ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့်
မုန်တိုင်းငယ်ကြောင့် အပူချိန်များလျော့နည်းကျဆင်းလာမည်ဟု
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်း
ရန်ကုန် ဧပြီ ၂၅
ယခုနှစ် ဧပြီလနောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်ကာ မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောဆိုထားပြီး အဆိုပါ မုန်တိုင်းငယ် ၏ အရှိန်ကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဧပြီလနောက်ဆုံးပတ်မှ မေလဆန်းအတွင်း မိုးရွာသွန်းမှုများ ဖြစ်ပေါ် နိုင်သည့်အတွက် လက်ရှိဖြစ်ပေါ်နေသည့် အပူချိန်များ လျော့နည်းကျဆင်းသွားမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
"ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်လောက်က လေ့လာ ကြည့်လိုက်တော့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထုမငြိမ်မသက်ဖြစ်နေတယ်။ ပြီးရင်မုန်တိုင်းငယ် တစ်ခုဖြစ်လာနိုင်တဲ့ အနေအထားတွေ့ရတယ်။ အဲဒီမုန် တိုင်းဟာ အဓိကက ရခိုင်ပေါ့၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ် ကို ဝင်မယ်လို့ ခန့်မှန်းရတဲ့အတွက် ဝင်မယ်ဆိုရင် ဧပြီ ၃၀ ရက်ကနေ မေ ၅ ရက်၊ ၆ ရက်အတွင်း မိုးရွာဖို့ရှိတယ်။ အဲဒီအခါကျရင် မြန်မာနိုင်ငံအောက်ပိုင်းတွေမှာ မိုးရွာမှာ ဖြစ်တဲ့အတွက် အပူချိန်တွေကျသွားမယ်။ လောလော ဆယ် အဲဒီတစ်ခုတော့ အပူချိန်ကျဖို့ မျှော်လင့်စရာ ရှိတယ်"ဟု မိုးလေ၀သပညာရှင် ဆရာကြီး ဦးထွန်းလွင် က ပြောသည်။
လက်ရှိအခြေအနေတွင် မုတ်သုံလေဦးသည် အီကွေတာအနီးနှင့် တောင်ဘက်တွင် ရှိနေခြင်း၊ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်တွင် မုန်တိုင်းများအဖြစ် နည်းနေခြင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသများ၊ မြေလတ်ပိုင်းဒေသများနှင့် တောင်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုနည်းပြီး ဧပြီ ၂၈ ရက်မှ ၂၉ ရက်အထိ အပူချိန် ဆက်လက်မြင့်တက်နိုင်ကြောင်း ဆရာကြီး ဦးထွန်းလွင်ထံမှ သိရသည်။
"ခရမ်းလွန်ရောင်ခြည်မြင့်တက်တဲ့အတွက် အပူ ခံစားရမယ်။ ရောဂါရမယ်။ လူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိ တာထက် အပူကိုခံစားရရင် အသက်အန္တရာယ်ရှိတယ်။ ဒါကြောင့် ညွှန်ကြားချက်တွေ၊ ထုတ်ပြန်ချက်တွေအတိုင်း လိုက်နာကြပါ။ နေထိုင်ကြပါ။ ဒီလကုန်မှာ မျှော်မှန်းထား တဲ့ မုန်တိုင်းငယ်ဖြစ်လာရင်တော့ မိုးရွာပြီဖြစ်တဲ့အတွက် ပုံမှန်ပြန်ဖြစ်သွားမှာပါ"ဟု ၎င်းက ပြောသည်။
ထို့ပြင် မိုးရွာသွန်းမှုအခြေအနေနှင့်ပတ်သက်၍ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ တနင်္သာရီ တိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ် အစရှိသည့် ဒေသတချို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း ဆရာကြီး ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။
မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအများစုတွင် ဧပြီလ၏ ပုံမှန်အပူချိန်ထက်ပိုမိုပူပြင်းနေပြီး လတ်တလောကာလ ဧပြီ ၂၄ ရက်နေ့ တိုင်းထွာချက်များအရ ဘီးလင်းမြို့၏ အပူချိန်သည် ၄၀ ဒသမ ၆ ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိ ခဲ့ပြီး လွန်ခဲ့သည့် ၅၄ နှစ်တာကာလအတွင်း အမြင့်ဆုံး အပူချိန် စံချိန်သစ်သို့လည်းကောင်း၊ ပုသိမ်မြို့၏ အပူချိန် သည် ၄၁ ဒသမ ၈ ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ၇၃ နှစ်တာကာလအတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်သို့ လည်းကောင်း၊ ဧပြီ ၁၉ ရက်နေ့ တိုင်းထွာ ချက်များအရ အမ်းမြို့၏ အပူချိန်သည် ၄၂ ဒီဂရီစင်တီ ဂရိတ်သို့ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၇ နှစ်တာကာလ အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်သို့ လည်းကောင်း အသီးသီးရောက်ရှိခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
သီသီမင်း
Thursday, April 25, 2019
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်ကြောင့် အပူချိန်များလျော့နည်းကျဆင်းလာမည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်း
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းငယ်ကြောင့် အပူချိန်များလျော့နည်းကျဆင်းလာမည်ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင် ခန့်မှန်း
Reviewed by Ar Ti
on
9:45 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment