Latest News

Thursday, April 25, 2019

မဖြောင့်တန်း နိုင် ရှာတော့မည့် White Elephant ခါးပါတ်လမ်း


နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဘီဂျင်းသို့ ရောက်ရှိသွားပြီ ဆိုတာက လွဲလို့ဒီနေ့ မနက်အထိ တရားဝင် ထုတ်ပြန်ချက် ဘာသတင်းမှ ဘီဂျင်း ကနေထွေက်ပေါ်လာခြင်း မရှိသေးပါဖူး၊

သို့သော် တရုတ် သမ္မတ လွန်စွာ အားထားနေတဲ့ Belt and Road Initiative (BRI) ကြီး စတင် ဖြစ်ပေါ်လာပုံ နဲ့ ယခုအချိန်ထိ ထင်သလို ဖြစ်မလာခဲ့ရတဲ့ အကြောင်းကို အခုလို White Elephant ကြီး လို့ ကယ်လီဖိုနီယား ရှိ Claremont McKenna College မှ ပါမောက္ခ Minxin Pei က အခုလို Nikkei Asian Review မှာ အသေးစိတ် သုံးသပ်ထားပါတယ်။ ၎င်းသည် "China's Crony Capitalism" (2016) စာအုပ်ကို ရေးသားပြုစု ထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။

ဆင်ဖြူကြီး White elephant ဆိုသည်ကို မြန်မာလို အနီးစပ်ဆုံး ပြန်ရမည်ဆိုက စားရမှာလည်း သဲနှင့် ရှပ်ရှပ် ပြစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း လို့ အဓိပ္ပါယ် ရပါတယ်။

ဘီဂျင်းသည် အာရှ နှင့် ဥရောပ ကို ချိတ်ဆက်ပေးနိုင်မယ့် အခြေခံ အဆောက်အအုံ များ ဖေါ်ဆောင်ရေး အတွက် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း Belt and Road Initiative (BRI) ကို ၂၀၁၃ ခုနှစ် အတွင်းက စတင်ချပြလာခဲ့ပါတယ်။ အဆိုပါ စီမံကိန်း တွင် မဟာဗျုဟာ သဘောအရ ရော စီးပွားရေး ရှု့ထောင့်အရ ပါ အလွန်ကို ခရီးပေါက်နိုင်တဲ့ စီမံကိန်းမျိုးလည်း ဖြစ်ပါတယ်။

ပြည်တွင်း မှာ ကြီးမား ကျယ်ပြန့်လှတဲ့ အခြေခံ အဆောက်အအုံ ပရိုဂျက်များ တည်ဆောက်ရေး မှာ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီး ဖြစ်တဲ့ တရုတ်နိုင်ငံအဖို့ ကမ္ဘာအဆင့်မီ အင်ဂျင်နီယာ အတတ် နဲ့ ဆောက်လုပ်ရေး နည်းပညာ များ လည်း ပိုင်ဆိုင်လာနိုင်ခဲ့ပါတယ်။ ထို့အပြင် ဘီဂျင်း၏ ဘဏ္ဍာတိုက်တွင်လည်း နိုင်ငံခြား အရံငွေများ နဲ့ ပြည့်လျံလို့နေပါတယ်။ (၂၀၁၂ အကုန်ပိုင်းတွင် ၃.၂ တြီလီယံ ဒေါ်လာ ရှိနေတယ်လို့ သိရပါတယ်)၊ ထိုကဲ့သို့ တောင်လို ရာလို ပုံနေသည့် ငွေများ ကို အတိုးနှုန်း နည်းသည့် အမေရိကန် ငွေချေးစာချုပ်များ ၀ယ်ယူထားမည့်အစား အချို့တ၀က်ကို ပိုပြီး အကျိုးအမြတ်ရှိမယ့် လမ်း တံတား ဆိပ်ကမ်းများ မှာ ရင်းနှီးမြုပ်နှံနိုင်တယ် ဆိုတာ သိမြင်လာကြပါတယ်။

ထို့အပြင် ဘီဂျင်း တွင် ခေါင်းခဲစရာ ပြဿနာ တွေက ရှိနေပြန်ပါတယ်။ အဲ့တာကတော့ လမ်း တံတား တည်ဆောက်ရေးမှာ မပါမဖြစ်တဲ့ သံမဏိ နဲ့ ဘိလပ်မြေ တွေ အလွန်အကျွံ ထုတ်လုပ်ခဲ့မှု ပဲ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ဖြစ်တဲ့ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းမျိုး တွေ အကောင်အထည် ဖေါ်ပြီး ငွေကြေး ထောက်ပံ့မှု လုပ်သွားနိုင်မည် ဆိုက ပြည်တွင်းတွင် ပိုလျံနေသော သံမဏိ နဲ့ ဘိလပ်မြေများ ကို တရုတ် ကုမ္ပဏီ တွေ ၀ယ်ယူ သုံးစွဲလာကြမှာ ဖြစ်တယ်လို့ တွေးဆခဲ့ကြပါတယ်။

ဘူမိ နိုင်ငံရေး အနေအထားအရ ကြည့်ပြန်ရင်လည်း လွန်စွာမှ အသုံးတည့်တဲ့ စီမံကိန်းမျိုး ဖြစ်နေပြန်ပါတယ်။ အာရှ နှင့် ဥရောပ နိုင်ငံများကို လမ်း ဆိပ်ကမ်း များ မှတဆင့် တရုတ် နှင့် ဆက်သွယ်ပေးခြင်းဖြင့် ကမ္ဘာရဲ့ ကူးသန်း ရောင်းဝယ်ရေး ကို လမ်းသစ် ထွင်နိုင်မယ့် အပြင် သြဇာလွှမ်းမိုးလာနိုင်ဖို့လည်း ရှိနေပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ လုပ်ငန်းများ သွက်သွက်လက်လက် စနိုင်တာ မတွေ့ခဲ့ရပါဖူး။ ထို့အတွက် တရုတ် ခေါင်းဆောင်များက နှစ်ဆတိုးပြီး ကြိုးပမ်းသွားဖို့ ဆုံးဖြတ်လာပုံရပါတယ်။

တရုတ် သမ္မတ စီရှင်ပင့်က ၂၀၁၇ မေလ ၁၄ နဲ့ ၁၅ ရက်နေ့မှာ အဆိုပါ စီမံကိန်းကြီး နဲ့ ပါတ်သက်ပြီး နိုင်ငံအကြီးအကဲ အတော်များများ ကို ဘီဂျင်းသို့ ဖိတ်ခေါ်ပြီး ထိပ်သီး အစည်းအဝေး သဘောမျိုး ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်၊ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံအကြီးအကဲ ၂၈ ဦး၊ နိုင်ငံပေါင်း များစွာ မှ ကိုယ်စားလှယ် ၁၅၀၀ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့မှောက်မှာ လာမည့်နှစ်များ အတွင်း တရုတ် ဖွံ့ဖြိုးမှု ဘဏ်များမှာ ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် အထိ ထပ်မံ ထည့်ဝင်သွားမယ်လို့ စီရှင်ပင့်က ကတိပြုလိုက်ပါတယ်။

တရုတ်ဘဏ်များ မှ ၂၀၁၆ အကုန်ပိုင်း အထိ ရပ်ဝန်း နဲ့ ပိုးလမ်းမ စီမံကိန်းကြီး အတွက် ဒေါ်လာ ၂၈၄ ဘီလီယံ ထုတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုး မှာ နောက်ထပ် ဘီလီယံ ၁၀၀ ခန့် ထပ်မံ ထည့်ဝင်သွားမယ်လို့ ကတိပေးလာတာ ကို ကြည့်ရင် ရလာဒ်တွေက ထင်သလောက် ဖြစ်မလာပဲ သံသယ ရှိမှုများ နဲ့ အတူ စွန့်စားပြီး လုပ်ဆောင်ရမယ့် အနေအထား တွေ တွေ့လာရပေမယ့် မိမိတို့ မဖြစ်မနေ ဆက်လုပ်သွားမယ်ဆိုတဲ့ သံဓိဠာန် ချထားတယ်ဆိုတဲ့အကြောင်း ပြချင်တာ သက်သက်လို့ ယူဆရပါတယ်။

သံသယ ရှိလာသည့် လက္ခဏများ

ပထမအကြိမ် ထိပ်သီး ဆွေးနွေးပွဲမှာပင် သံသယ ရှိမှု တွေက ထင်သာ မြင်သာ နေပါတယ်။ အနောက်နိုင်ငံများ ဖက်က တက်ရောက်လာသူတွေထဲမှာ ၀န်ကြီးချုပ် အဆင့် ရှိသူ ဆိုလို့ အီတလီ ၀န်ကြီးချုပ် ပါလို ဂျင်တီလိုနီ မှ လွဲ၍ ကျန် နိုင်ငံများကတော့ အငယ်တန်း ၀န်ကြီး အဆင့် နဲ့ အချို့နိုင်ငံများက အရာရှိ အဆင့်လောက်သာ စေလွှတ်ခဲ့ကြပါတယ်။ အိန္ဒိယ ဆိုပါက ကိုယ်စားလှယ် အဖွဲ့ပင် စေလွှတ်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ အီးယူ အဖွဲ့ကြီး ဆိုက အစည်းအဝေးမှာ တရုတ် အဆိုပြုလာတဲ့ အဆိုပါ စီမံကိန်း နဲ့ စပ်လျင်းသော ကုန်သွယ်ရေး လုပ်ငန်းများ အပေါ် ကြေငြာချက် ထုတ်ခဲ့တာကို မထောက်ခံခဲ့ပါဖူး၊ ကြေငြာချက် စာသားများ တွင် ပွင့်လင်း မြင်သာမှု မတွေ့ရခြင်း နဲ့ ကန်ထရိုက် သဘောတူညီမှုများ အပေါ် မည်သို့ စီမံခန့်ခွဲသွားမည် ဆိုသည့် စည်းမျဉ်းများ အပေါ် ကတိက၀တ် ပြုထားမျိုး မတွေ့ရခြင်းများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေက သာ ဆန့်ကျင်ခဲ့ကြပေမယ့် တရုတ် တွင် သူ့ပရိဿတ် နဲ့ သူ ရှိနေပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေတဲ့ နိုင်ငံ ခေါင်းဆောင် အချို့လည်း ပါဝင်နေပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ဟန်ဂေရီ ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်း၊ ဖီလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၊ ပိုလန် ၀န်ကြီးချုပ် ဘီယာတာ ဆစ်ဒလို၊ တူရကီ သမ္မတ ရီဆက် တေယစ် အာဒိုဂန် တို့ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံး ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း နဲ့ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများမှ ခေါင်းဆောင်များ အားလုံးနီးပါးလို ရောက်မလာခဲ့တဲ့ တာကို ကြည့်မယ်ဆိုရင် ရပ်ဝန်း နဲ့ ပိုးလမ်းမ စီမံကိန်းကြီး ရဲ့ နောက်ကွယ်မှာ ၀ါဒရေးရာ ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ ကို ထင်ဟပ် ပြသနေပါတယ်။ စစ်အေး တိုက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တသွေးတမံ တမိန့် နဲ့ အုပ်ချုပ်တဲ့ နိုင်ငံကြီးတခုမှ သြဇာအာဏာ ကြီးမားလာမှု နှင့်အတူ ပထမဆုံး အကြိမ် ချပြလာတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု မဟာ အစီအစဉ်သစ်ကြီးဟု ရှု့မြင်ခဲ့ကြတာကြောင့်လည်း ဖြစ်ပါတယ်။

တရုတ် အနေနဲ့ ထိုသို့ အုပ်ချုပ်မှုကြောင့် ရလာခဲ့တဲ့ စီးပွားရေး အသီးအပွင့်များ ဆိုပြီး ကမ္ဘာအလယ်မှာ ချပြလာမှာကို ခွင့်ပြုသလို ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်နေသူတွေ စိတ်ပျက်သွားစေမယ့် အကြောင်းအရာ တွေ ပေါ်ပေါက်လာနေခဲ့ပြီလည်း ဖြစ်ပါတယ်။ စာရွက်ပေါ်မှာတော့ ယင်းစီမံကိန်းကြီးကား လွန်စွာ ထူးချွန်ပြောင်မြောက်စွာ တွေးခေါ်ချပြခဲ့တာလို့ ထင်စရာ ရှိပေမယ့် လက်တွေ့မှာတော့ သမိုင်းတွင် အကြီးမားဆုံးသော ဆင်ဖြူကြီး ဖြစ်သွားဖို့ များနေပါတယ်။


ထိုသို့ မြင့်မြင့်မားမား ရှု့မြင် အကောင်အထည် ဖေါ်လာခဲ့ရာမှာ တရုတ် ခေါင်းဆောင်တွေရဲ့ အကြီးမားဆုံး အမှားကတော့ ဘီဂျင်း အနေနဲ့ တနှစ်ဆိုသော တိုတောင်းတဲ့ အချိန်အတွင်း ဒေါ်လာ တစ် တြီလီယံ လောက် အခြေခံ အဆောက်အအုံတွေ အပေါ် သုံးစွဲနိုင်ခဲ့တဲ့ အနေအထား ကို ပြည်ပနိုင်ငံများက အလားတူ လိုက်သုံးစွဲနိုင် လိမ့်မယ်လို့ ယူဆခဲ့ကြတာပဲ ဖြစ်ပါတယ်။

သို့သော် တရုတ်ပြည်ကဲ့သို့ နိုင်ငံရေးအရ တည်ငြိမ်တဲ့ အနေအထားမျိုး ကို ပါဝင်ကြမယ့် နိုင်ငံ အတော်များများ မှာ ရှိမနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း ရှိ ပြင်းထန်လှသော လူမျိုးရေး ပဋိပက္ခ နှင့် အကြမ်းဖက်မှုများက နိုင်ငံ လုံခြုံရေးကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်သည့် အဆင့် မရှိပေ။ အဆိုပါ ပြဿနာများက ရှင်ကျန်း ပြည်နယ်ထဲတွင်သာ ရှိနေခြင်းလည်း ဖြစ်ပါတယ်။ သို့သော် အာရှ အလယ်ပိုင်း နှင့် တောင်အာရှ ရှိ နိုင်ငံများတွင်တော့ အခြေခံ အဆောက်အအုံ များ တည်ဆောက် ထိမ်းသိမ်းသွားနိုင်ဖို့က အန္တရာယ်များ ၀ိုင်းရံနေပါတယ်။

ထို့အပြင် တရုတ် အနေနဲ့ နိုင်ငံတွင်းရှိ မြေများကို စိတ်ကြိုက်သိမ်းယူပိုင်ခွင့်ရှိပြီး ထိုမြေများပေါ်တွင် နေထိုင် လုပ်ကိုင် စားသောက်သူများကို လျော်ကြေးဟူ၍ မယ်မယ်ရရ မပေး၊ တရားရုံးများ ၊ မီဒီယာ များ နဲ့ အတိုက်အခံ ပါတီများ၊ လူထုရဲ့ အကြမ်းဖက် ဆန္ဒပြခြင်း မျိုးများ ဖြင့် ၀င်ရောက် စွက်ဖက်မည်ကိုလည်း စိုးရိမ်စရာ မလိုပဲ နှင်ထုတ်နိုင်ခွင့် ရှိနေပြန်ပါတယ်။ (ထိုသို့ ဖြစ်ရပ်များ ရှိခဲ့သော်လည်း နှိပ်ကွပ်နိုင်စွမ်း က အမြဲလို ရှိနေခဲ့ပါတယ်)။ အခြား နိုင်ငံများ တွင်တော့ မြေယာ များကို သိမ်းယူဖို့ တန်ဖိုးကြီးကြီး ပေးခဲ့ရစမြဲ ဖြစ်ပါတယ်။ ဒါကတော့ အချိန် အတိုင်းအတာ နဲ့ ပေးရတဲ့ လျော်ကြေး ပမာဏ တွေပဲ ဖြစ်ပါတယ်။ ထိုနိုင်ငံများ ရှိ အစိုးရများက တရုတ်ကို နမူနာယူပြီး လုံလောက်တဲ့ လျော်ကြေး မပေးပဲ နှင်ထုတ်ခဲ့ကြမယ် ဆိုရင် ဆန့်ကျင်မှုတွေ အပြင်းအထန် ရင်ဆိုင်ကြရဖို့ ရှိနေပါတယ်။ ၂၀၁၇ ဇန်န၀ါရီလအတွင်း သီရိလင်္ကာ အစိုးရမှ တရုတ်ငွေကြေး ပံ့ပိုးမှု နဲ့ အကောင်အထည် ဖေါ်ဖို့ ရှိနေတဲ့ စက်မှု ဇုန် တည်ဆောက်ရေး အတွက် ပုဂ္ဂလိက ပိုင် မြေကို သိမ်းယူဖို့ ကြိုးစားခဲ့ရာ အဓိကရုဏ်းတွေ ဖြစ်လာခဲ့ပါတယ်။

တရုတ်က စီမံကိန်း များ ကို ၎င်းတို့ အထောက်အပံ့နဲ့ အကောင်အထည် ဖေါ်ရမှာ ဖြစ်လို့ ကန်ထရိုက် သဘောတူညီချက်များ ရေးဆွဲရာတွင် ၀င်ရောက်ထိမ်းချုပ် နိုင်ခွင့် ရှိတယ်လို့ ယူဆထားမှုတွေလည်း ရှိနေပြန်ပါတယ်။ လုပ်ငန်းများ အကောင်အထည် ဖေါ်ရာမှာ တရုတ် ပစ္စည်းများ နဲ့ ဆောက်လုပ်ရေး ကုမ္ပဏီများကို အသုံးပြုရမယ်လို့ တောင်းဆိုလာနိုင်စွမ်း ရှိနေပါတယ်။ ဒါကို တရုတ်ခေါင်းဆောင်တွေ သိထားသင့်ပါတယ်။ စီမံကိန်း အများ စုကို အကောင်အထည် ဖေါ်ဖို့ ရှိနေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဆိုပါ လုပ်ငန်းများ အား ကန်ထရိုက် ချပေးရာ၌ အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်ဖို့ အခွင့်အရေး ကောင်းတွေ ဖန်တီးပေးသလို ဖြစ်လာခဲ့ရပါတယ်။

အစ ကောင်းခဲ့သော်လည်း

တရုတ် အနေနဲ့ ၎င်းတို့ ပစ္စည်းများ ကုမ္ပဏီများ ကို သုံးစွဲဖို့ တောင်းဆိုခဲ့ခြင်းသည် အရည်အသွေး ကောင်းမွန်ရေး နဲ့ အချိန်နှင့် တပြေးညီ ရရှိရေး ဆိုတဲ့ စီးပွားရေး အကြောင်း များကြောင့်သာ ဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုခဲ့ပါတယ်။ သို့သော် အခြားနိုင်ငံများရှိ အာဏာရ အခွင့်ထူးခံ လူတန်းစားများ သည် အဆိုပါ အခွင့်အရေး ကို အဘယ်ကြောင့် လက်မခံနိုင် ဖြစ်နေကြရပေသနည်း။ ၎င်းတို့အဖို့က စိတ်ကြိုက် ဆောက်လုပ်ရေး ကုမ္ပဏီ များ နဲ့ ပစ္စည်းများကို ရွေးချယ်ခွင့်ရအောင် မဆုပ်မနစ် ပြောလာကြဖို့ ရှိပါတယ်။ ထိုသို့ခွင့်ပြုမည်ဆိုက တရုတ်တို့အဖို့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ပိုလျံ ထုတ်ကုန် များ ကို သုံးစွဲနိုင်ခွင့် ဆုံးရှုံးသွားမယ့် အပြင် အကျင့်ပျက် လာဒ်စားမှုများ၊ အရည်အသွေး ညံ ပစ္စည်းများ နဲ့ ဘဏ္ဍာရေး မှာ ဆုံးရှုံးမှုတွေ သေချာပေါက် ဖြစ်လာတော့မှာ မလွဲဧကန် ဖြစ်ပါတယ်။

နောက်ဆုံး အချက် တင်ပြရမည်ဆိုက တရုတ် နိုင်ငံ သည်သာ ၎င်းတို့ရဲ့ လျင်မြန်စွာ ကြီးထွားနေတဲ့ စီးပွားရေး တိုးတက်မှု များကြောင့်သာ ချေးငွေများ မြင့်မားလာနေရခြင်းကို ခံနိုင်ရည်ရှိပြီး တည်ဆောက်ဖို့ ရှိနေတဲ့ အခြေခံ အဆောက်အအုံများ မှ အကျိုး အမြတ် တွေ ကာမိသည်အထိ စောင့်နေနိုင်စွမ်း ရှိပါတယ်။ သို့သော် နိုင်ငံများ အနေနဲ့ တရုတ် နိုင်ငံမှ ချေးငွေများ အလွန်အကျွံ ချေးငှားပြီး BRI စီမံကိန်းများ အတွက် ငွေကြေး ထောက်ပံ့လုပ်ကိုင်ကြသည် ဆိုစေဦး ချေးထားသော ငွေများ ကို အတိုးအရင်းပါ အချိန်မီ ပြန်ဆပ်လာနိုင်မယ်လို့ ယူဆခြင်းသည် အကောင်းမြင်ရာ ကျလွန်းနေပါတယ်။ အချို့ နိုင်ငံများ ဆိုက အတော်ကို ဆင်းရဲလွန်းလှတဲ့ အတွက် ကြီးမားလှတဲ့ စီမံကိန်းကြီး တွေ အကောင်အထည် ဖေါ်ဖို့ လိုအပ်နေတဲ့ များပြားလှတဲ့ ငွေ ပမာဏာ ကို ချေးငှားနိုင်စွမ်း မရှိ ဖြစ်နေပါတယ်။

ဥပမာ ပြောရမည်ဆိုက လာအို နိုင်ငံတွင် အမေရိကန် ဒေါ်လာ ခြောက် ဘီလီယံ ခန့် အကုန်အကျခံ ဆောက်လုပ်နေတဲ့ ၄၁၈ ကီလိုမီတာ ရှည်လျားတဲ့ မီးရထားလမ်း ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။ လာအို နိုင်ငံသည် တနိုင်ငံလုံး အသားတင် ကုန်ထုတ်လုပ်မှု GDP ပမာဏ ဒေါ်လာ ၁၂ ဘီလီယံသာ ရှိသေးတဲ့ ဆင်းရဲလှတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အချို့ နေရာများမှာ စီးပွားရေး တိုးတက်မှု အားနည်းနေတာကြောင့် အကောင်အထည် ဖေါ်ခဲ့တဲ့ စီမံကိန်းများ က တွက်ခြေမကိုက် ဖြစ်လာခဲ့ရတဲ့ အတွက် တင်ရှိတဲ့ အကြွေးကို ပြန်မဆပ်နိုင်တော့တဲ့ အနေအထား ရောက်လာခဲ့ရပါတယ်။ ထိုအခါမျိုး မှာ တရုတ် အဖို့ ကြွေးမြီတွေ ပြန်မရတော့တဲ့ အပြင် ကြွေးတင်နိုင်ငံ နဲ့ပါ ဆက်ဆံရေး အခြေအနေ ဆိုးဝါးလာရပြန်တဲ့ အတွက် နှစ်ဖက်စလုံး အကျိုးမရှိတဲ့ အရှုံးနဲ့သာ ရင်ဆိုင်လာရဖို့ ရှိပါတယ်။

တရုတ် အနေနဲ့ ကြွေးတင် နိုင်ငံများ အပေါ် သြဇာ သက်ရောက်နိုင်တဲ့ အနေအထားကလည်း အကန့်အသတ် နဲ့ ပဲ ရှိတာကြောင့်လည်း ၎င်းတို့ရဲ့ ဘီလီယံ ပေါင်းများစွာ တန်တဲ့ ချေးငွေ တွေ အတွက် မဖြစ်စလောက်သာ ပြန်ရနိုင်မယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်။ တရုတ် အခွန်ထမ်း ပြည်သူတွေ အပေါ်လည်း မတရားရာ ကျနေပါတယ်။ တရုတ်ထံမှ ငွေများ ချေးယူခဲ့တဲ့ အစိုးရတွေ အနေနဲ ပိုဆိုးတဲ့ အဖြစ်တွေ ရင်ဆိုင်လာရဖို့ ရှိနေပြန်ပါတယ်။ ကြွေးမဆပ်နိုင်တဲ့ နိုင်ငံများ အဖို့လည်း တရုတ် ကြွေးမြီများကို ပြန်မဆပ်နိုင်တဲ့ အဖြစ်ကြောင့် နိုင်ငံတကာ ငွေချေးဈေးကွက်တွေမှာ နာမည်ပျက် စာရင်းဝင်သွားပြီး ချေးငှားလို့ မရနိုင်တော့တဲ့ အဖြစ် ရောက်ရှိသွားနိုင်ပါတယ်။

ယခုလို စီးပွားရေး အခြေခံ သဘောတရားတွေ ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိလာနေတာကြောင့် တရုတ်မှ မည်မျှ ပင် ၀ါဒဖြန့်မှုတွေ ရှိနေပေမယ့် ၎င်းတို့ရဲ့ BRI စီမံကိန်းများသည် ယခုထိ အတော်အသင့်သာ တိုးတက်မှုတွေ ရခဲ့ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ရဲ့ စာရင်းဇယားများအရ ၂၀၁၄ နောက်ပိုင်း စိတ်ဝင်စားတဲ့ နိုင်ငံများ လက်မှတ်ရေးထိုးခဲ့တဲ့ ကန်ထရိုက် ပမာဏ စုစုပေါင်းသည် ဒေါ်လာ ၃၀၄.၉ ဘီလီယံသာ ရှိသေးတယ်လို့ သိရပါတယ်။ သို့သော် အဆိုပါ ကန်ထရိုက် လုပ်ငန်း အတော်များများသည် တရုတ်ရဲ့ BRI စီမံကိန်း နဲ့ ဆက်စပ်မှု မရှိသေးတာကြောင့် တရုတ်ရဲ့ BRI အပေါ် သုံးစွဲငွေ ပမာဏ သည် ဒီထက် အများကြီး လျော့နည်းဖို့ ရှိနေပါတယ်။

ထိုသို့ ဖြစ်လာနေမှုများသည်ပင် တရုတ် အဖို့ အဆိုးထဲက အကောင်းလို့ ပြောဖို့ ဖြစ်လာခဲ့ရပါတယ်။ အဆိုပါ စီမံကိန်းများ စတင် ချပြလာသည့် ၂၀၁၃ နောက်ပိုင်းမှာ တရုတ်၏ စီးပွားရေးသည် အခြေအနေ ဆိုးလာခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းတွင် ရင်းနှီးမြုပ်နှံထားတဲ့ ငွေများ ပြန်လည် ထုတ်ယူနေမှုများကြောင့် နိုင်ငံခြား အရံငွေ ပမာဏ သည် ဒေါ်လာ သုံးတြီလီယံ အောက် အထိ ထိုးဆင်းသွားခဲ့ပါတယ်။ ထို့အတွက် စီမံကိန်း များ ကို ငွေကြေး ပံ့ပိုးနိုင်မယ့် အနေအထား လျော့နည်းလာနေပါတယ်။ တရုတ် ပြည်တွင်း ချေးငှားလာတဲ့ ပမာဏ သည်လည်း သိသိသာသာ ကို မြင့်တက်လာနေရပြန်ပါတယ်။ ထို့အတွက် ဖြစ်ပေါ်လာဖွယ် ရှိနေတဲ့ ဘဏ္ဍာရေး အကျပ်အတည်းကြီးကို ရှောင်လွှဲနိုင်ဖို့ တရုတ် အနေနဲ့ ရှိသမျှ ဓန အင်အားကို အသုံးပြုဖို့ လိုအပ်လာနေပြီ လည်း ဖြစ်ပါတယ်။

ထို့အတွက် ဒီနေ့ စတင်မယ့် ဒုတိယအကြိမ် ဖိုရမ်မှာ တရုတ်တို့ အဖို့ ပြန်လည် ချိန်ဆထားတဲ့ ဗာရှင်း အသစ် ကို တင်ပြဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
လှစိုးဝေ


No comments:

Post a Comment