇွန် ၂၀၁၉

No comments:

Post a Comment